<<အကုသိုလ်မြားနဲ့ အရှောင်ကောင်းပုံ>>
############################
စိတ်ဆိုးတာ... ကုသိုလ်လား အကုသိုလ်? ။
ဒါ...စိတ်ဆိုးတာ အကုသိုလ် နော်။ စိတ္တသင်္ခါရလို့ မဟောဘူးလား။
စိတ္တသင်္ခါရဖြစ်တော့ စိတ်ထဲမှာ ပြည့်လျှံ လာတဲ့အခါ အာလွန် လျှာလွန်တွေ မပြုဘူးလား။ ဝစီသင်္ခါရကွဲ့။ အဲဒါ ကုသိုလ်လား အကုသိုလ်?။ ပြန်ပြီးတော့ ဆဲလိုက်တာလေ။
ဟိုကဆဲလိုက်တာက ကိုယ့်ကို အပုပ်ရည်သွင်းတဲ့ စကားမျိုး ပြောလိုက်တာ... အကုသိုလ်မြားနဲ့ ပစ်လိုက်တာ...ဟိုက။ အကုသိုလ်မြားနဲ့ ပစ်တဲ့အခါကျတော့ ...သုတအကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်က အကြောင်းအကျိုး သိတာပေါ့နော်။
သြော်... သူ့ခမျာ အကုသိုလ်တွေ ဖြစ်နေပြီလို့ မသိရဘူးလား။
ပြန်...ဆဲဦးမလား။ အဲဒါ ရှောင်တာကွဲ့။ ကဲ... ရှောင်တော့ကာ အကုသိုလ်မြား မှန်သေးရဲ့လား။ ရှောင်တတ်တာ။ ရှောင်လို့ လွတ်သွားတော့တာဗျား။ ပြန်ဆဲတဲ့လူဟာ သီလ ရှိလို့လား မရှိလို့လား။
ဒါ သီလရဲ့ အဓိပ္ပါယ် သိလို့လား မသိလို့လား။သြော် မသိဘဲကိုးကွဲ့။
မသိတာ အဝိဇ္ဇာ.. . ဆဲတာ သင်္ခါရ ကွဲ့။
ဘယ်လောက်များ ထင်ရှားသလဲနော်။ အဲလို လေ့လာဖို့ မကောင်းလား။ စဉ်းစားကွဲ့။ ဒါ။
ငါးပါးသီလ အကျိုးအပြစ်ကို နားလည်ဖို့လိုတယ်။ ထိထိမိမိလေ့လာနော်။
စဉ်းစားကြဦးစို့။ တခါ ပြန်ပြီးတော့... မြတ်စွာဘုရားဟောတာ။
အကုသိုလ် ကုသိုလ်တရားနဲ့ ပတ်သက်ပြီးတော့ အကျိုးပေးတာတွေ မရှိပေဘူးလား။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ။ စေတနာ အတိုင်း အကျိုးပေးတယ်ဆိုတာ လူတကာ နားထဲမှာ အကုန်လုံး ကြားသိရတယ်နော်။ လူတကာ နှုတ်ဖျားမှာ သိနေတယ်နော်။
စေတနာအတိုင်း အကျိုးပေးတယ်ဆိုတာ ယုံရဲ့လား။ ယုံတယ်နော်။
ယုံတယ်လို့သာ ပြောတာ ၊ အဓိပ္ပါယ် မသိဘူး။
ကြားလား။ ယုံတယ်သာ ပြောတာ အဓိပ္ပါယ် မသိဘူး။ အဲဒါ စိစစ်ဖို့ မကောင်းလား။
တဦးတယောက်ကနေပြီးတော့မှ ကိုယ်က နှမ်းအတင်း ၂၀ ဝယ်ခိုင်းထားတာပေါ့နော်။
