Wednesday, July 8, 2015

သောတာပန်​ ချမ်းသာ

တရားနာတယ်တဲ့၊ တရားအားထုတ်တယ် တရားလေ့လာတယ် ဆိုတာ မိမိခန္ဓာမှာရှိတဲ့တရားနဲ့ အသိဥာဏ်နဲ့ ထပ်သွားဖို့လိုတယ်နော်၊ရှိတဲ့တရားဆိုတာ- အာရုံနဲ့ဒွါရတိုက်ပြီးတော့ ပေါ်လာတဲ့ခန္ဓာငါးပါးကို ပြောတာပေါ့။ ဥာတပရိညာ စာအုပ်မှာ အာရုံနဲ့ဒွါရတိုက်လို့ ပေါ်တဲ့ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုလို့ မပါလား။ အလေးချိန် သုံးဆယ်-လေးဆယ်ရှုရင်မရဘူးပေါ့၊ အလေးချိန်သုံးဆယ်လေးဆယ်ဆိုတာ အဖေမိဘမွေးတဲ့မျက်စိနဲ့မြင်တဲ့ ခြေလက်အင်္ဂါ ကိုယ်ကောင်ကြီးကို ပြောတာနော်။ အဲဒါပညတ်ရုပ်- ပညတ်အာရုံတွေ ကြားလား။ ဝိပဿနာမထိုက်ဘူး- ရုပ်နှစ်ခုတိုက်မှပေါ်တဲ့ ခန္ဓာငါးပါးကို ဖြစ်ပျက်ရှု လို့ဟောတာ၊ စိစစ်ဖို့မကောင်းဘူးလား။
ကဲရုပ်နှစ်ခုမတိုက်ခင်မြင်တဲ့ စိတ်လေး၊ ကြားသိစိတ် ဘယ်ဆီမှာနေတယ်လို့လက်ညှိုးညွှန်ပြခြင်းငှာ ထိုက်ကဲ့လား။ နှစ်ခုတိုက်တော့ပေါ်မလာဘူးလား။ အကောင်အထည်ဟုတ်ကဲ့လား။ အဲသည် မြင်သိစိတ်လေးဟာ ချိန်ကြည့်တစ်ပိဿာရှိတယ်၊ နှစ်ပိဿာရှိတယ်၊ ချိန်လို့ရပါ့မလား။ တစ်ရွေးသားရှိတယ်၊ နှစ်ရွေးသားရှိတယ်၊ ချိန်လို့ရရဲ့လား။ ချိန်လို့မရငြားသော်လည်း သဘောအနေနဲ့မြင်တဲ့စိတ်လေး မထင်ရှားဘူးလား။ ငါမြင်တာလား မြင်သိစိတ်။ ဟော မြင်သိစိတ်လို့မဟောဘူးလား။ မြင်သိစိတ်ဆိုတော့ ငါပါသေးရဲ့လား။ ဒိဋ္ဌိပြုတ်ပြီကွဲ့။ အဲလို စိစစ်ဖို့ မကောင်းလား။ အဲဒါ အလုပ်ပေးတာတွေ အလုပ်ပေးတယ်လို့ မသိကြ။ ဟင် စဉ်းစားဖို့ မကောင်းလား။
သတိပဋ္ဌာန် တရားလေးပါးမှာ စိတ္တာနုပဿနာ သတိပဋ္ဌာန် မဟောဘူးလား။ ကာယာနုပဿနာ၊ဝေဒနာသတိပဋ္ဌာန်၊ဓမ္မာသတိပဋ္ဌာန်လို့ သတိပဋ္ဌာန် တရားလေးပါး။ ဒိဋ္ဌိစရိုက် အားကောင်းတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာရှု မဟောဘူးလား။ ဒိဋ္ဌိစရိုက် အားကောင်းတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာ ရှု။ ရာဂအားကောင်းတဲ့ပုဂ္ဂိုလ် ကာယာနုပဿနာ ရှု။ တဏှာအားကောင်းတဲ့ပုဂ္ဂိုလ် ဝေဒနာနုပဿနာ ရှု။ ပညာအားကောင်းတဲ့ပုဂ္ဂိုလ် ဓမ္မာနုပဿနာ ရှု။
မြင်သိစိတ် ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်၊ ဒါတော့ ဒိဋ္ဌိဘယ်လိုဝင်တာလဲ။ ငါ မြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ ငါထိတယ်၊ ငါသိတာပေါ့။ ဒါတော့ ငါမြင်တာလား၊ မြင်သိစိတ်။ မြင်သိစိတ်ဆိုတော့ ငါပါရဲ့လား။ ဟော ငါမပါ ဘူးကွဲ့။ မြင်သိစိတ်က သက္ကာယ၊ သက္ကာယဘဲဟုတ်တယ် ။ငါမပါဘူး ဒိဋ္ဌိမပြုတ်ဘူးလား။ ငါမြင်တယ် ၊ ငါကဒိဋ္ဌိ ။+မြင်သိစိတ်က သက္ကာယ =သက္ကာယဒိဋ္ဌိဖြစ်ပြီ- မြင်သိစိတ်ဆိုတော့ ငါပါသေးရဲ့လား။ ဒိဋ္ဌိမပြုတ်ဘူးလား။ မြင်သိစိတ် ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်ဆိုတော့ ငါမပါဘူး။ ငါမြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ငါထိတယ်၊ ငါသိတယ်ဆိုရင် သက္ကာယဒိဋ္ဌိဖြစ်ပြီ။
