#####################
ကမ္မဿကတာသမ္မာဒိဋ္ဌိ ကံ ကံရဲ့ အကျိုးကို ယုံကြည်တဲ့ ပုဂ္ဂိုလ်...
ဗေဒင်ကြည့်စရာ လိုသေးသလား။
နတ်ကတော် မေးစရာ လိုသေးသလား။
ဂိုဏ်းတွေ ဂဏတွေ လိုသေးရဲ့လား။ စဉ်းစားနော်။ အဲဒီ ကံကို ယုံကြည်ဖို့ရာလည်း အတော်ဘဲကွဲ့။
တချို့ တချို့နေရာတွေမှာ တရားတော့ တွင်တွင်နာရဲ့ ၊ ဟိုနတ်က တမျိုး။
နတ်တောင်မှ သုံးလေးမျိုးဟေ့။ စဉ်းစားဖို့မကောင်းလား။
ဝိဇ္ဇာ ပုံတွေက တမျိုးကွဲ့။
အဲလိုတွေ ရှိတယ်။ မေးကြည့်တော့...ဗုဒ္ဓ ဘာသာတဲ့ဗျား။ ဘုရားအယူ တဲ့ဟေ့။
ဘုရားအယူက နတ်တွေ ကိုးကွယ်ပါမလား။
ဂိုဏ်းတွေ ဂဏတွေ မေးဦးမလား။
ဗေဒင် ကြည့်ဦးမလား။
စဉ်းစားဦးနော..။
အဲလို စိစစ်ဖို့ မကောင်းလား။
ဒါကြောင့် ဘုရား အယူဆိုတာ...ခန္ဓာ သိဖို့ သစ္စာ သိဖို့ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး သိဖို့ လိုတယ်။
"တရားပျောက်တော့ ကိုယ်မှာရှာ
ကိုယ်မှာရှာ တော့ တရားတွေ့တယ်"မဟောဘူးလား။ ကဲ... ဝိပဿနာ ဉာဏ် မဂ်ဉာဏ်တဲ့နော်။ သမ္မုတိသစ္စာ ဘက်ကတော့ ကုသိုလ်ကံ အကုသိုလ် ကံပေါ့ကွဲ့။
အကြောင်း ရှိတော့ အကျိုးတရားတွေ ပေါ်တာ။
ငရဲကိုသွားတာ... ဗြဟ္မာတွေက ပို့တာလား ၊ ကိုယ်ပြုတဲ့ အကုသိုလ်ကံလား။
စဉ်းစား... ဘယ်နတ်ကမှ မပို့ဘူးကွဲ့နော်။
အဲလို လေ့လာဖို့ မကောင်းလား။
စိစစ်ဖို့လိုတယ်။
အဲဒါ နတ်ကိုက်တယ် ဘာကိုက်တယ် စုန်းကိုက်တယ် လို့ မပြောဘူးလား။
အကြောင်းရှိလို့ အကျိုးတရားတွေ ပေါ်တာ။
ဘဝအဆက်ဆက်က ကိုယ်ပြုခဲ့တဲ့ အကြောင်းတရားရှိရင် အကျိုးတရားတွေ မပေါ်ဘူးလား။
ကမ္မံ ဝိပါကဿ။နော်
အကြောင်းရှိလို့ အကျိုးတရားတွေ ပေါ်တာ။
ဒီဘဝမှာ ကိုယ်က သန့်ရှင်းတယ် ထားဦးနော်။
ဘဝအဆက်ဆက်က ပြုလုပ်တာတွေ မီလာရင် လွတ်ပါမလား။ မလွတ်ဘူးကွဲ့။
အဲဒါ ကံကို စဉ်းစားဖို့ လိုတယ် ။
ယုံကြည်ဖို့ လိုတယ်။
အကြောင်းရှိလို့ အကျိုးတရားပေါ်တာ။
အလိုလို ဖြစ်ပါမလား။
မဖြစ်ဘူး။ အကြောင်းကြောင့် အကျိုးတရား ပေါ်တယ်လို့ မြတ်စွာဘုရား မဟောဘူးလား။ ကမ္မံ ဝိပါကဿ။ ကွဲ့
စားဝတ်နေရေး ပြေလည်တာကလည်း ဘယ်ဗြဟ္မာ သိကြားမှ မ-တာ မဟုတ်ဘူးနော် ။ကုသိုလ်ကံကွဲ့။
မပြေတာ အကုသိုလ် ကံ။
ယုံကြည်ဖို့ မကောင်းလား။ အဲဒါ ကံကို စဉ်းစား။ ကိုယ်လုပ်ခဲ့တဲ့...။ သမ္မုတိသစ္စာ မှာလေ။ ယုံကြည် ဖို့ မကောင်းလား။
အားကိုးစရာက ဉာဏ်။
ယုံကြည်ရမှာက ကံ။
ကံကို ယုံကြည် ... ဗေဒင်မလာနဲ့၊ ကြားလား။
နတ်ကတော် မေးစရာ မလိုပြီနော်။
ဂိုဏ်းတွေဂဏတွေ ဝိဇ္ဇာမေးစရာ မလိုတော့ဘူးနော်။ အဲဒါ ကံကို ယုံကြည်တဲ့ ပုဂ္ဂိုလ် ။
ကံကို မယုံကြည်သေးတော့ ဂိုဏ်းနဲ့ ဂဏနဲ့ ဝိဇ္ဇာနဲ့ ဘာနဲ့ နတ်တွေ ဗေဒင်တွေပေါ့ကွာ။
ကံ ယုံကြည်တဲ့ ပုဂ္ဂိုလ်ဟာ မေးစရာ လိုသေးသလား။ အကြောင်းရှိလို့ အကျိုးတရားတွေ ပေါ်တာရယ်...။
ဒီလိုတွေ စိစစ်ရမယ်နော်။
အကုသိုလ်ကံ အကြောင်းကြောင့် အကုသိုလ်ကံ အကျိုးတွေ ပေးမှာပေါ့။
ကုသိုလ်ကံ အကြောင်းကြောင့် ကုသိုလ်ကံ အကျိုးတွေ ပေးမှာပေါ့။
ထိထိမိမိ စဉ်းစားကွဲ့။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ
၁၁.၉.၂၀၀၁ နေ့ ၂နာရီ ။
ပဲခူးဆယ်မိုင်ကုန်း မုံလယ်တောရ ဓမ္မရိပ်သာ။
No comments:
Post a Comment