Wednesday, July 8, 2015

ရုပ်ဖြစ်ကြောင်း တရားလေးပါး။


ကဲ တခါပြန်ပြီးတော့မှ လေ့လာကြစို့ဆိုတော့...
ခန္ဓာဖွဲ့ သစ္စာဖွဲ့တယ်။ အဲတော့ ခန္ဓာ ရဲ့ အကျိုးအပြစ်တွေကို သိဖို့ ရုပ်နှစ်ခု တိုက်မှ ခန္ဓာ ပေါ်တာ။ စာလိုကတော့ အာရုံနဲ့  ဒွါရ။
အာရုံ ဆိုတာ... ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ။
ဒွါရက... မျက်စိအကြည်၊ နားအကြည်၊ နှာအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ စိတ်အကြည်။ အဲဒီလို နှစ်ခု တိုက်တဲ့အခါမှ ဆိုင်ရာ ဝိညာဏ်ပေါ်တယ်။ တစ်ဝိညာဏ်ထဲ ပေါ်လို့ ဖြစ်ရဲ့လား။ မဖြစ် ဘူး။သူနဲ့ သဟဇာတ ဖြစ်တဲ့ ဝေဒနာ၊သညာ၊ စေတနာ အဲလို စိစစ်ဖို့ မကောင်းလား။ စဉ်းစားနော်။ အဲတော့ ဝေဒနာ စေတနာ သညာ။ ဒါတော့ အဆင်းလို့ ခံစားတာ လူလား ဝေဒနာလား။ နတ်လား ဝေဒနာလား။ ဗြဟ္မာလား ဝေဒနာလား။ အဆင်းလို့မှတ်တာ လူ၊နတ်၊ ဗြဟ္မာလား သညာလား။ ခံစားနိုင်အောင် စေ့ဆော်တာ၊ မှတ်နိုင်အောင် စေ့ဆော်တာ လူ၊နတ်၊ ဗြဟ္မာလား စေတနာလား။ ဝေဒနာ၊ သညာ၊ စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါးမပြည့်လား။ ဤလေးပါးပြည့်စုံမှ မြင်သိစိတ်ဖြစ်တာ။ လူ၊နတ်၊ ဗြဟ္မာလား နာမက္ခန္ဓာလေးပါးလား။ နာမက္ခန္ဓာလေးပါး နော်။ အဲဒီ နာမက္ခန္ဓာလေးပါး အလိုလို ဖြစ်တာလား အကြောင်းကြောင့် ဖြစ်တာလား။ အကြောင်း ရှာတော့ ဘယ်သူလဲ။ ဟော အဖြေ မထွက်ဘူး။
ရုပ်နှစ်ခု။ မျက်စိအကြည်ရုပ်နဲ့ ရူပါရုံ အဆင်းရုပ်။ နာမက္ခန္ဓာလေးပါး အကြောင်း ရှာကြည့်တော့ မျက်စိအကြည်ရုပ် နဲ့ ရူပါရုံ အဆင်းပေါ့။ အဲဒီ နှစ်ခုတိုက်တော့ နာမက္ခန္ဓာလေးပါး မပေါ်လား။ နာမက္ခန္ဓာလေးပါး အကြောင်း ရှာကြည့်တော့ ရုပ်နှစ်ခု။ စာလို အာရုံနဲ့  ဒွါရပေါ့။ ရုပ်နှစ်ခုရဲ့ အကြောင်း ရှာကြည့်တော့ ကံ စိတ် ဥတု အာဟာရ။
အမျိုးသ္မီးလေး တစ်ယောက်က ရုပ်ဆင်းအင်္ဂါက ချော။ တကိုယ်လုံး ကြည့်တာ အလွန်လှတဲ့ အမျိုးသ္မီးလေး။ မျက်ပေါက်လေးက ကျဉ်းကျဉ်းလေးကွဲ့။ ကြားရဲ့လား။ အဲဒီ မျက်ပေါက်လေး ကျဉ်းကျဉ်းလေးကို ဥတုနဲ့ ပြင် ရပါ့မလား။ အာဟာရနဲ့ ပြင်ကား ရပါ့မလား။ စိတ်နဲ့ ပြင်ကား ရပါ့မလား။ ကံကြောင့် ဖြစ်တာ။ ကံကြောင့် ဖြစ်တဲ့ရုပ်။ အရုပ်ဆိုးတာ အကုသိုလ်ကံ။ လှတာ ကုသိုလ်ကံ။ ကဲ အဲဒါ ကုသိုလ်ကံ အကုသိုလ်ကံ သိဖို့ မကောင်းလား။ ကံကြောင့် ဖြစ်တဲ့ရုပ်။

