Wednesday, July 8, 2015

အာသဝေါတရားလေးပါး ကုန်မှ ချမ်းသာပုံ


သိဆိုတဲ့တရားလေးကို စဉ်းစားဦး။ ကုသိုလ် လှူတာ ဘုရားတည်တာ ကျောင်းဆောက်တာ ရေတွင်းရေကန်တူးတာ ဆွမ်းကျွေးတာ ကထိန်ခင်းတာ ရဟန်းခံတာ ရှင်ပြုတာ အမျိုးမျိုး အဲဒါ  ဣဒံ မေ ပုညံ လို့ ခေါ်တယ် ကြားလား။ လှူသမျှ တန်းသမျှ ကုသိုလ်အပေါင်းရဲ့ နာမည်က ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု ကြားဖူးကြရဲ့လား။  ဒါတော့ ရေစက် ချကလေးထဲမှာလည်းပါတယ်။ ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု လှူသမျှ တန်းသမျှ ကုသိုလ်အပေါင်းက ဣဒံ မေ ပုညံ။
ဘာများအလိုရှိတာလဲလို့ မမေးရဘူးလား။ ချမ်းသာချင်လို့ လှူတယ်လို့ မပြောရဘူးလား။ ချမ်းသာတာ ဟုတ်တယ်။ လူချမ်းသာလား။ နတ်ချမ်းသာလား။ ဗြဟ္မာချမ်းသာလား။ နိဗ္ဗာန်ချမ်းသာလား မမေးရဘူးလား။ နိဗ္ဗာန်ချမ်းသာ။ နိဗ္ဗာန်ချမ်းသာရချင်ရင် အာသဝေါတရားလေးပါးကုန်အောင်လုပ်။ ဣဒံ မေ ပုညံ အာသ၀က္ခယံ မဟောဘူးလား။ အာသဝေါ အာသဝေါတရားလေးပါးက ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ အဝိဇ္ဇာသဝပေါ့။ အဲဒီ အာသဝေါတရား လေးပါး ကုန်မှ ချမ်းသာမယ်လို့ အဖြေ မပေးဘူးလား။
အာသဝေါတရားလေးပါး ကုန်ချင်ရင် ခန္ဓာ သိအောင်လုပ်။ သစ္စာသိအောင်လုပ်။ ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုး သိအောင်လုပ်။ အဲဒါ သိမှ ကုန်မှာ။ စဉ်းစားဖို့မကောင်းလား။ ကဲ လူထင်လို့ သေသေချာချာကြည့်။
ဘုရားပေးတဲ့ ဝိဇ္ဇာဆိုတဲ့ မျက်မှန်နဲ့ တပ်ကြည့်။ လူကိုမြင်တာလား အဆင်းကို မြင်တာ။ လူထင်လို့ လက်နဲ့ ပုတ်ကြည့် တီးကြည့် လူတွေ့မလား အသံလား။ လူထင်လို့ နမ်းကြည့် လူတွေ့မလား အနံ့ တွေ့မလား။ လူထင်လို့ လျှာလေးနဲ့ လျက်ကြည့် လူတွေကမလား ငန်ပျပျ အရသာဓါတ် တွေ့မလား။ ခြေစခေါင်းဆုံးတစ်ကိုယ်လုံး လူထင်လို့ ဆံဖျားက ခြေဖျား၊ ခြေဖျားက ဆံဖျား၊ အနုလုံ ပဋိလုံ ကိုင်စမ်းကြည့်။ မာတာ မတွေ့ဘူးလား။ ပျော့တာ မတွေ့ဘူးလား။ မာတာ ပထဝီ ပျော့တာ ပထဝီပေါ့။ မာတယ် ပျော့တယ် သိတာ သူငါလား ကာယဝိညာဏ်။ တစ်ဝိညာဏ်ထဲ ထိလို့ သိလို့ ဖြစ်ကဲ့လား။ မဖြစ် သူနဲ့ သဟဇာတဖြစ်တဲ့ ဝေဒနာ၊သညာ၊ စေတနာ မပါလား။ မာတယ်၊ပျော့တယ်လို့ ခံစားတာ လူလား ဝေဒနာ။ နတ်လား ဝေဒနာ။ ဗြဟ္မာလားဝေဒနာ။ ဝေဒနာဘဲ တွေ့တယ်နော်။ လူ၊နတ်၊ ဗြဟ္မာ တွေ့ရဲ့လား။ တွေ့တာ လူ၊နတ်၊ ဗြဟ္မာလား။ ဝေဒနာလား။ တွေ့တာကို အမှန် မယူရဘူးလား။ လူ။ စဉ်းစားဖို့မကောင်းလား။ အဲတာ မိမိက လူ၊နတ်၊ ဗြဟ္မာ သတ္တဝါလို့ စဉ်းစားဖို့ မကောင်းလား။
