#################
သက္ကာယဒိဋ္ဌိ ဖြုတ်တဲ့နေရာမှာ ဥပမာ လိုတယ်နော်။
မကြားစဖူး ကြားဖူးထပ်မံပေါ့။
မြေကြီး.... အိုးလုပ်တဲ့ မြေကြီး အစားထဲကနော်။ရေနဲ့ သမအောင် နယ်ရတာပေါ့။
နယ်လို့ အစေးပေါက်လို့ ပုံသွင်းလို့ ရတဲ့အခါ...
ဆင်ကောင်ကြီး လုပ်လိုက်တာပေါ့။
ဆင်ကောင်ကြီးလေ။စွယ်စုံကြီးပေါ့။ စားပွဲပေါ်မှာ တင်ထားလိုက်နော်။
တရားနာပရိသတ်တွေ... မင်းတို့ ဘာတွေ မြင်သလဲ လို့ မေးရင် ဘယ်လို အဖြေပေးမလဲ။
ဆင်ပဲ မြင်တယ်နော်။
စဉ်းစားဖို့မကောင်းလား။
အဝိဇ္ဇာ မျက်လုံးတပ်ကြည့်တော့ ဆင်မြင်တာပေါ့။ အဖေမိဘမွေးတဲ့ မျက်စိနဲ့ ကြည့်တော့ ဆင်ကို မြင်တာပေါ့။
လက်တွေ့မျက်တွေ့နော်။ ထင်တာနဲ့ မိမိတွေ့တဲ့တရားနဲ့ ပိုင်းခြားဖို့လိုတယ်။
စွန်းလွန်း ထေရုပ္ပတ္တိထဲမှာ...
အရှိကိုကြည့် မရှိတာကို မြင်တတ်တယ် လို့ မဟောဘူးလား။
အဲဒီဆင်ကြီးကို မိမိက ပေါက်ပေါက်ဆုပ်များ ဆုပ်သလို ဗယ်တပြန် ညာတပြန် ဆုပ်...ထုထစ်ပြီးတော့ ပြုလိုက်တဲ့အခါ ဆင်တွေ့မလား မြေကြီး တွေ့မလား။
အဲဒီမြေကြီးကို တစ်ကျပ်သားစီ တစ်ကျပ်သားစီ စုပြီးတော့ အရုပ်ပေါင်းတစ်ရာ လုပ်လိုက်တာပေါ့။ အရုပ်ပေါင်းတစ်ရာ လုပ်ပြီးတော့မှ စားပွဲပေါ်မှာ တင်ထားနော်။
တရားနာပရိသတ်တွေ...ဘာတွေ မြင်သလဲလို့ မေးရင် ဘယ်လို အဖြေပေးမလဲ။
အရုပ်ပေါင်းတစ်ရာ နော်။
အဲဒီ အရုပ်ပေါင်းတစ်ရာကို စုပြီးတော့မှ နေလှန်း နင်းနယ်ပြီးတော့မှ ထုထစ်...လက်နဲ့ ဆုပ်နယ်ကြည့်တဲ့အခါ အရုပ်ပေါင်းတစ်ရာ တွေ့မလား မြေကြီး တွေ့မလား။ စဉ်းစားနော်။
အဖေမိဘမွေးတဲ့ မျက်စိနဲ့ ကြည့်တော့...
အရုပ်ပေါင်းတစ်ရာ ပေါ့။
ဉာဏ်မျက်လုံး တပ်ကြည့်တဲ့အခါတော့...
မြေကြီး ပေါ့။ အဆင်းဓာတ်ပေါ့။
အရုပ်ပေါင်းတစ်ရာ ဘယ်လိုပါ့ လုပ်လုပ် မြေကြီးက ပြောင်းရဲ့လား။
မပြောင်းဘူးကွဲ့နော်။
အဲဒီ မြေကြီး ပေါ်မှာ ဆင်လို့ နှလုံးသွင်း မှားတာကွဲ့။
အရုပ်ပေါင်းများစွာ လို့ နှလုံးသွင်း မမှားဘူးလား။
စဉ်းစားဖို့ကောင်းတယ်နော်။ ရာဂဒေါသမောဟ ဖြစ်တာတွေ စိစစ်ဖို့မကောင်းလား။
မြေကြီးနဲ့ တူတဲ့ အဆင်းရူပက္ခန္ဓာမှာ ဖြစ်တာလား။ အရုပ်ပေါင်းတစ်ရာ မှာ ဖြစ်တာလား။အရုပ်ပေါင်းတစ်ရာမှာ ဖြစ်တာ။
တကယ်ရှိတာက အရုပ်ပေါင်းတစ်ရာ လား မြေကြီး လား။
အဲဒီအတိုင်းသာ အမှန်သိဖို့ မလိုလားဟေ့။
အမှန်သိရင် အမှားမပျောက်လား။
စဉ်းစားနော်။
တခါ တယောက်နဲ့တယောက် အပုပ်ရည်သွင်းတဲ့ စကားတွေ ပြောကြည့်တာပေါ့။
အသုတဝါ ပုထုဇ္ဇနော အကြားအမြင် မရှိတဲ့ ပုဂ္ဂိုလ် ကျတော့ ဆဲတယ်လို့ အမှတ်မမှားလား။