ခန္ဓာကိုယ်လည်း ပြန်စဉ်းစားဦး။ မိမိက... ဒီနေ့ကတော့ အင်မတန် ပူတယ်ကွာ မပြောဘူးလား။ အဲဒါ ဥတုကြောင့် ဖြစ်တာ။ ဥတုကြောင့်ဖြစ်တော့ မျက်နှာတွေ ညှိုး မနေဘူးလား။ မွေးတည်းက ပါတာ ဟုတ်ကဲ့လား။ အပူကြောင့် ဖြစ်တာ ။မွေးကတည်းက ပါတာမဟုတ်ဘူး။ စဉ်းစားနော်။ ဆောင်းရာသီကျ မချမ်းဘူးလား။ မျက်နှာတွေ ကျုံ့ပြီးတော့ မနေလား။ အဲဒါ မွေးကတည်းက ပါတာ ဟုတ်ကဲ့လား။ အအေးကြောင့် ဖြစ်တာ။ ခန္ဓာကိုယ် ချွေးတွေ ထွက်ပြီးတော့မှ နေတဲ့ကိစ္စတွေက အပူကြောင့် ဖြစ်တာ။ အဲဒါ ဥတုကြောင့် ဖြစ်တာ။ ဥဏှဥတု။ သီတဥတု။ အအေးကြောင့်တော့ ခန္ဓာကိုယ်ကျုံ့တယ်။

ကဲ တခါ မိမိကနေပြီးတော့  စိုက်ပျိုးရေး လုပ်ကြဦးစို့။ စိုက်ပျိုးရေးလုပ်တဲ့အခါ ခရမ်းချဉ်တွေ ပျိုးပြီးတော့ မပြောင်းရဘူးလား။ ကြက်သွန်တွေ ပျိုးပြီးတော့ မပြောင်းရဘူးလား။ ဂေါ်ဖီထုပ်၊ မုန်လာတွေ ပျိုးပြီးတော့ မပြောင်းရဘူးလား။ ပြောင်းပြီးတော့ ပြောင်းလာတဲ့အခါမှာ ဟိုမှာ ရေလေးပြတ်သွားတဲ့အခါ မညှိုးဘူးလား။ ရေလေး လောင်းလိုက်တဲ့အခါ လန်းဆန်းပြီးတော့ လန်းမလာဘူးလား။ ဟော ဒါ အာဟာရကြောင့် ဖြစ်တာပေါ့။ စဉ်းစားဖို့ မကောင်းလား။ စဉ်းစား ရေပေးတော့ လန်းလာခဲ့တယ်နော်။ အခုလည်း          မိမိက     စားနေကြ သောက်နေကြ ဆယ်နာရီမှာ စားနေကြ၊ ဆယ်နာရီမှာ မစားရ၊ ဆယ့်တစ်နာရီလည်း မစားရ။ ဆယ့်တစ်နာရီခွဲလောက် ဆိုတော့ကာ မျက်နှာလေးတွေ ညှိုးလို့မနေလားဟဲ့။ ရေမရှိတဲ့ သစ်ပင်လေး ကဲ့သို့။ ကြားလား။ အစားအသောက်လေး သွင်းလိုက်တော့ခါ ပြုံးလို့ ရွှင်မလာဘူးလား။ ရေလောင်းလိုက်တဲ့ သစ်ပင်လေးကဲ့သို့နော်။ အဲဒါကြောင့် ရုပ်နှစ်ခုက အကြောင်းရှာကြည့်တော့ ကံ စိတ် ဥတု အာဟာရ။

