Saturday, October 8, 2016

"မရှိတာ သိ အစားထိုးတာ သိ"



************************

သိတဲ့စိတ်လေးကလည်း ရုပ်နှစ်ခု တိုက်မှပေါ်တာနော်။

လူတယောက်ကနေပြီးတော့မှ အိပ်ပျော်နေတာပေါ့။
တယောက်က သူ့ကို သတ်မယ်လို့ လာပြီနော်။
အဲတော့ သတ်မယ်လို့ လာတဲ့အခါ သူ သိပါမလား။
သိတဲ့ စိတ်လေးရှိရင် သူ ထပြောမှာကွဲ့။
သိတဲ့ စိတ်ရှိရဲ့လား။
မသေတာ... သက်စောင့် ဆိုတဲ့ ဘဝင် စိတ်ပဲ ရှိတယ်နော်။

သိတဲ့စိတ်က ထိမှ သိတာ။ မြင်မှ သိတာ...။ ကြားမှ သိတာ။
ပင်ကိုယ် အရှိ ဟုတ်ကဲ့လား။
ထိမှ သိတာနော်။ မြင်မှ သိတာနော်။
ပင်ကိုယ် ရှိတဲ့တရား ဟုတ်ကဲ့လား။
အဲဒါ လေ့လာဖို့ လိုတယ်။

လူတွေက အိပ်လည်း ရှိတယ်။ မအိပ်လည်း ရှိတယ် ယူနေတာပေါ့။
မျက်စိ တမှိတ် လျှပ်တပြက် ကုဋေတစ်သိန်း ဖြစ်တယ် ပျက်တယ်လို့ မဟောဘူးလား။
နဒီသောတော ဝိယ လို့ကော မဟောလား။
မြစ်ရေများ စီးသလို မတန့်စားဘူးပေါ့။

မိုးကုတ်ဆရာတော်ဘုရားကြီးက...
အနိစ္စကိုသိ အစားထိုးတာသိ မဟောဘူးလား။
အသစ် အဟောင်း ပေါ့နော်။
သေသွားပြီး နောက် အစားထိုး မလာဘူးလား။
ပျက်သွားလိုက် အစားထိုးလိုက် မနေဘူးလား။
မရှိတာ အနိစ္စ၊ အစားထိုးတာ သင်္ခါရ လို့ မဟောဘူးလား။
အဲလို စဉ်းစားဖို့ လိုတယ်။ စဉ်းစားကွဲ့နော်။

မကြားစဖူး ကြားဖူးထပ်မံပေါ့...။
အမျိုးသမီးလေးတွေ ညနေကို ဘုရား ကျောင်းကန်ကို သွား
 ရေလှူသွားကြတယ်။
အမျိုးသမီး လေးယောက်ပေါ့။ ဥပမာနော်။
ရှေ့ဆုံး အမျိုးသမီးလေးက အဖြူထည် ဝတ်တာပေါ့။
အင်္ကျီက အဖြူ အောက်က ထဘီက အဖြူပေါ့နော်။
ဒုတိယ အမျိုးသမီးက အဝါပေါ့။
တတိယကနေပြီးတော့ အစိမ်းပေါ့။
စတုတ္ထက အပြာပေါ့။
အရောင်အဆင်း တူရဲ့လား။

အဲဒါ... မိမိက ရပ်ကြည့်နော်။
ရပ်ကြည့်တဲ့အခါ... ဟိုကနေ သွားတဲ့အခါ
ပထမဆုံး အဖြူ မမြင်ရဘူးလား။
ကြည့်တဲ့အခါကျ နောက် အဝါ အစားထိုး မလာဘူးလား။
အဲတော့... အဝါမြင်တဲ့အခါ အဖြူကို မြင်တဲ့ စိတ် ရှိ မရှိ...။
ဘယ်လောက် မြန်သလဲ စဉ်းစားနော်။

လူတွေက ရှိတယ်လို့ မယူဘူးလား။
ရှိတယ်ဆို... အဖြူ မြင်ရမှာပေါ့ကွဲ့။
 အခု မြင်တာ အဝါ။
တော်တုန်းက အဖြူ မြင်တဲ့စိတ် ရှိသေးရဲ့လား။
စဉ်းစားနော်။ အဲလို လေ့လာဖို့ မကောင်းလား။

ကဲ အဝါ မြင်တဲ့ စိတ်ကလေးကလည်း ပျောက်မသွားဘူးလား။
ပျက်မသွားဘူးလား။
နောက် အစိမ်းမြင်တာလေးက အစားထိုး မလာဘူးလား။
အဝါ မြင်တဲ့စိတ် ရှိသေးရဲ့လား။ စဉ်းစား။
အဲလို စိစစ်ဖို့ မကောင်းလား။