ကဲ မြင်တာ ငါမြင်တာလား မြင်သိစိတ်။ တဝိညာဏ်တည်း မြင်သိလို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့ သဟဇာတ ဖြစ်တဲ့ဝေဒနာ၊ သညာ၊ စေတနာ မပါလား။ အဆင်းလို့ ခံစားတာ လူလား၊ ဝေဒနာ။ နတ်လား၊ ဝေဒနာ။ ဗြဟ္မာလား၊ ဝေဒနာ။ အဆင်းလို့ မှတ်တာ လူ၊နတ်၊ဗြဟ္မာ လား သညာ၊ ခံစားနိုင်အောင် စေ့ဆော်တာ မှတ်နိုင်အောင် စေ့ဆော်တာ သူလား၊ငါလား စေတနာ။ ဝေဒနာ၊ သညာ၊ စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါး မပြည့်လား။ ကဲ လူ၊နတ်၊ဗြဟ္မာ လား နာမက္ခန္ဓာလေးပါး။ ထင်တာက လူ၊နတ်၊ဗြဟ္မာ တွေ့တာက နာမက္ခန္ဓာလေးပါး။ တွေ့တာနဲ့ ထင်တာနဲ့ ပိုင်းခြားဖို့မလိုလား။ ဥာတပရိညာဗျား- စဉ်စား။ ဒါဥာတပရိညာ၊ မျက်စိအကြည်ကား ငါဟုတ်ကဲ့လား။ ရူပါရုံအဆင်းကား ငါဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည်တော့ ရူပက္ခန္ဓာမရလား။ နာမက္ခန္ဓာလေးပါးနဲ့ ရူပက္ခန္ဓာပေါင်း။ မျက်စိမှာပေါ်တာ၊ ဒါ သက္ကာယလို့ မဟောဘူးလား။ ကဲ ဒိဋ္ဌိ မပြုတ်လား။ အဲဒါ လိုတာဗျို့ ကြားလား။ ကဲ မြင်သိစိတ် စဉ်စားဖို့ ကောင်းတယ်နော်- လေ့လာဖို့မကောင်းဘူးလား။
မြင်ဆဲ၊ လူ၊နတ်၊ဗြဟ္မာ လား၊ ခန္ဓာငါးပါး။ ကြားဆဲ မြို့ရွာတိုင်းပြည်လား ခန္ဓာငါးပါး။ ခန္ဓာငါးပါးလို့သိရင် အဲဒီခန္ဓာငါးပါးတရားအပေါ်မှာ လူ၊နတ်၊ဗြဟ္မာ သတ္တဝါလို့ အမှတ်မှား အသိမှား အယူအဆမှားတွေ မပျောက်ဘူးလား။အမှန်သိတော့အမှားပျောက်တယ်နော်။ ဒီလိုဆိုရင် သက္ကာယဒိဋ္ဌိပြုတ်တာပေါ့။ မပြုတ်ဘူးလား။ မြင်ပြီးတော့မပျက်လား။ အပျက်ကိုသိတော့ခိုင်တယ်မြဲတယ်လို့ ယူဦးမလား။ သဿတဒိဋ္ဌိမပြုတ်လား။ နောက်ခန္ဓာအစားထိုးတာသိတော့ ဘဝပြတ်တယ်လို့ ယူဦးမလား။ ဥစ္ဆေဒအယူမပြုတ်လား။ ခန္ဓာငါးပါး ခန္ဓာငါးပါး လို့သိတော့ သက္ကာယဒိဋ္ဌိပြုတ်ပြီ။ သဿတဒိဋ္ဌိ ၊ဥစ္ဆေဒဒိဋ္ဌိ- သက္ကာယဒိဋ္ဌိ ပြုတ်ရင် သောတာပန်ပေါ့။ သောတာပန်ဖြစ်ရင် ချမ်းသာအစစ်ကိုရပြီ။
ဘယ်လောက်ထိချမ်းသာသလဲ စိစစ်ဖို့မကောင်းလား။ အမေရိကန်တိုင်းပြည် တစ်ပြည်လုံးမှာရှိတဲ့ ရွှေ၊ငွေ၊ကျောက်၊ သံ၊ ပတ္တမြား ၊ဆန်၊ရေ၊စပါး   တစ်ပြည်လုံးမှာရှိတဲ့ ရွှေ၊ငွေ၊ကျောက်၊ သံ၊ ပတ္တမြား နဲ့ တစ်မဂ်တစ်ဖိုလ်ရတဲ့ အသိဥာဏ်နဲ့ လဲနိုင်ပါ့မလား။ တစ်ပြည်လုံးမှာ ရွှေတွေ၊ငွေတွေ၊ ကျောက်၊သံ ပတ္တမြား၊ ဆန်ရေစပါးတွေ မအိုအောင် တတ်နိုင်ရဲ့လား။ မနာအောင် တတ်နိုင်ရဲ့လား။  မသေ အောင် တတ်နိုင်ရဲ့လား။ အို-နာ-သေမလွတ်ဘူး။ တစ်မဂ်တစ်ဖိုလ်ရတဲ့ အသိဥာဏ်က အပါယ်ကလွတ်၍၊ လွတ်၍မနေဘူးလား။ ဆက်ပြီးတော့ ကြိုးစားရင် သောတာပန်က သကဒါဂါမ်၊ သကဒါဂါမ်က အနာဂါမ်၊ အနာဂါမ်က ရဟန်းကိစ္စမပြီးဘူးလား။ ကဲ-အဲဒါ ကြောင့်မို့လို့ အင်မတန်ကျေးဇူးကြီးမားလှတဲ့ အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးက တရားသိဖို့ နံပါတ်တစ်၊ စားဝတ်နေရေး ရှာဖို့ နံပါတ်နှစ်၊ ခဏ ခဏ သတိပေးလို့ မဟောလား။ တရားသိဖို့ နံပါတ်တစ်၊ လှူဖို့တန်းဖို့ နံပါတ်နှစ် မဟောဘူးလား။
သိပြီးတော့၊ သစ္စာသိပြီးတော့ လှူတဲ့အလှူနဲ့ သစ္စာမသိဘဲနဲ့ လှူတာတူပါ့မလား။ မတူလို့ သမုဒယကြောင့် ဒုက္ခလို့ မဟောလား။ အဲဒါ သမုဒယကြောင့်၊ ဒုက္ခ။ ဒါကို ပုညာဘိသင်္ခါရ တပ်ရတယ်။ ဒါနကုသိုလ်သီလကုသိုလ်။ ဘာကြောင့် မင်းဒါနပြုတာလဲ၊ ဘာကြောင့် သီလဆောက်တည်တာလဲ။ လူချမ်းသာ ဖြစ်ချင်လို့ - နတ်ချမ်းသာ ဖြစ်ချင်လို့ လှူတယ်၊ သီလ စောင့်ထိန်းတယ် မပြောရဘူးလား။ ဒါ ပုညာဘိသင်္ခါရ- အဲဒီပုညာဘိသင်္ခါရ ကြောင့် လူခန္ဓာ၊နတ်ခန္ဓာရတယ်- လူခန္ဓာ-နတ်ခန္ဓာရ အို၊နာ၊သေ လွတ်ကဲ့လား။ ဘာသစ္စာလဲ ။ ချမ်းသာ အစစ်ဟုတ်ကဲ့လား။ ချမ်းသာ အစစ်မဟုတ်ဘူးကွဲ့နော်။
သို့သော် စဉ်းစားစရာ သစ္စာတရား၊ ခန္ဓာတရား၊ ပဋိစ္စသမုပ္ပါဒ် တရားကို ဟောသူ ၊ပြောသူ မရှိဘူးပေါ့။ သစ္စာတရားဟောမည့် ပုဂ္ဂိုလ်မရှိ၊ ပဋိစ္စသမုပ္ပါဒ် ဟောမည့် ပုဂ္ဂိုလ်မရှိ၊ ခန္ဓာတရားဟောမည့် ပုဂ္ဂိုလ်မရှိဘူးဆိုရင် ကိုယ်လာတဲ့လမ်း ဒါနမပြုရဘူးလား၊ သီလမဆောက်တည်ရဘူးလား။ ဒါနလည်းမပြု -သီလလည်းမဆောက်တည်ဘူးဆိုရင် အပါယ်တစ်လမ်း သွားပေါ့ ။ အဲသည့် ဒါနကုသိုလ်၊ သီလကုသိုလ်ကြောင့် လူ့အဖြစ်ကို မရလား။ ဖြစ်တဲ့ဘဝ စားရ သောက်ရတာ ဒါနပေါ့၊ လူဖြစ်တာသီလ-မလုပ်ရပေဘူးလား။ လုပ်ရမယ်။ သစ္စာတရားဟောတဲ့ပုဂ္ဂိုလ်၊ ခန္ဓာဟောတဲ့ပုဂ္ဂိုလ်၊ ပဋိစ္စသမုပ္ပါဒ် ဟောတဲ့ပုဂ္ဂိုလ်ရှိရင် သည်တရားငါမသိ မနေဘူး၊ ကြိုးစားအားထုတ်ဖို့ မကောင်းလား။ ကြိုးစားအားထုတ် ရမယ်နော်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ

အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၈-ရက်၊တနင်္ဂနွေနေ့(၁၅.၅.၂ဝဝ၅)၊ည (၇)နာရီ အချိန်တွင် ဟောကြားတော်မူသော ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်
မှစာစီပူဇော်ပါသည်
မုံလယ်ဇ

No comments:

Post a Comment