မှတ်တာ သူတွေငါတွေလား သညာက္ခန္ဓာ။ စဉ်းစားနော်။ အဲလို စိစစ်ဖို့ မကောင်းလား။ ကဲ ခံစားနိုင်အောင် စေ့ဆော်တာ၊ မှတ်နိုင်အောင် စေ့ဆော်တာ သူငါလား စေတနာ။ ဝေဒနာ၊သညာ၊ စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါးမပြည့်လား။ ဤလေးပါးပြည့်စုံမှ ထိသိစိတ်ဖြစ်တာနော်။ လူ၊နတ်၊ ဗြဟ္မာလား နာမက္ခန္ဓာလေးပါး။ နာမက္ခန္ဓာလေးပါး။ လူလား နာမက္ခန္ဓာလေးပါး။ နတ်လား နာမက္ခန္ဓာလေးပါးလား။ ဗြဟ္မာလား နာမက္ခန္ဓာလေးပါးလား။ နာမက္ခန္ဓာ။ ကာယအကြည်က လူ ဟုတ်ကဲ့လား။ မာမှုပျော့မှုကား လူဟုတ်ကဲ့လား။  ခန္ဓာဖွဲ့ကြည့်တော့ ရူပက္ခန္ဓာ မရလား။ နာမက္ခန္ဓာလေးပါးနဲ့ ရူပက္ခန္ဓာပေါင်း။ ခန္ဓာပဲ တွေ့တယ်နော်။ အဲဒီခန္ဓာ သိဖို့ မလိုလား။ ကဲ စာထဲ ကလား ခန္ဓာကပြတာ။  ကဲဒီလိုဆိုတော့ကာ လူစွဲဒိဋ္ဌိ မပြုတ်ဘူးလား။ နတ် စွဲဒိဋ္ဌိ မပြုတ်ဘူးလား။ ဗြဟ္မာစွဲဒိဋ္ဌိ မပြုတ်လား။  သန္ဒိဋ္ဌိကနော်။  စာထဲ ကလား ခန္ဓာကပြတာ။ အာသဝအနေနဲ့ ဒိဋ္ဌာသဝ နဲ့ အဝိဇ္ဇာသဝ ချုပ်ပြီကွဲ့ ကြားလား။
ဆက်ပြီးတော့  ကြိုးစားဖို့ မကောင်းလား။ ရူပက္ခန္ဓာကြီးက ဖောက်ပြန်ပြီးတော့ မပျက်လား။ ဝေဒနာ ခံစားပြီးတော့ မပျက်လား။ သညာ မှတ်ပြီးတော့ မပျက်လား။ စေတနာ စေ့ဆော်ပြီးတော့ မပျက်လား။ ကဲ ခန္ဓာ တွေ့သလား မရှိတာ တွေ့သလား။ စဉ်းစားဖို့ ကောင်းတယ်နော်။ ငါးပါးစလုံး နိစ္စလား။ အနိစ္စ။ အနိစ္စ မမြဲခြင်း တရားသည် ချမ်းသာတဲ့တရားလား။ ဆင်းရဲတဲ့ တရား။ ဆင်းရဲတဲ့တရားကို သုခလို့ ခေါ်မလား ဒုက္ခလို့ ခေါ်မလား။ ဤဒုက္ခတရားကို ပိုင်သူရှိရဲ့လား။ သတ္တဝါအလိုသို့ လိုက်ကဲ့လား။ အကြိုက်သို့ ပါရဲ့လား။ အနတ္တလို့ မဟောဘူးလား။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တွေ့တယ်။
အနိစ္စတွေ့တဲ့ အခါ၊ ဒုက္ခ တွေ့တဲ့ အခါ၊  အနတ္တ တွေ့တဲ့ အခါ နာမ်ရုပ်တွေ့သေးရဲ့လား။ စဉ်းစားဖို့ကောင်းတယ်နော်။ အနိစ္စ တရားနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားဖို့ မလိုလား။ ဒုက္ခ တရားနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားဖို့ မလိုလား။ အနတ္တ တရားနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားဖို့ မလိုလား။ တီရဏပရိညာ။ ပွားလို့သိတာဗျာ့။ နာမ်ရုပ်ကို သိတဲ့အခါ လူ၊နတ်၊ ဗြဟ္မာ တွေ့သေးရဲ့လား။ မြို့ရွာတိုင်းပြည် တွေ့သေးရဲ့လား။ ဉာတပရိညာ။ နာမ်ရုပ်ပဲတွေ့တယ်နော်။ နာမ်ရုပ်တွေ့တော့ အာသဝအနေနဲ့ ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝ ချုပ်တယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား။ တီရဏပရိညာ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တစုလိုက်တော့ ဖြစ်ပျက်လို့မဟောလား။ ဘာသစ္စာလဲ။ ချမ်းသာတဲ့တရားလား။ ဆင်းရဲတဲ့တရား။ ဆင်းရဲတယ်လို့အမှန်သိတာ ယထာဘူတဉာဏ်ကွဲ့နော်။