နောက် အပြာ ဝင်မလာဘူးလား။
အစိမ်းမြင်တဲ့ သိတဲ့စိတ် ရှိသေးရဲ့လား။
အနိစ္စလို့ မဟောဘူးလား။
မရှိတာသိ အစားထိုးတာ သိ လို့ မဟောလား။
အဲလို စိစစ်ဖို့ ကောင်းတယ်ကွဲ့။
စဉ်းစား စဉ်းစား။

အဲဒီ အသိဉာဏ် မလေ့လာတော့ကာ ...
အဖြူ မြင်တာလည်း ငါ ။ အဝါ မြင်တာလည်း ငါ။
အစိမ်းမြင်တာလည်း ငါ။ အပြာမြင်တာလည်း ငါ။
တစ်စိတ်တည်း နေတော့တာပေါ့။
ပျက်တာ မပါပြီ။
စဉ်းစားဖို့ မကောင်းလား။

ငယ်ငယ်တုန်းကလည်း ငါပေါ့။
 ကျောင်းသား အရွယ်လည်း ငါပေါ့။
လူပျိုကြီး ဖြစ်ပြန်တော့လည်း ငါပေါ့။
အိမ်ထာင်ရက်သားကျတော့လည်း ငါပေါ့။
တငါ တည်း နေတာနော်။
ငါပါလျှင် အရာရာ ရှုပ်ထွေး
သွားလေရာ ဒုက္ခပေးတယ်
ဧည့်သည်ရဲ့ခွေး တဲ့ကွဲ့။

အဲဒီ ငါ မပျောက်လို့ပေါ့။
ငယ်ငယ်တုန်းက စိတ် ရှိ မရှိ။
 စိစစ်ဖို့ မကောင်းလား။
အမျိုးသားလေးပေါ့နော်။
၅-နှစ်/၆-နှစ် အရွယ်လေးပေါ့။ကဲ လုံချည် အသစ်လဲမယ်။
ချွတ်လို့ မပြောရဘူးလား။ အင်္ကျီချွတ် ပုဆိုးတွေ ချွတ်လိုက်ရတာပေါ့။
ချွတ်လို့ အသစ် မဝတ်ရပေဘူးလား။

အခု အသက် ၃၀ ရောက်တော့ကာ
အသစ်လဲအောင် ချွတ်စမ်း လို့ ပြော..
ချွတ်ရဲပါမလား။ ရှက်တယ်လို့ မပြောဘူးလား။
ငယ်ငယ်တုန်းက စိတ် ရှိရဲ့လား။
ဟို ငယ်ငယ်တုန်းက စိတ် မဟုတ်ဘူးကွဲ့။
စဉ်းစားဖို့ မကောင်းလား။
အဲလို လေ့လာဦး။

ဒါကြောင့် အရှိနဲ့ အဖြစ် ပိုင်းခြားဖို့ လိုတယ်နော်။

လူတွေက အသက်ရှိတယ် လိပ်ပြာရှိတယ်လို့ မယူဘူးလား။
အိပ်ပျော်နေတာ ဘဝင်စိတ်ကွဲ့။
သိတဲ့စိတ် ဟုတ်ကဲ့လား။ အဲလို လေ့လာဖို့ လိုတယ်။
ဘဝင်စိတ်က သက်စောင့်လို့ ခေါ်တယ်နော်။
ခန္ဓာကိုယ် မပုပ်အောင် မသိုးအောင်ပေါ့။
အဲဒါ ဘဝင်စိတ်။ အဲလို လေ့လာဖို့ မကောင်းလား။

သိတဲ့စိတ်က ရုပ် နှစ်ခု တိုက်မှ ဖြစ်တာ။
အဲဒါလည်း ကွဲကွဲ ရှင်းရှင်း လင်းလင်း သိဖို့ လိုတာ။
ရုပ်နှစ်ခု တိုက်မှ ပေါ်တာနော်။ စာလိုတော့ အာရုံနဲ့ ဒွါရပေါ့။
နှစ်ခုတိုက်မှ ပေါ်တာ။ ဒါ အဖြစ်တရား လို့ မဟောဘူးလား။
ဪ ရုပ်နှစ်ခု တိုက်မှ ဖြစ်တာကိုး။
ပင်ကို အရှိ ဟုတ်ကဲ့လား။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။

ရှေးတိပ်တရားတော် mc.52မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။

No comments:

Post a Comment