Saturday, October 8, 2016

အိန္ဒိယတို့ ဘယ်တို့ သွားစရာ လိုသေးရဲ့လား။


#######################

၁-က သမုဒယ ၂-က ဒုက္ခ
၃-က သမုဒယ ၄-က ဒုက္ခပေါ့။
အခု တရားနာ ပရိသတ်တို့ ဘုန်းကြီးတို့ လာခဲ့တဲ့လမ်းနော်။
သစ္စာ နှစ်ပါးနဲ့ လာခဲ့တာ။
၎-ပါး ပြည့်ရဲ့လား။

၁-က သမုဒယ ၂-က ဒုက္ခ
၃-က သမုဒယ ၄-က ဒုက္ခပေါ့။
ကဲ... သံသရာက ထွက်တာများ ပါရဲ့လား။
စဉ်းစားဖို့ မကောင်းလားဟေ့။
၃၁-ဘုံ ချာလပတ် နေတာကွဲ့။
စိစစ်ဖို့ မကောင်းလား။

အခု လူတွေ တရားကို လေ့လာလို့
တကယ်သာ သဘောပေါက် သွားမယ်ဆိုရင်...
အိန္ဒိယတို့ ဘယ်တို့ သွားစရာ လိုသေးရဲ့လား။
၃၁-ဘုံ ကိုယ်နေခဲ့တဲ့ ဌာနကွဲ့။
ကမ္ဘာနဲ့ တွက်ကြည့်ကာ မရေတွက်နိုင်ဘူးနော်။
အဲလို စိစစ်ဖို့ မကောင်းလား။
ကိုယ်က ကြာနေတော့  မမှတ်မိတာပေါ့။
သုဒ္ဓါဝါသ ကလွဲရင်...
၃၁-ဘုံ နှံ့နေအောင် နေခဲ့တာဟေ့။

ဗြဟ္မာမင်းကြီး ဖြစ်ခဲ့ပြီးပြီနော်။
နတ်မင်းကြီးလည်း ဖြစ်ခဲ့ပြီ။
လူမင်းကြီးလည်း ဖြစ်ခဲ့ပြီးပြီနော်။
အနိမ့်ဆုံး အိမ်သာထဲက လောက်က အစ ဖြစ်ခဲ့ဖူးတယ်ဟေ့။
၃၁-ဘုံ လွတ်ကဲ့လား။
အဲလို စိစစ်ဖို့ မကောင်းလား။
စဉ်းစားဦး ကွဲ့... ကြားလား။

ခန္ဓာ အကျိုး အပြစ်ကို သိတဲ့ ပုဂ္ဂိုလ်က
ဟိုသွားချင် ဒီသွားချင်
ရှိသေးရဲ့လား...။
ရှိဘူးဟေ့... ကြားလား။

ခန္ဓာ အကျိုး အပြစ်ကို မသိလို့
တပြည်လုံး လျှောက်သွားချင်တာ ကွဲ့။
စဉ်းစားဖို့ မကောင်းလား။
ထိထိမိမိ သဘောပေါက်ဖို့ လိုတယ်။

ကဲ... ၁-က သမုဒယ ၊ ၂-က ဒုက္ခ လို့ မဟောဘူးလား။
ချမ်းသာတာ ပါရဲ့လားဟေ့။
စဉ်းစား...။
ဒါ ခန္ဓာ ရလို့ အိုရတာ နာရတာ သေရတာနော်။
ခန္ဓာ မရဘူး မရှိဘူး ဆို အိုဦးမလား။ နာဦးမလား။ သေဦးမလား။
မအိုရာ မနာရာ မသေရာ ဘယ်လို ခေါ်မလဲ။
အဲဒါ ချမ်းသာ အစစ်ကွဲ့ ။
ကိလေသာ ချုပ် ခန္ဓာချုပ် ဖို့ လိုတာနော်။
အဲဒါ လိုရင်း အချက်တွေပေါ့။

ခန္ဓာငါးပါးလို့သိ အနိစ္စလို့ သိပေါ့။
ခန္ဓာငါးပါးလို့သိ ဒုက္ခ လို့ သိပေါ့။
ခန္ဓာငါးပါးလို့သိ အနတ္တ လို့ သိပေါ့။

ခန္ဓာငါးပါးလို့ သိတော့ လူစွဲ ဒိဋ္ဌိ နတ်စွဲ ဒိဋ္ဌိ ဗြဟ္မာစွဲ ဒိဋ္ဌိ မပြုတ်လား။
ဒိဋ္ဌိ ပြုတ်ရင်...
ဗြဟ္မာကြီး လေးဦးက ဖန်ဆင်းတယ်။ ထာဝရဘုရား ဖန်ဆင်းတယ်။ ဗိဿနိုးနတ် ဖန်ဆင်းတယ်... ယူဦးမလား။
ဝိစိကိစ္ဆာ မချုပ်လား။
အာသဝ အနေနဲ့ ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝ ချုပ်တယ်။
စိစစ်ဖို့ မကောင်းလား။

တွေ့တဲ့ ခန္ဓာကလည်း ငါးပါးစလုံး နိစ္စလား အနိစ္စလား။
အနိစ္စလက္ခဏာ ဒုက္ခသစ္စာ၊ ဒုက္ခလက္ခဏာ ဒုက္ခသစ္စာ၊ အနတ္တလက္ခဏာ ဒုက္ခသစ္စာ၊ လို့ မဟောဘူးလား။
ချမ်းသာတာ ပါရဲ့လား။
နေ့စဉ်နဲ့တကွ ခန္ဓာရတဲ့ ပုဂ္ဂိုလ်... အိုနာသေ လွတ်ကဲ့လား။
ဘာသစ္စာလဲ။
ချမ်းသာတဲ့တရားနဲ့နေတာလား ဆင်းရဲတဲ့ တရားနဲ့နေတာလား။
ဆင်းရဲတယ်လို့ တကယ်သိတဲ့ ပုဂ္ဂိုလ် ...
ခန္ဓာရတဲ့ အလုပ်ကို လုပ်ဦးမလား။
မလုပ်တော့ဘူးကွဲ့နော်။

သိပယ်ဆိုက်ပွား လေးပါး ကိစ္စ မဂ်တစ်ခဏလို့ မဟောဘူးလား။
အပြောအဆို အနေအထိုင်တွေ မူပြောင်း မသွားဘူးလား။
အဲလို စိစစ်ဖို့ မကောင်းလား။
စဉ်းစားကွဲ့..။။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။

ရှေးတိပ်တရားတော် mc.53မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ.။

No comments:

Post a Comment