Wednesday, July 8, 2015

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ။


================
ကဲတစ်ဦး တစ်ယောက်က နေပြီးတော့မှ လေ့လာကြ။ ဆဲမယ်။ ဘယ်လိုတွေလဲ လို့ စဉ်းစားဦး။ ဆဲမယ် ဆိုမယ် ဆိုတဲ့အခါ အရှက်ကွဲလောက်အောင်ပေါ့။ ဘယ်လိုတွေ အရှက်ကွဲလောက်အောင်လဲ လို့  ပြန် စဉ်းစားကြည့်ကြ ။ အဲဒီ အမျိုးသ္မီးဟာ ကျောင်းကန် ဘုရားတော့ သွားတယ် ဥပုသ် ဆောက်တယ်။ မိမိ လုပ်တယ် ကိုင်တယ်။ နို့မို့  ညမှာ ခိုးတယ်ကွဲ့။ ငါဘယ်နှစ်ခါ တွေ့ပြီ တကယ် ခိုးတယ်။ အဲလိုလေး ပြောလိုက်ရင်  အဲဒီလူဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်မလား စိတ်ဆိုးမလား။ စိတ်ဆိုးမယ်။ အဲဒါ စိတ်ဆိုးတာ ကုသိုလ်လား၊ အကုသိုလ်လား။ ဟော အဲဒီ အကုသိုလ်တရားတွေ ဘယ်ဆီက လာတာလဲ လို့ စိစစ်ဖို့ မကောင်းလား။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ လို့မဟောဘူးလား။ အဝိဇ္ဇာ ကြောင့် သင်္ခါရဖြစ်တာ။ အဝိဇ္ဇာ ဘာကို ခေါ်တာလဲ လို့ပြန် စိစစ်ဖို့မကောင်းလား။ ကဲ အခုလို ပြောတဲ့အခါမှာ မြင်တာလား ကြားတာလား။ အသံ ရူပက္ခန္ဓာနော်။ ခိုးတယ် ပြုတယ်ဆိုတာ မြင်တာလား ကြားတာလား။ အသံ ရူပက္ခန္ဓာ တရားမှာ ခိုးတယ်လို့ နှလုံးသွင်း မမှားလား။သြော်  နှလုံးသွင်း မှားတာနော်။ ဝိဇ္ဇာလား အဝိဇ္ဇာလား။ ဟော အဝိဇ္ဇာပေါ့။ အဝိဇ္ဇာ ဆိုတော့ကာ အဝိဇ္ဇာက စဉ်းစား နှလုံးသွင်းမှားတာ အဝိဇ္ဇာ လို့ မဟောဘူးလား။ ပါးစပ်က ဆဲလိုက်တာ သင်္ခါရ။ ဟော ဝစီသင်္ခါရ လို့မဟောဘူးလား။ ခြေလွန်လက်လွန် လုပ်တာတော့ ကာယသင်္ခါရ။ ဤနှစ်ခု အထမြောက်တာ စိတ္တသင်္ခါရဗျ။ အဲဒါ စိတ်က ဒီလိုဆိုတော့ မခံချင်ဘူး။ ပြောမယ်။ ငါ့ ဘာထင်လဲ  ဟော ဝစီသင်္ခါရ ဖြစ်ပြီ။ ခြေလွန် လုပ်တာက ကာယသင်္ခါရ။ သင်္ခါရပစ္စယာ ဝိညာဏံ။ ဘယ်ဝိညာဏ်လဲ အပါယ် ဝိညာဏ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံပေါ့နော်။ အဲဒီလို မရှိဘူးလား။ ဒီလို ဆိုတော့ ခန္ဓာဖွဲ့ သစ္စာဖွဲ့သိဖို့ လိုတာပေါ့။ မလိုဘူးလား။ အဲဒီလို လိုတယ်။ လိုတဲ့အခါ ပြန်ကြည့်တော့ခါ ကြားရင် သတိ သတိပြုတော့ကာ ဟော သူခိုးလား အသံလား။ အသံလို့ကြားတော့ နှလုံးသွင်း မမှန်လား။ သူခိုးလို့ ကြားတော့ ကာ နှလုံးသွင်း မမှားလား။ မှားတာ အဝိဇ္ဇာနော်။ မှားတော့ ကော်ဆဲတာ ဝစီကံပေါ့။  ခြေလွန် လုပ်တာ ကာယကံပေါ့။ စဉ်းစားဖို့ မကောင်းလား။ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ။ အဲဒီကံတွေကြောင့် အပါယ်ကို မကျဘူးလား။ ကဲ နှလုံးသွင်းမှန်မယ် အသံလို့သာ သိမယ်ဆိုရင် သူခိုးကား တွေ့သေးရဲ့လား။ ပုဂ္ဂိုလ်သတ္တဝါကား တွေ့သေးရဲ့လား။ အသံလို့ ကြားသိတာက သောတဝိညာဏ်က နာမ်တရားမရလား။ အသံက ရုပ်တရားမရလား နာမ်ရုပ်နှစ်ပါး။ သူခိုးလား နာမ်နှင့်ရုပ်လား။ ကဲ ဒိဋ္ဌိမပြုတ်ဘူးလား။
အဲဒီ အသံ ရူပက္ခန္ဓာက ကြားပြီးတော့ မပျက်လား။ ကြားသိစိတ် သောတဝိညာဏ် ကလည်း ကြားသိပြီးတော့ မပျက်လား။ ပျက်ရင် နိစ္စလား။ အနိစ္စလား။ အနိစ္စ မမြဲခြင်းတရားသည် ချမ်းသာတဲ့ တရားလား။ ဆင်းရဲတဲ့ တရားလား။ ဆင်းရဲတဲ့တရား ကို သုခလို့ ဟောမလား ဒုက္ခ။ ဤဒုက္ခတရားကို ပိုင်သူရှိရဲ့လား။ သတ္တဝါ အလိုသို့ လိုက်ကဲ့လား။ အကြိုက်သို့ ပါရဲ့လား။ အနတ္တလို့မဟောလား။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တွေ့ပြီ။ အဲတာ ပွားလို့တွေ့တာ။ ပွားလို့သိတာ။ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား။ ကဲ ချမ်းသာတဲ့တရားလား။ ဆင်းရဲတဲ့တရားလား။ ကဲ စဉ်းစားနော်။ နာမ်ရုပ်ကို တွေ့တုန်းက ကဲ သူခိုးမသား တွေ့သေးရဲ့လား။ သူခိုးကား တွေ့ရဲ့လား။ တွေ့တာက သူခိုးလား နာမ်နှင့်ရုပ်လား။ သြော် သူခိုးမသားလား နာမ်နှင့်ရုပ်လား။ ဉာတပရိညာ နာမ်ရုပ်ပဲ တွေ့တယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တွေ့တော့ခါ နာမ်ရုပ် တွေ့သေးရဲ့လား။ တီရဏပရိညာ။ စဉ်းစားဖို့ မကောင်းလား။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅) ည (၇) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment