Thursday, February 4, 2016

သံသရာ သုံးကြောင်း သုံးသွယ်


::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
တခါ ပြန်ပြီးတော့မှ ဝဋ်အနေနဲ့ ပြောကြစို့ ဟောကြစို့ ဆိုတော့...ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်နော်။

အဲဒီဝဋ်သုံးပါးမှာ သံသရာက သုံးကြောင်း သုံးသွယ်။ ကြားလား။
အောက်သံသရာတဲ့ ၊အလယ်သံသရာ၊ အထက်သံသရာတဲ့ သုံးကြောင်း သုံးသွယ်ရှိတယ်နော်။

ဒါတော့ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် လို့မရှိဘူးလား။
အလယ် သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် လို့မရှိဘူးလား။အထက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် လို့မရှိဘူးလား။အဲဒီဟာကို နားလည်ဖို့ လိုတယ်နော်။

ကဲ... အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားတွေလဲလို့ မေးရင် ဘယ်လိုများ အဖြေ ပေးကြမလဲ။နော်။ အဲဒါ စဉ်းစားကြ။ သေချာချာ လေ့လာနော်။

ဒါတော့ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားလဲ ဆိုတော့...ဒိဋ္ဌိ ဝိစိကိစ္ဆာ တရားနှစ်ပါး။ ဒါ ကိလေသဝဋ် လို့ မဟောဘူးလား။ ဒါ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ်က ဒိဋ္ဌိဝိစိကိစ္ဆာ တရားနှစ်ပါးနော်။

အဲဒီ ကိလေသဝဋ် ရှိခဲ့ရင် ကမ္မဝဋ်...ဘာတွေပြုမလဲ ။ အကုသိုလ်နော်။
အဲ...အဲဒါ အကုသိုလ် ကမ္မဝဋ် က ပါဏာတိပါတာ အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ...ကာယကံနဲ့ ပတ်သက်တဲ့ ကမ္မဝဋ် မပြုဘူးလား။

မုသာဝါဒါ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပလာပ ဝစီကံနဲ့ ပတ်သက်တဲ့ အကုသိုလ် မပြုပေဘူးလား။

မနောကံနဲ့ ပတ်သက်တဲ့ အကုသိုလ် အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာ ဒိဋ္ဌိ မပြုပေဘူးလား။ အဲဒါ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကမ္မဝဋ် တွေပေါ့ကွဲ့။

အဲဒါ ဒိဋ္ဌိဝိစိကိစ္ဆာ တရားနှစ်ပါး ကိလေသဝဋ်  ရှိရင် ကမ္မဝဋ်ဖြစ်တာ။ ဤကမ္မဝဋ်ဖြစ်ခဲ့ရင် အကျိုးတရား ဝိပါကဝဋ်က ဘယ်မှာ အကျိုးပေးမလဲ။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်။အဲဒါ အကျိုးတရား ဝိပါကဝဋ်နော်။ အဲလို စိစစ်ဖို့ မကောင်းလား။

ဒါကြောင့်မို့ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားလဲ လို့ မေးရင် ဘယ်လို အဖြေပေးမလဲ။ ဒိဋ္ဌိဝိစိကိစ္ဆာ တရားနှစ်ပါး နော်။ အဲဒီ ကိလေသဝဋ် ရှိခဲ့ရင် ကမ္မဝဋ် က ဘာတွေ ဖြစ်မလဲ။ ကာယကံနဲ့ ပတ်သက်တဲ့ အကုသိုလ် ဝစီကံနဲ့ ပတ်သက်တဲ့ အကုသိုလ် မနောကံနဲ့ ပတ်သက်တဲ့ အကုသိုလ် မပြုပေဘူးလား။ အဲဒါ ကမ္မဝဋ် ပေါ့။ဤကမ္မဝဋ် ဖြစ်ခဲ့ရင် အကျိုးတရား ဝိပါကဝဋ်က ဘယ်မှာ အကျိုးပေးမလဲ။.. ..အဲဒါ သေချာချာ စဉ်းစား မှတ်ထားကြနော်။အဲဒါ အောက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် သုံးပါးပေါ့။

အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ရှိသေးတယ်နော်။ အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားတွေလဲ လို့ မေးရင် ဘယ်လို အဖြေပေးမလဲ။ အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် တရား...။ ကိလေသဝဋ်.. ...ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ နော်။ ကာမဂုဏ်ငါးပါး အာရုံတရားအပေါ်မှာ လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက ...လောဘတဏှာ သမုဒယသစ္စာ။ ဒါကိလေသဝဋ် မခေါ်ဘူးလား။ လောဘတဏှာ သမုဒယသစ္စာက ကိလေသဝဋ် ပေါ့။ ဒါ အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် နော်။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ကာမဂုဏ်ငါးပါး အာရုံတရားအပေါ်မှာ လိုချင်မှု နှစ်သက်မှု စွဲလမ်းမှုက ...လောဘတဏှာ သမုဒယသစ္စာ။ အဲဒါ ကိလေသဝဋ် မရဘူးလား။ အဲဒီ ကိလေသဝဋ် ရှိခဲ့ရင် အလယ်သံသရာမှာ ကမ္မဝဋ် က ဘာတွေ လုပ်မလဲ။ သေချာချာ လေ့လာနော်။ ဒါနကုသိုလ် သီလကုသိုလ်ပေါ့။ အဲဒီ ဒါနကုသိုလ် သီလကုသိုလ်ကို ကမ္မဝဋ် လို့ မခေါ်ဘူးလား။ ဤကမ္မဝဋ် ဖြစ်ခဲ့ရင် ဝိပါကဝဋ်က ဘယ်မှာ အကျိုးပေးမလဲ။ လူ့ပြည် နတ်ပြည်။ ဒါ ဝိပါကဝဋ်နော်။ အကျိုးတရား ဝိပါကဝဋ်ပေါ့။
အလယ်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် သုံးပါးပေါ့နော်။

လောဘတဏှာ သမုဒယသစ္စာက ဒါ ကိလေသဝဋ် ကိုး။ အဲဒီကုသိုလ်... ကာယကံနဲ့ ပတ်သက်တဲ့ ကုသိုလ် ဝစီကံနဲ့ ပတ်သက်တဲ့ကုသိုလ် မနောကံနဲ့ ပတ်သက်တဲ့ ကုသိုလ်  ဒါတွေက ကမ္မဝဋ် တွေပေါ့။ ကမ္မဝဋ် ဖြစ်ရင် ဝိပါကဝဋ်က လူ့ပြည်နဲ့ နတ်ပြည်မှာ အကျိုးပေးမယ်။ အဲဒါတွေက သူ့လမ်းနဲ့ သူတွေ သိထားဖို့ လိုတယ်နော်။

အထက်သံသရာနဲ့ ပတ်သက်တဲ့ ကိလေသဝဋ် က ဘယ်တရားတွေလဲ ...။ ဗြဟ္မာဘုံ ဗြဟ္မာဘဝကို လိုချင်နှစ်သက်တဲ့ ဘဝတဏှာ သမုဒယသစ္စာက ကိလေသဝဋ် မဖြစ်ဘူးလား။ အဲဒီ ကိလေသဝဋ် ဖြစ်ရင်
ကမ္မဝဋ် က ကမ္မဋ္ဌာန်းလေးဆယ်တစ်ခုခု အားမထုတ်ပေဘူးလား ။ အားထုတ်မယ်နော်။အားထုတ်လို့ သမာဓိသာရမယ်ဆို တော်တော်လေး ဖြစ်မယ်ဆို သူတပါး စိတ်အစဉ်တောင် သိနိုင်တယ်လို့ မဟောဘူးလားဟေ့။  အဲဒါထက် ရင့်ကျက်မယ်ဆို မြေလျှိုး မိုးပျံနိုင်တာပေါ့။ အဲဒါ ကမ္မဝဋ် တွေ မဖြစ်ဘူးလား။

ကမ္မဝဋ် ဖြစ်ရင် ဝိပါကဝဋ်က ဗြဟ္မာနှစ်ဆယ်မှာ ခန္ဓာ ရမယ်နော်။အဲဒါ အကျိုးတရား ဝိပါကဝဋ်က ဗြဟ္မာခန္ဓာပေါ့။ အဲဒါ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် သုံးပါး မရပေဘူးလား။ အဲဒါ သံသရာ သုံးကြောင်း သုံးသွယ်။ လို့ မဟောလား။ အဲလို စိစစ်ဖို့ လိုတယ်နော်။

အဲဒီ သံသရာ သုံးကြောင်း သုံးသွယ်က လွတ်မြောက်မှ ချမ်းသာအစစ်ကို ရမှာကွဲ့။ ကြားလား။
ဒါတော့ ဘာတွေကို လေ့လာဖို့လိုလဲ။ ခန္ဓာ သိဖို့ လိုတယ်နော်။ အာယတန သိဖို့ လိုတယ်နော်။ ဓာတ်ကို သိဖို့ လိုတယ်နော်။ သစ္စာသိဖို့ လိုတယ်နော်။ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး သိဖို့ လိုတာပေါ့။ သိမှ ပယ်နိုင်တာ။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။

၂၉.၁၀.၁၉၉၇ နံနက်၇နာရီ
ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့
မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ နံပါတ် ၈၃။

တိပ်ခွေမှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ


No comments:

Post a Comment