ဆဲတယ်လို့ နှလုံးသွင်းမှားတယ်နော်။
မှားတဲ့အခါ ဝိပလ္လာသ အနေနဲ့ ဆဲတယ်လို့ အမှတ်မမှားလား။
ဆဲတယ်လို့ အမှတ်မှားတာ သညာဝိပလ္လာသပေါ့။ အမှတ်မှားတော့ ဆဲတယ်လို့ အသိမမှားလား။ စိတ္တဝိပလ္လာသပေါ့။
ဆဲတယ်လို့ အမြင်အယူအဆ မမှားဘူးလား။
ဒိဋ္ဌိဝိပလ္လာသ။
ဤဝိပလ္လာသတရား သုံးပါးကြောင့် သက္ကာယဒိဋ္ဌိ မဖြစ်ဘူးလား။ သက္ကာယဒိဋ္ဌိ ဖြစ်ရင် ကုသိုလ်ပဲလုပ်လုပ် အကုသိုလ်ပဲ လုပ်လုပ် သံသရာက ထွက်ပါ့မလား။အဲလို စိစစ်ဖို့လိုတယ်။ အမှန်သိတော့ အမှားပျောက်တယ်လို့ မဟောလား။ စဉ်းစားကွဲ့။
ဆဲတယ်ဆိုတာနဲ့ ... အသံလို့ကြားတာနဲ့ ဆဲတယ်လို့ ကြားတာ တူပါ့မလား။
ဆဲတယ်လို့ ကြားတော့ အကုသိုလ်တွေ မဖြစ်ဘူးလား။ စိတ်ဆိုးတယ်နော်၊ အသံလို့ကြား... စိတ်ဆိုးဦးမလား။
တကယ့် အမြင်ခံ အရှုခံ အကြားခံက ဆဲတာလား အသံလား။
အသံထဲမှာ စိတ်ဆိုးစရာ ပါရဲ့လား။ ပါဘူးကွဲ့နော်။ အသံလို့ ကြားသိတာ သောတဝိညာဏ် နာမ်တရားမရလား။ အသံက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါး ပေါ့။
ဆဲတာလား နာမ်နှင့်ရုပ် ။ နာမ်ရုပ်ပဲတွေ့တယ်နော်။ အဲလို ခန္ဓာဘက်ကို ဉာဏ်လှည့်တဲ့အခါမှာ ရာဂ ဒေါသ မောဟ ဖြစ်သေးရဲ့လား။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီး က နားက တရားကို နာ ဉာဏ်က ခန္ဓာ ကို လှည့်လို့ မဟောလား။
ခန္ဓာ လှည့်တဲ့အခါ ရာဂက္ခယော နိဗ္ဗာနံ ၊ ဒေါသက္ခယော နိဗ္ဗာနံ၊ မောဟက္ခယော နိဗ္ဗာနံ လို့ မဟောလား။ မြင်တိုင်း ကြားတိုင်း နိဗ္ဗာန် တဒိုင်းဒိုင်းလို့ မဟောလား။
တဒင်္ဂနိရောဓပေါ့။ အဲလို လေ့လာဖို့ မကောင်းလား။
ရုပ်တရားကြီးက လည်း ဖောက်ပြန်ပြီးတော့ မပျက်လား။ နာမ်တရားကလည်း သိပြီးတော့ မပျက်လား။ ပျက်တော့ နာမ်ရုပ်တွေ့သလား မရှိတာတွေ့သလား။ မရှိတာ အနိစ္စပေါ့၊ သိတာ မဂ္ဂပေါ့။ အဲလို လေ့လာဖို့လိုတယ်နော်။
မရှိတာ အနိစ္စ သိတာ မဂ္ဂဆိုတော့ တဏှာ လာသေးရဲ့လား။ ဥပါဒါန်လာသေးရဲ့လား။ ကံလာသေးရဲ့လား။ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးပြတ်တယ်နော်။ တဏှာပဋိစ္စသမုပ္ပါဒ်၊ ဥပါဒါန် ပဋိစ္စသမုပ္ပါဒ်၊ ကံပဋိစ္စသမုပ္ပါဒ် သုံးမျိုးပြတ်တယ်။ နောက်ခန္ဓာ ဇာတ်မသိမ်းလား။ နိရောဓသစ္စာ။
ဤနေရာရောက်အောင် ကြိုးစားအားထုတ်ပေါ့။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
၁၄.၄.၂၀၀၄နေ့.၂နာရီ အချိန်
ပဲခူးဆယ်မိုင်ကုန်း မုံလယ်တောရဓမ္မရိပ်သာ
အမှတ် ၁.တိုက်ခွဲ
သင်္ကြန် တရားစခန်း
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ
No comments:
Post a Comment