ကြိုပေး ... သုံးထောင်ဈေး။ အတင်း ၂၀ အဝယ်ခိုင်းတာ။ သုံးထောင်ဈေး ဆိုတော့ ကိုယ့်ကို လာအပ်တော့ ချိန်ကြည့်တော့ကာ ၂တင်း ပျောက်နေတယ်ကွဲ့။ ၂တင်းလိုနေတယ်။
ဒီက ချိန်တဲ့ တင်းတောင်းကလည်း အများသုံးတဲ့ တင်းတောင်း သမာဓိလို့ တပ်ထားတာ။အပိုအလို မရှိ ကြားလား။ ခြောက်ဆယ်နဲ့ လေးစလယ်။ တစ်ရာ့နှစ်ဆယ် နဲ့ ရှစ်လုံး။
အဲလိုဆိုတော့ကာ... ကြားဖူးနားဝ မရှိတဲ့ ပုဂ္ဂိုလ် ။ စိတ်မဆိုးဘူးလား ..ဆိုးမလား။
၂တင်းပျောက်နေတာကိုးကွဲ့။ ငွေကြေးနဲ့တွက်ရင် ၆ထောင်လောက် မနစ်နာဘူးလား။
နစ်နာတယ်။
အဲဒီ ယူတဲ့လူဟာ ၂တင်းလောက်က သူက ယူထားတော့တာနော်။ ယူထားတော့ကာ ဟိုက တင်းသေးသေးနဲ့ ချိန်ပေးလိုက်တာကိုး။ ကဲ ၂တင်းက သူ့မှာ မရဘူးလား။ ကြိုပေးနဲ့ဆို ၆ထောင်လောက် ကိုက်တာပေါ့။
နှမ်းစေ့နဲ့တွက်ကာ နှမ်းစေ့နဲ့အမျှ ။ အကုသိုလ် ခံရဦးမှာကွာ။
အကုသိုလ်က အများကြီး ဝင်သွားပြီ။ သူကတော့ ဒါ ငါ လုပ်တတ်လို့ ရတယ်လို့ မပြောဘူးလား။ အဲဒါ.... အဲဒီ အတတ်က ....
**ငရဲကို သွားမည့် အတတ်**ကွဲ့။
စဉ်းစား....ဒါ လုပ်တတ်လို့ ရတယ် မပြောဘူးလား။ နှမ်းစေ့နဲ့တွက်ကာ... နှမ်းစေ့နဲ့အမျှ ၂တင်းလောက်ရှိတဲ့ နှမ်းစေ့နဲ့အမျှ ခံရမယ်ကွဲ့။ စဉ်းစားဖို့မကောင်းလား။
အဲဒီ လိမ်တဲ့ ပုဂ္ဂိုလ်ကလည်း အကုသိုလ် မဖြစ်ဘူးလား။ တခါ သုတအကြားအမြင်မရှိ... အလိမ်ခံရတဲ့ ပုဂ္ဂိုလ်ကလည်း စိတ်မဆိုးဘူးလား ။ စိတ်ဆိုးတာ ကုသိုလ်လား အကုသိုလ် ။ ဒါ...စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ။ စေတနာအတိုင်း အကျိုးပေးမယ်လို့ မဟောဘူးလား။
#ဟိုလူက လိမ်လို့စားရတဲ့ဟာက...စားပြီးကာမှ ခံရတာကိုးကွဲ့ ။
#ဒီက ပိုက်ဆံလည်း ကုန်သေးတယ်။အရှုံးလည်း ခံသေးတယ်။
ဟော...အချောင် အကုသိုလ် ခံတော့တာဟေ့။
#အကုသိုလ်ချင်းတူဦးတော့ ဟိုလူက စားလိုက်ရတာ။ ဒီက မစားဘဲနဲ့ ခံရတာ။ စဉ်းစားဖို့ မကောင်းလား။
စေတနာအတိုင်း အကျိုးပေးတယ် လို့ မဟောလား။ ဒါ သူ အကုသိုလ် ဖြစ်နေတာ အကျိုးပေးတော့မှာကွဲ့။ အဲလို ကံကို ယုံတဲ့ပုဂ္ဂိုလ်က စိတ်ဆိုးဦးမလား။ မဆိုးတော့ဘူးနော်။ မဆိုးဘူး...အဲဒါ ကံကိုယုံကြည်တဲ့ ပုဂ္ဂိုလ် ကြားလား။