ရုပ်နှစ်ခုက အကြောင်းရှာကြည့်တော့ ကံ စိတ် ဥတု အာဟာရ။ နာမက္ခန္ဓာလေးပါးအကြောင်းရှာကြည့်တော့ ရုပ်နှစ်ခု။ တခါ စိတ်ကြောင့်ဖြစ်တဲ့ရုပ်။ စိတ်ကြောင့်ဖြစ်တဲ့ရုပ်က ဘယ်လိုတွေလဲ။ သားအမိ သားအဖ ဟိုတုန်းကသုံးယောက် သုံးယောက်မှာ မိခင်ကြီးက သားလေး သုံးနှစ်သားလေးမှာ သေသွားတာ။ သေသွားတော့ သဂြိုဟ်လို့ သားအဖနှစ်ယောက် နေရတယ်။ ငါးနှစ် ခြောက်နှစ်ကြာတော့ ကျောင်းထား။ သားလေးကလည်း လိမ်လိမ်မာမာ။ သားလေးကြီးတော့ အဲဒါ အတန်းလေးကလည်း မိမိကနေလို့ မူလတန်းက ပထမရတယ်။ နှစ်တန်းကျလည်း  ပထမ။ သုံးတန်းလည်း ပထမ။ လေးတန်းလည်း ပထမ။ စကော်လား သွင်းလိုက်တာ။ ရှေးစကား ရှေးစကား။ အဲဒါ အစိုးရအထောက်အပံ့နဲ့ ဘွဲ့လွန်အထိ အစိုးရ ထားပေးတာဗျ။ ကြားရလား။
နောက်ပြန်ကြည့်တော့ သား လိမ်လိမ်မာမာ။ အိမ်ထောင်ပြုရမလား။ အင်း ဒီသားလေး မိထွေးနဲ့တည့်ပါ့မလား။ မစဉ်းစားဘူးလားဟေ့။ စဉ်းစားတာကွဲ့။ အင်း မဖြစ်ဘူးဟေ့ ငါမပြုပါတော့ဘူး။ သားနဲ့ပဲ နေတော့မယ်။ အဲ စိတ် စိတ် စိတ် စိတ်တွေဖြစ်နေတာ။ ဒါနဲ့ အဲဒီသားလေးက ဘွဲ့လွန်ပြီးရင် ဟော ဗိုလ်သင်တန်းတက်တော့တာ ဗျ။ ခြောက်လသင်တော့ကာ ရလာခဲ့ပြီ တစ်ပွင့်။ နောက်တစ်နှစ်လောက် နေပြန်တော့ တက်ပြန်တယ်။ နှစ်ပွင့်။ နောက်သုံးပွင့်။ ရှေးစကား ကပ္ပတိန်ပေါ့ကွာ။ အင်း ရှေးစကား ကပ္ပတိန်ပေါ့။ အဲ ကနေ လစာ ထောင့်နှစ်ရာ။ ရှေးငွေ ရှေးငွေ ရွှေတစ်ကျပ်သား လေးဆယ်ဈေးနှုန်းက။ အင်း ထောင့်နှစ်ရာ။ ငါးရာကို ဘဏ်မှာ စုတယ်။ ငါးရာကို မိဘကို ပေးတယ်။ နှစ်ရာက အရေးပေါ်သုံးတာ။ အဲတော့ အဖေ လောကကြီးမှာ ဘယ်နေရာမှ အဆင်မပြေဘူး။ အားကိုးစရာ တရားသာရှိတယ်။ တရားကို လေ့လာပါ။ သားကပြောတော့ အဖေက သားစကား နားထောင်တာပေါ့။ တရားစာအုပ်နဲ့ ပတ်သက်တာ ဘာလိုသလဲ မှာ။ သား ပို့လိုက်မယ် အဲလို။ အဲဒါ ငွေကလည်း ငါးရာ မှန်မှန်ပို့တော့ ဇိမ်ကျကျ တရားဝင်လိုက်။ အပေါင်းအဖော်တွေနဲ့ဆွေးနွေးလိုက်။ လက်ဘက်ရည်လေးတွေ သောက်လိုက်။ ခေါ်လိုက် ဆွေးနွေးပွဲလုပ်။ အဲလိုကျ။ နောက်တော့ကာ ကြေးနန်းတစ်စောင် ပေါ်လာတော့တယ်။ အဖေ အဲတာ အခု နေမကောင်းလို့ ဆေးရုံ တက်နေရပြီ။ သေမှာနဲ့ ရှင်မှာ သေမှာက များနေတယ်။ ကြုံရာကားနဲ့ အမြန်လိုက်ခဲ့။ မျက်နှာကြီး ပြူးသွားပြီး။ မျက်နှာကြီး ကဲ ပြုံးတာတွေ ရှိသေးရဲ့လား။ စိတ်ကြောင့် ဖြစ်တာ။ မွေးကတည်းက ပါတာ ဟုတ်ကဲ့လား။ စိတ်ကြောင့် ဖြစ်တာ။ မျက်နှာကြီး အိုနေတော့တာ။ ပြီးပြီ ငါ့သားသာ သေရင်တော့ကာ ပြီးတော့တာဟေ့။ ကြားလား။ သားကို အားကိုးနေတာလေ။ မျက်လုံးပြူးနေတော့တာ မျက်နှာမလှဘူး။ ကဲ ကားကိုသွားမေးတော့လည်း ကားက မရှိ။ ဟိုကားမေးလည်း ပျက်နေတာ ဦးရဲ့။ ထွက်လို့မရပြီ။ အိပ်လို့ ပျော်ပါ့မလားဟေ့။ အိပ်လို့ မပျော်တော့ဘူး။ စားလို့ရော မြိန်ပါ့မလားဟေ့။ မမြိန်တော့ဘူး။ အဲဒါ လေးငါးခြောက်ရက် ခုနှစ်ရက်ကြာတယ်။ ဟော ကားပျက်နေတဲ့ပုဂ္ဂိုလ်က ဦးကောင်းသွားပြီ။ လိုက်မယ်ဆို ကျုပ် မနက်ဖြန်ခါထွက်မှာ။ အဆင်သင့်လုပ်ထား။ အဲ လိုက်ပါရစေကွာ။ အင်း တရားဆွေးနွေးဖက်တွေက လာတာပေါ့ နှုတ်ဆက်။ ကဲကဲ ငါတို့ထဲမှာ မင်းအတော်ဆုံးကွဲ့။ ငါတို့က သတိလောက်သာ ပေးနိုင်တာဟေ့။ မင်းအတော်ဆုံး။ မပူဘဲလည်း မရှိ။ ပူလည်း မပူနဲ့။ မပူဘဲလည်း မရှိနဲ့။ အဲဒီလို သတိပေးတော့တာ။ အဲဒီလို ပြောပြောဆိုဆိုနဲ့ ကြေးနန်းတစ်စောင် ပေါ်လာတော့တာ။ထိတ်ကနဲ သွားတော့တာ။  ကြေးနန်းတစ်စောင် ပေါ်လာတာ။ ကဲ ဖောက်ပြီးတော့ ဖတ်ကြစမ်းဟေ့။ ဖောက်ပြီးတော့ ဖတ်ကြစမ်း။ ဖောက်ပြီးတော့ အဖတ်ခိုင်းတာ။ ကြေးနန်း အသွားအလာက ကောင်းတော့ အားလုံးနားထောင်ကြ။ အဖေတဲ့ ဆေးရုံတက်တာ ငါးရက်ကြာတယ်။ ဆရာဝန်ကောင်းနဲ့တွေ့ ဆေးကောင်းနဲ့တွေ့ နှစ်လုံးသာ ထိုးရတယ်။ ရောဂါပျောက်သွားတယ်။ အခုဆေးရုံက ဆင်းခဲ့ပြီ။အခု လကုန်သွားရင် ခွင့်တစ်လ ရတယ်။ အစိုးရ သိန်းထီ ငါးသောင်းပေါက်တယ်။ ပြန်ခဲ့မယ်။ ပြုံးသွားတာပါ့ကွဲ့။ ကဲ စိတ်ကြောင့်ဖြစ်တာ။ ကံ စိတ် ဥတု အာဟာရ ။ကဲ ရွှင်မလာဘူးလား။ မွေးကတည်းက ပါတာ ဟုတ်ကဲ့လား။ အဲဒါမို့ ကံ စိတ် ဥတု အာဟာရ  အကြောင်းတရားတွေနော်။
နာမက္ခန္ဓာလေးပါးအကြောင်းရှာကြည့်တော့ကာ ရုပ်နှစ်ခု။ ရုပ်နှစ်ခုရဲ့အကြောင်းရှာကြည့်တော ကံ စိတ် ဥတု အာဟာရ လေးပါး။ ကဲ သူတွေငါတွေလား အကြောင်းအကျိုးလား။ အဲလို စိစစ်ဖို့ မကောင်းလား။  ထိထိမိမိ အဲဒါ သဘောပေါက်ဖို့ လိုတယ်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅) ည (၇) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment