Saturday, July 11, 2015

ရေအလှူ ပြုကြရာဝယ်​....

"သက်ရှည် ဆင်းလှ ချမ်းသာရ ဗလ ဥာဏ်ပညာ
စင်ကြယ် သန့်ရှင်း ကျော်စောခြင်း ခပင်းခြွေရံဖြာ
ရေမငတ်ငြား လျင်မြန်သွား  ဆယ်ပါး ရေကျိုးလာ။"

ငယ်ငယ်ကလေးဘဝက...
နွေရာသီ စာသင်ကျောင်း ပခုက္ကူအ.မက.၄ မှာ ဗုဒ္ဓဘာသာအခြေခံ ဘုရားရှိခိုးတွေ ငါးပါးသီလတွေ သင်ရတုန်းက ကျက်မှတ် အော်ခဲ့ရတဲ့ ဆောင်ပုဒ်လေးပေါ့။

ဦးဇင်းတို့ အညာ မြန်မာပြည် အလယ်ပိုင်း ပခုက္ကူဒေသက အပူပြင်း ခြောက်သွေ့ ရေရှား
တဲ့ ဌာနလည်း ဟုတ်ပါတယ်။
မြို့ အဝင် ရွှေချောင်း အဝိုင်း ပတ် အနီးမှာဆို ကျေးလက်ဒေသ ရေရရှိရေး ရေခပ်နေတဲ့ ပန်းချီ ဘုတ်ကြီးကို ယခုတိုင် အရောင်မှိန်မှိန် တွေ့နိုင်ပါသေးတယ်။

ရေအသက် တမနက် လို့လည်း လူကြီးတွေ ပြောလေ့ရှိပါတယ်။
သန့်ရှင်းတဲ့ရေသောက်ဖို့ ရေသောက်ခြင်းက
အကျိုးများကြောင်း ကျန်းမာရေး စာပေအသီးသီးမှာလည်း ရေးကြတာတွေ ဖတ်ရပါတယ်။
ကျေးဇူးရှင် မုံလယ်ဆရာတော်ကြီး ကတော့ ရောက်လေရာအရပ်မှာ ရေကျက်အေးကို ဘုဉ်းပေးလေ့ရှိပြီး မနက်အိပ်ရာထ ရေနှစ်ဆယ်သား မတ်ခွက်တလုံးသောက်ဖို့လည်း ဦးဇင်းတို့ စာသင်ငယ်များကို မိန့်လေ့ရှိခဲ့ပါတယ်။
ခုခေတ်အခါမှာတော့ ရေသန့်ဗူးတွေ အတော်ပေါနေပါပြီ။ ပခုက္ကူ ပြန်ရင်လည်း ရေသန့်ပို့တဲ့ သုံးဘီးတွေ ကိုယ်စားလှယ်တွေ တွေ့ရပါတယ်။

မဟာဗောဓိမြိုင် ဆရာတော်ကြီး ရေးတာ ဟောတာလည်း နာယူမှတ်သားဖူးပါတယ်။
ရေတွင်းထဲကရေ သောက်လို့ ဝေဘူဆရာတော်ကြီး ကျန်းမာလာကြောင်း
စဓဗဝ သင်္ကေတ မြေရေအိုး မှောက်ပြီး ဝလုံးရေး အဲအိုးထဲကို သဘာဝ မြေကြီးထဲကရေ တည့်သောက်ရင် သဘာဝဆေးတမျိုး ဖြစ်ကြောင်း စသည် ဖတ်မှတ်ဖူး ပါတယ်။

ကျန်းမာရေး အမြင်အရဆိုလည်း အင်မတန် အဖိုးတန်တဲ့ ရေကို ရှေး ကဆိုရမလား။
ဦးဇင်းတို့ငယ်ငယ်ကအထိ အညာကျေးလက်မှာတနိုင်တပိုင် ရေချမ်းစင် ကုသိုလ်ပြုလေ့ရှိကြပါတယ်။
ငယ်ငယ်က တအီအီနဲ့ နွားလှည်းတွေ အသုံးများတဲ့ကာလဆိုတော့ ... တချို့များဆို နွားတို့ ခွေးတို့ သောက်ဖို့တောင် ကျောက်ခွက်များနဲ့ ထားပေးကြပါတယ်။
ငှက်ကလေး စာကလေးလေးတွေ သောက်သုံးဖို့ ရေအင်တုံလေးတွေ ထားပေးလေ့ရှိကြပါတယ်။

ရေအကျိုးဆယ်ပါး စတာတွေ ရလဒ်ကို အသာထားပါဦးတော့။
ငှက်ကလေးတွေ သောက်သုံးကြ ရေချိုးကြတာကို မြင်ရရင်တောင် ရတဲ့ ကြည်နူးမှုပီတိက တကယ်အရသာရှိတာဘဲလို့ ဝမ်းသာကြရတာပါ။
သူတပါးရဲ့ ဆင်းရဲကို စွမ်းအားရှိသမျှ ပယ်ဖျောက်ပေးနိုင်ခဲ့လို့ပါဘဲ။ ဒီကုသိုလ် ဒီဒါနဟာ ကျေးဇူးရှင်ဆရာတော်ဘုရားကအဖိုးလွန်စွာ ထိုက်တန်ပါတဲ့ မေတ္တာကရုဏာ စေတနာ ခြံရံတဲ့အလှူပါတဲ့။

ငှက်လေးတွေ ကို ဤမျှ ကုသိုလ်ပြုရတာကိုပင် ပီတိဖြာမိရင် ဝေးလံခေါင်သီ ရေရှားဒေသတွေမှာ ...အခုအခါ
ရေလှူနေတဲ့ အသင်းအဖွဲ့တွေ လူတွေ ....
အဘယ်မျှ ကြည်နူးကြမည်နည်း။
ရပ်ဝေးကလာလို့ ရေဆာလာသူဆို ရေအေးလေးသောက်ပါ အမောပြေ ထန်းလျက်သုံးဆောင်ပါဆိုတာ အညာရဲ့ မရိုးနိုင်တဲ့ရှေးက ကုသိုလ်ဓလေ့ပါ။
ရေတွင်း ရေကန် ရေလှူသူတွေဟာ မျက်မှောက်မှာကို အကျိုးပေးသန်ကြတာ လေ့လာရင်တွေ့နိုင်ပါတယ်။
ဒါဟာလည်း သုံးဆောင်တာကို မြင်ရ စေတနာပွားရနဲ့မို့ ဖြစ်တန်ရာပါဘဲ။

ပကာသနမဖက် စေတနာသက်သက် ရေလှူနေကြသူများရဲ့ စေတနာကုသိုလ်အစုစုကို သာဓုခေါ်နေမိပါတယ်။ အလှူမှာ...
လောဘခြံရံသော အလှူ
စေတနာ ကရုဏာ မေတ္တာ ခြံရံသောအလှူ
သီလပညာခြံရံသောအလှူ အစားစားရှိရာ
မိမိအလှူဟာ ဝိပဿ နာပညာ မခြံရံနိုင်သေးသည်ထား ကရုဏာ မေတ္တာ ခြံရံတဲ့ အလှူအဖြစ်တော့ လှူဖြစ်အောင်လှူစေချင်ပါတယ်။

ရေအလှူ ဟာ.... အကျိုးများတယ်ဆိုတာ ပြောလေ့ရှိကြပါတယ်။
မုံလယ်ဆရာတော်ကြီး ကတခုလည်း သင်ဖူးပါတယ်။
ဆွမ်းခံကြွရင် ရပ်ကွက်မှာပစ္စည်းနည်းပါး သဒ္ဓါပွားပါတဲ့  လှူချင်ပြီး မလှူနိုင်တဲ့အိမ်ဆို ရေတခွက်လောက် ကပ်ပါလို့ပြောပြီး ရေသောက်ကာ ကုသိုလ်ပေးပါတဲ့။
ပခုက္ကူ ဓမ္မသုခ လေယာဉ်ကွင်း ဆရာတော် ဦးဇောတိကကလည်း... လူသေလို့ ရည်စူးကုသိုလ်ပြုတဲ့အခါ ရေ စားစရာ အဝတ် ပါဖြစ်အောင် ပါပြီး လှူပါတဲ့
ဖျော်ရည် မှ မုန့်ဗူး ဆွမ်းဝိုင်းမှ သင်္ကန်းမှ အဲလိုဆိုတာမဟုတ်ဘူးတဲ့
ရေတဗူး မုန့်တခု လက်သုတ်ပုဝါ စနိုးတာဝါ သေးသေးလည်း ရတယ်တဲ့ စေတနာတပ်ပြီး တည့်လှူပါလို့ သင်ပေးဖူးပါတယ်။

သို့အတွက် တနိုင်တပိုင် ရေကုသိုလ်မှသည်...
ဆက်ကာ ဆက်ကာ စုပေါင်းလို့ဖြစ်စေ အားလုံးသော သတ္တများ အေးမြချမ်းသာစေဖို့ ရေအလှူ ပေးကြပါစို့။...လို့ ပြောပြချင်ပါတယ်။

ငယ်ငယ်ကရခဲ့တဲ့ ဆောင်ပုဒ်ထဲက
ဒီရေအကျိုး ဆယ်ပါးဟာ ပိဋကတ်တော်က တိုက်ရိုက် သီးသန့်လာတဲ့ အကျိုးမဟုတ်ပါဘူး
အကြောင်းနှင့် တူသောအကျိုးကိုပေး တယ်ဆိုတဲ့ .... ရှေးဆရာတော်ကြီးများဟောခဲ့တဲ့ .... ရေအကျိုးဖြစ်ကြောင်း....။ ကျမ်းဂန်လာရေအကျိုးများကို စုပေါင်းပြီး ရေအကျိုး (၁၀)ပါး လို့ရေးထားတယ် လို့လဲမှတ်ယူလို့ရကြောင်း.။
ဒီတော့ ကျမ်းဂန်လာ ရေအကျိုး .... မရှိဖူးလားဆိုတော့ ...  ထေရီအပါဒန် ပါဠိတော်လာ ဥဒကဒါယိကာ ထေရီမ အကြောင်းလေးပါ စသည် များစွာ ရှိကြောင်း ဖတ်မှတ်ခဲ့ဖူးပါတယ်။

စာရေးတာက ရေးတတ်လို့ရေးတာ တော့မဟုတ်ရပါ။

ကိုဇာနည်ဘုန်းမော်က ကြုံတဲ့အခါ ရေးပေးပါဆိုတာနဲ့ ... . ရေးပြရတာပင် ဖြစ်ပါကြောင်း....။

အရှင်တေဇနိယ မုံလယ်ဇ
Photo credit.. . Fb မှ....Kyaekyae su

No comments:

Post a Comment