ဘယ်လိုကြောင့် ဒီလို ဖြစ်တာလဲ။
အကြောင်းရှိလို့ အကျိုးတရားတွေပေါ့။ အဲလိုသိတော့ ဘဝအဆက်ဆက်က ကိုယ်ပြုခဲ့တာတွေကား မရှိပေဘူးလား။ ဖြစ်တဲ့ဘဝမှာ မီတဲ့အခါ မခံရဘူးလား။
အဲလို အကျိုးအပြစ်ကို သိတော့ စိတ်ဆိုးသေးရဲ့လား။မဆိုးတော့ဘူးနော်။ မဆိုးတော့ကာ ပြန်ပြီးတော့ လေ့လာဖို့ လိုတယ်နော်။ သူ့စေတနာလေးက အကျိုးအပြစ်ကို သိလို့ စိတ်မဆိုးတာ မေတ္တာ ပျက်ကဲ့လား။ ပျက်ဘူးကွဲ့နော်။
နှမ်းအနေနဲ့ အတင်းက ၂တင်းရသွားပြီ။ ကြားလား ။ ဒီပြင်လူတွေက... အဲလို... ဟိုလူက ရောင်းချတာ... ၂တင်း လျော့ ဖြစ်တာပေါ့။ သူကလည်း လေးထောင်ဈေး ငါးထောင်ဈေးနဲ့ ရောင်းလိုက်ရတာပေါ့။ စဉ်းစားဖို့မကောင်းလား။
လေးထောင်ဈေး ငါးထောင်ဈေးနဲ့ ရောင်းလိုက်ရတယ်။ ဟော...ဒီက ပုဂ္ဂိုလ်က မိမိက သူကပြုတော့ကာ ဈေးအတက် တတင်းကို တသောင်းလောက်နဲ့ သွားညားနေတော့တာနော်။
တသောင်းလောက်ဆိုတဲ့ အခါကျတော့ အတင်း၂၀...ဆိုတော့ကာ ကဲ ပြန်စိစစ်ဖို့ မကောင်းလား။ဟိုမှာ ရှုံးတာက ခြောက်ထောင် လောက်သာ ရှုံးတာ။ သူ့စေတနာ မေတ္တာ တရားက ကောင်းတဲ့အခါ ... ကဲ အမြတ်တွေဟာ ဟိုက သူရှုံးတာထက် မကဘူး...အမြတ်တွေက။ ဒါ သူ့စေတနာလေးက အကျိုးပေးတာ မထင်ရှားဘူးလား။
အဲတော့... ဓာတ်ဗူးထဲမှာ ရေအေးလေး ထည့်ထားလိုက်။ ပူမလား အေးမလား။ သြော် အေးတာကိုးကွဲ့။ သူ့စေတနာအတိုင်း အကျိုးပေးတော့တာနော် ။
အဲဒီအကျိုးအပြစ်တွေကို သိချင်ရင် ဟိုက ၂တင်းလောက် နစ်နာအောင်ပြောတော့ကာ ကိုယ်က စိတ်မဆိုးဘူးလား ။ ပူလာတော့တာဟေ့။ စဉ်းစားဖို့မကောင်းလား။ အကုသိုလ် တွေ ဖြစ်မလာဘူးလား။ ကြောက်စရာကောင်းတယ်နော်။
ဒါ စိတ်ချမ်းသာအောင်နေတော့ အကျိုးအပြစ်ကို သိတဲ့အတွက် စိတ်ဆိုးသေးရဲ့လား။ မဆိုးဘူး ဒါ။ မဆိုးရင် သူ့စေတနာလေးက အအေးဓာတ်က အကျိုးပေးဦးမယ် ။ အဲလို လူတွေ အဆင်ပြေတာ အဲဒီဘက်က ကြည့်ရတယ်ကွဲ့နော်။ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ လို့မဟောဘူးလား။
အဲလို နှမ်းနဲ့ ပတ်သက်သလို ငွေကြေးကိစ္စ ချေးတာငှါးတာဖြစ်စေ တခုခု အရာဝတ္ထုဖြစ်စေ အဲသလို တိုက်ဆိုင်တိုင်း တိုက်ဆိုင်တိုင်း အကြောင်းတိုက်ဆိုင်ရင်.... ခန္တီ ပရမံ တပေါ။
သည်းခံခြင်း မြတ်တယ်လို့ မဟောဘူးလား။ အမြတ်တွေ ထွက်တာ အဲဒါတွေကိုးကွဲ့။
သည်းခံနိုင်တာ။ အဲလို လေ့လာဖို့မကောင်းလား။
ကိုယ့်ကို အပုပ်ရည်သွင်းတဲ့ စကားမျိုးတွေ ... အပြောအဆို ခံရတာတွေနော်။ အကြောင်းရှိလို့ အကျိုးတရားတွေ မပေါ်လား။
အဲလို အကျိုးအပြစ်ကို သိတော့ စိတ်ဆိုးသေးရဲ့လား။ မဆိုးတော့ဘူးကွဲ့နော်။
ဟိုကတော့ အကုသိုလ်မြားနဲ့ ပစ်လိုက်တာပေါ့။
ပစ်တော့ ဒီကနေပြီးတော့မှ သုတအကြားအမြင်ရှိတော့ အရှောင်ကောင်းတဲ့အတွက် ကဲ... လွတ်မသွားဘူးလား။ ပြန်လို့ ဆဲသေးရဲ့လား။ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ ရှောင်တာ နော်။ အရှောင်ကောင်းတော့ အကုသိုလ် ကိုယ့်မှာ ဖြစ်သေးရဲ့လား။
အဲဒါ သီလခံ သီလခံ လို့ မပြောဘူးလား။ အဲဒါ သီလရှိတာ သိရတော့တာနော်။ ပြန်ဆဲတဲ့လူဟာ သီလရှိလို့လား မရှိလို့လား။ အဲသလိုလည်း စဉ်းစားဦးကွဲ့။
ဒါ အခုတော့ မိမိကလည်း တတင်းမှာ အရောင်းအဝယ်လုပ်တော့ တတင်းမှာ ခပ်လျော့လျော့နဲ့ရောင်းတော့ကာ ဟော... တတင်းမှာ နှစ်စလယ်လောက် တိုးလာတယ်။ ကြားလား။ လုပ်တတ်ကိုင်တတ်တယ် သူက မလာဘူးလား။
အရင်းအတိုင်း ရောင်းတာတောင်မှ နှစ်စလယ်လောက် တိုးလာခဲ့တာကိုး။ အဲလို စိစစ်ဖို့ မကောင်းလား။ အကုသိုလ်ဝင်တော့တာကွဲ့။ အဲသလို ယူတာ ကုသိုလ်လား အကုသိုလ်။
အကုသိုလ်ဟာ ဘုရားက ချမ်းသာတယ်လို့ ဟောတာများ ကြားဖူးရဲ့လား။ ဆင်းရဲတယ်လို့ မဟောဘူးလား။
အကျိုးပေးတော့မှာ ဟောဒီ အကုသိုတွေက။
လိမ်လို့ရတာ ခိုးလို့ရတာ နည်းအမျိုးမျိုးနဲ့ လုပ်လို့ရတာတွေ ဒါ အကုသိုလ်နော်။ အကုသိုလ် အကျိုးပေးတော့မှာ တနေ့နေ့ အကျိုးပေးတော့မှာ ။ ကြောက်စရာ မကောင်းလား။
အဲလို စိစစ်ဖို့ လိုတယ်ကွဲ့။ ကမ္မံ ဝိပါကဿ။
ကံကို ယုံကြည်ရမယ်နော်။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
၁၉.၂.၂၀၀၄နေ့.၂နာရီ အချိန်။
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