ဒုတိယ ဆက်ပြီးတော့ ကြိုးစား ဖြစ်ပျက်ပဲမတွေ့လား။ ဘာသစ္စာလဲ။ ဒုတိယကျတော့ အသိဥာဏ်က ရင့်ပြီးတော့ မလားလား။ အသိဥာဏ်ကရင့် တော့ ခန္ဓာက လွတ်ချင်တဲ့ စိတ်၊ ကျွတ်ချင်တဲ့စိတ်မပေါ်လား။ နိဗ္ဗိန္ဒဉာဏ်လို့ မဟောလား။ အပြောအဆိုအနေအထိုင်တွေ အခါတိုင်းနဲ့ တူရဲ့လား။ သိမ်မွေ့ နူးညံ့တော့တာနော်။ တရားက သက်သေခံတယ်ကွဲ့ ကြားလား။ နိဗ္ဗိန္ဒ္ဒဉာဏ်။
တတိယ ဆက်ပြီးတော့ ကြိုးစားကြည့် ဖြစ်ပျက်ပဲမတွေ့လား။ ဘာသစ္စာလဲ။ ခြေစခေါင်းဆုံး တစ်ကိုယ်လုံး ရှာချင်သလိုရှာ သုခဆိုတဲ့တရား အပ်ဖျားတစ်ထောက်စာမျှ တွေ့ရဲ့လား။ အပ်ဖျားတစ်ထောက်စာမျှ သုခမတွေ့တာ ရှိလို့လား မရှိလို့လား။ မရှိရင် ဒုက္ခအတိလို့ မပိုင်းခြားလား။ ပိုင်းခြားလိုက်တဲ့ တစ်ချိန်   သမ္မာဝါစာ၊ သမ္မာကမ္မန္တ-၊ သမ္မာအာဇီဝ     သီလမဂ္ဂင်သုံး ပါးမ၀င်လား။ ရှုဉာဏ်ငါးပါးနဲ့ပေါင်းတော့ ရှစ်ပါးမပြည့်လား။ ရှစ်ပါးပြည့်တဲ့ အချိန် ခန္ဓာငါးပါး တွေ့သေးရဲ့လား။ ဖြစ်ပျက်ကားတွေ့သေးရဲ့လား။ လောကုတ္တရာလို့ မဟောလား။ သောတာပတ္တိမဂ် သောတာပတ္တိဖိုလ် ရတော့တာနော်။ အဲ စိစစ်ဖို့ မကောင်းလား။
ကဲ သောတာပန် ဖြစ်သွားပြီဆို ဘာတွေများ ပယ်တာလဲလို့ပြန် စိစစ်ဖို့ မကောင်းလား။ ဒိဋ္ဌိ-ဝိစိကိစ္ဆာ ဆိုတဲ့ အနုသယ ကိလေသာ မပယ်လား။ ဒိဋ္ဌိ-ဝိစိကိစ္ဆာ ဆိတဲ့ အနုသယ ကိလေသာ ပယ်လိုက်တော့ ပရိယုဋ္ဌာန  မနောကံ လာသေးရဲ့လား။ မနောကံ မလာ ဝီတိက္ကမ ကာယကံ ဝစီကံ လာသေးရဲ့လား။ မလာရင် အပါယ်သွားတဲ့ ကံတွေ မကုန်လား။ အပါယ်ခန္ဓာ ဇာတ် မသိမ်းလား။ ပဟာနပရိညာ လို့ မဟောလား။
ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ  ဤဉာဏ်သုံးဉာဏ်ရတဲ့ ပုဂ္ဂိုလ် အနမတဂ္ဂ သံသရာကစလို့ ပါဏာတိပါတကံနဲ့ အသက်မွေးခဲ့တာ။ အဒိန္နာကံ နဲ့အသက်မွေးခဲ့တာ။ ကာမေသုမိစ္ဆာစာရကံ နဲ့ အသက်မွေးခဲ့တာ။ မုသာဝါဒကံ နဲ့ အသက်မွေးခဲ့တာ။ သုရာမေရယကံ နဲ့ အသက်မွေးခဲ့တာ အဲဒီ အကုသိုလ်ကံ အကြွေးဟောင်း အနန္တ ကမ္ဘာပထဝီမြေကြီးနဲ့ အမျှဖြစ်တဲ့ အကုသိုလ်ကံတွေ အကျိုးပေးခွင့် ရသေးရဲ့လား။ အကုန်လုံးအဟောသိကံ ဖြစ်မသွားလားဟဲ့။ ဤနေရာရောက်အောင် ကြိုးစားအားထုတ်ဖို့ မကောင်းလား။ အဲဒါ လိုအပ်ချက်တွေကွဲ့နော်။ အဲဒါ ထိထိမိမိ အဲဒဉာဏ်တွေကို အားကိုးရမယ်ကြားရဲ့လား။ ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာ  ဤဉာဏ်သုံးဉာဏ် ရအောင်ယူလိုက်ကြ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နံနက် (၈) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော် မှစာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment