############
သစ္စာဆိုတာ... (သစ္စာဖွဲ့နည်း မှာ)
အခု သမုဒယ ဖြစ်တာ မပါလားဟေ့။
ဒါ နှလုံးသွင်း မှန်တာလား မှားတာလား ။
#ခန္ဓာ ငါးပါးလို့သိ အနိစ္စ လို့သိ။
#ခန္ဓာ ငါးပါးလို့သိ ဒုက္ခ လို့သိ။
#ခန္ဓာ ငါးပါးလို့သိ အနတ္တလို့သိ...နော်။
အဲဒီမှာ..."ဒိဋ္ဌိပြုတ်တာနဲ့ တဏှာသေတာ" ပိုင်းခြားရမှာ။
ခန္ဓာ ငါးပါးလို့ သိတဲ့အချိန်မှာ လူတွေ့ရဲ့လား။
နတ်တွေ့ရဲ့လား။ ဗြဟ္မာတွေ့ရဲ့လား။
ခြေလက်အင်္ဂါကား တွေ့ရဲ့လား။
ခြေလက်အင်္ဂါဆိုတာ သမုတ်တာနော်။ လူဆိုတာ သမုတ်တာနော်။ နတ်ဆိုတာ သမုတ်တာနော်။ ဗြဟ္မာဆိုတာ သမုတ်တာ ။
သမ္မုတိအနေနဲ့ သမုတ်တာ။
မသမုတ်လည်း ရှိ သမုတ်လည်းရှိက= ခန္ဓာ ငါးပါး။ နာမ်ရုပ်တရား နှစ်ပါးပေါ့။
အဲလို စိစစ်ဖို့ မကောင်းလား။
အဲဒါ သမုတ်တာတွေလည်း နားလည်နော်။
မခေါ်ရင် မဖြစ်လို့ ဒါ သမုတ်ရတယ်။
သမ္မုတိသစ္စာ နော်။
မသမုတ်လည်းရှိ သမုတ်လည်းရှိက နာမ်ရုပ်တရား နှစ်ပါးပေါ့။
ဘယ်ပုံ ဘယ်နည်း ရှိတာလဲ။
အနိစ္စ ဒုက္ခ အနတ္တ အနေနဲ့ ရှိတယ်။
နာမ်ရုပ်ကို သိတော့ လူစွဲဒိဋ္ဌိ နတ်စွဲဒိဋ္ဌိ ဗြဟ္မာစွဲဒိဋ္ဌိ မပြုတ်လား။
ဒိဋ္ဌိပြုတ်ရင်...ဝိစိကိစ္ဆာ မချုပ်လား။
နာမ်ရုပ်တရား နှစ်ပါး ဆက်ပြီးတော့ ကြည့်နော်။သမာဓိသာ ကောင်းမယ်ဆို...
ရုပ်တရားကြီးက ဖောက်ပြန်ပြီးတော့ မပျက်လား။
နာမ်တရားက သိပြီးတော့ မပျက်လား။
နိစ္စလား အနိစ္စလား။
အနိစ္စ လို့ သိလိုက်ကတည်းက.... နာမ်ရုပ်တွေ့လား မရှိတာတွေ့သလား။
နာမ်ရုပ် .... မရှိရင် သူ့အပေါ်မှာ သာယာနှစ်သက်ရအောင် တဏှာလာဦးမလား။
အနိစ္စ တွေ့တော့ တဏှာ သေပြီနော်။
တဏှာသေ ... ဥပါဒါန် လာဦးမလား။
အာသဝအနေနဲ့ ... ကာမာသဝနဲ့ ဘဝါသဝ ချုပ်တယ်။ နာမ်ရုပ်ကို သိတုန်းက ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝ ချုပ်တယ်။ အနိစ္စလက္ခဏာ ဒုက္ခသစ္စာသိတော့ ကာမာသဝနဲ့ ဘဝါသဝ မချုပ်လား။ အာသဝေါတရား လေးပါး မကုန်လား။
ကုန်ရင် သမုဒယသစ္စာ မသေလား။
နောက်ခန္ဓာ ဇာတ်မသိမ်းလား။ နိရောဓသစ္စာ လို့ မဟောလား။
မှန်တာနဲ့ မှားတာ သိဖို့ကွဲ့။
မှားမှန်းသိရင်.... အမှန်မရောက်လား။
အမှန်သိရင်... အမှားမပျောက်လား။
အဲဒါထက် ရှင်းတာ ရှာချင်သလိုရှာ မင်းတို့ မတွေ့ဘူး။
ကျဉ်းလည်း ကျဉ်းတယ်... ရှင်းလည်း ရှင်းတယ်နော်။ မှားတာတွေ မပြဘူးလား။ မှန်တာကား မပြလား။ အဲဒါမှ နားမလည်ရင်တော့ ဘုန်းကြီး လည်း မတတ်နိုင်ဘူးကွဲ့။ ဘုန်းကြီး ဉာဏ် ကုန်ပြီ...ဒါပဲ။ စဉ်းစားဖို့ မကောင်းလား။
မကြားစဖူး ကြားဖူးထပ်မံနော်။
ရှေးထက်ကျော်ကာရီက ဗေဒင်သင်တဲ့ သူငယ်ချင်း နှစ်ယောက် ရှိတယ်။ အဲဒီဗေဒင်ပညာ... ဘုန်းကြီး ဆီမှာသွားပြီးတော့ သင်ရတာပေါ့။
အဲဒီဘုန်းကြီးက ဗေဒင် ကျွမ်းကျင် တယ်။
သုံးနှစ်ကြာတယ်နော်။
သုံးနှစ်ကြာတော့ သူတို့ လုံလောက်တာပေါ့။
စားဝတ်နေရေး အတွက်တော့ကာ လွယ်သွားပြီနော်။ ပြန်လာခဲ့ကြတယ်။ ရွာတရွာမှာ သွားပြီးတော့ တည်းကြတယ်နော်။
မနက်မိုးလင်း အိပ်ရာနိုးတော့ အိပ်ရာထတဲ့အခါ...အိမ်အောက်မှာ နွားက ချည်ထားတာကိုး။ နွားနီက တကောင်ပေါ့။ နွားပြာက တကောင်ပေါ့။ သူတို့ ပညာတတ်တဲ့ ပုဂ္ဂိုလ်....ဗေဒင် တတ်တဲ့ ပုဂ္ဂိုလ်တွေနော်။
ဘယ်နွားက အရင်ထမလဲလို့ မမေးဘူးလား။
မေးတဲ့ ပုဂ္ဂိုလ်ကနော်။
အဲတော့ ဟိုပုဂ္ဂိုလ်က နွားပြာက အရင်ထမှာ။
ဟိုလူက နွားနီက အရင်ထမယ်။
ဗေဒင်ပညာနည်းကတော့ နွားနီကိုးကွဲ့။
တေဇောဆိုတာ.... လျင်မြန်တာ။
ဟိုလူက တေဇောဆိုတာ ... မီး အောက်ကနော်။ မီးထက်က အခိုးမရှိဘူးလား။
အခိုးက ပြာတာတာ မနေလား။ နွားပြာက အရင်ထမယ်။
သင်တဲ့ထဲမှာ နွားနီကိုးကွဲ့။ ထတော့ နွားပြာက ထတာ။အဲဒီ နွားနီသမားက မကျေနပ်တော့ဘူး။မင်းကို ဗေဒင် ပိုပြီးတော့.... ပညာပိုပေးတယ်။ ငါ့ကိုချန်ထားတယ်။ မပြန်ဘူး... ဆရာ့ဆီ ပြန်သွားမယ်တဲ့။
ဒါ... ဆရာဆီသွားကြတော့တာ။ ည... ရောက်သွားတော့တာ။ စဉ်းစားနော်။ ဆရာမျက်နှာလိုက်တယ်။ သူ့ကို ပိုပြီးတော့ သင်တယ်။
သူ့ကို ချန်ထားတယ်။ အဲဒါ ရှင်းပေးရမယ်တဲ့။
ည အိပ်ကြစမ်းပါဦးကွာ။ မနက်လင်းမှ ရှင်းပေးမယ်တဲ့နော်။ မနက်လင်းမှ ရှင်းပေးမယ်တဲ့။
ည အေးအေးဆေးဆေး အိပ်ကြတဲ့နော်။
မနက်လင်းတဲ့အခါ ရာသီဥတုက ဆောင်းရာသီကိုး။ သပိတ် နှစ်လုံး ယူသွား... နှင်းခံချေလို့ ဆရာက မခိုင်းလား။
နှင်းခံ ခိုင်းတော့တာနော်။
နွားနီသမားက သပိတ်နဲ့ ဒီတိုင်း ခံတာနော်။
နွားပြာသမားက သပိတ်နဲ့ ခံတယ်နော်၊ သူ့မှာပါတဲ့ လက်ကိုင်ပဝါ နဲ့ မြက်ပေါ်မှာ ရှိတဲ့ နှင်းတွေကို မသုတ်ဘူးလား။ မပွတ်ရပေဘူးလား။ စိုလာတော့ အရည်တွေ မရဘူးလား။ အရည်တွေ ညှစ်တော့တာကွဲ့။
တခါ မြက်ပေါ်ကို ပွတ်တယ်နော်။ အရည်ညှစ်တယ်။ ဟော... ခဏလေးနဲ့ ပြည့်လာခဲ့တာ။
ဟိုလူက နှင်းတွေ ရပ်စဲသွားတဲ့အခါ လက်ဘက်ရည် ပန်းကန် တစ်လုံးစာ ရတာ။
ဟိုလူက ပြည့်စစ ဟေ့။
ကဲ... မင်းတို့ကို ငါ နှင်းခံခိုင်းတာ။
မင်းက နည်းလှပါတကား။ မင်းက များတယ်။ ဘယ်လို ခံတာလဲလို့ မမေးရပေဘူးလား။
နှင်းခံ လို့ ဆရာက ခိုင်းတာ နှင်းဆိုတော့ကာ လက်ကိုင်ပုဝါ နဲ့ လိုက်သုတ်ပြီးတော့ ပွတ်တာတဲ့။စိုတော့ ညှစ်တာတဲ့။ လက်ကိုင်ပုဝါစကို ညှစ်တာတဲ့။ ခဏရတာပေါ့။
အဲဒါ ငါသင်ပေးတာ မဟုတ်ဘူး သူ့ဉာဏ်တဲ့။
ငါက နှင်းခံခိုင်းတာကွဲ့ ။ ကြားလား။ ပိုရတာ... သူ့ဉာဏ်တဲ့။ အဲဒီအခါမှ ဟိုက ကျေနပ်တော့တာ။စဉ်းစားဖို့ မကောင်းလား။
အခုလည်း မိမိက စာမေးပွဲ က .... ဆယ်တန်းစာမေးပွဲတွေ အောင်တဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးလား။ ရှုံးတဲ့ ပုဂ္ဂိုလ် မရှိဘူးလား။ မေးခွန်းတော့ မတူလားကွဲ့။အဖြေမှန်တာနဲ့ မမှန်တာကျ မခြားနားဘူးလား။
တခါ အဖြေမှန်ဦးတော့ ဆယ်တန်း (က)နဲ့ အောင်တာနော်။ (က)ထဲက ဂုဏ်ထူး တစ်ဘာသာ ထွက်တာ။ နှစ်ဘာသာ ထွက်တာ မရှိဘူးလား။ တချို့က ၄ဘာသာ ၅ဘာသာ ၆ဘာသာ ထွက်တာ မရှိဘူးလား။ အဲဒါတွေကျတော့ မခြားနားလား။ မေးတဲ့ပုစ္ဆာက တူတယ်နော်။ အချိန်လည်း တူတယ်နော်။ မေးခွန်းလည်း တူတယ်နော်။ အဲဒီ နေရာကျတော့ တူရဲ့လား။
အဲလိုလည်း စဉ်းစားဦးကွဲ့။
ဘုန်းကြီးက နွားနီလောက်ပဲ သင်နိုင်တာဟေ့။
စဉ်းစားဖို့ မကောင်းလား။
ကိလေသာမှ လွတ်မြောက်တာကျ သူ့ဉာဏ်တွေ ကွဲ့။အဲလို လေ့လာဖို့မကောင်းလား။
ငါ နှင်းခံခိုင်းတာတဲ့နော် ။ ဟိုလူက ပြည့်စစ အဲဒါ မင်းရှေ့တင်တဲ့နော်။ အဲဒီဉာဏ် ငါမပါဘူးတဲ့။ ထိုးထွင်းတဲ့ ဉာဏ်တဲ့ ။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
၁၈.၄.၂၀၀၄ ည.၇နာရီ အချိန်
ပဲခူးဆယ်မိုင်ကုန်း မုံလယ်တောရဓမ္မရိပ်သာ
အမှတ် ၁.တိုက်ခွဲ
သင်္ကြန် တရားစခန်း
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ
No comments:
Post a Comment