Sunday, February 21, 2016

ပါဏာတိပါတာ အစ မိစ္ဆာဒိဋ္ဌိ အဆုံး


#######################

ဝိညာဏ်မြင် သမ္မုတိသစ္စာ အားဖြင့်....
ကမ္မဿကတာ သမ္မာဒိဋ္ဌိ ...အကုသိုလ်ကံ ကုသိုလ်ကံ တရားနှစ်ပါးကို ယုံကြည်ရမယ်လို့ မဟောလား။ အကုသိုလ်ကံနဲ့ကုသိုလ်ကံ တရားနှစ်ပါးကို ယုံကြည်ရမယ်နော်။

ပါဏာတိပါတာအစ သုရာမေရယအဆုံးကို ကျူးလွန်ရင် ကုသိုလ်လား အကုသိုလ်။
ဒါတော့... ပါဏာတိပါတာ ဆိုတဲ့ကိစ္စ၊ သက်ရှိသတ္တဝါ ကမျဉ်းနီကစ ဆင်ကောင်ကြီးထိ သတ်ရင် ပါဏာတိပါတာကံ မထိုက်ဘူးလား။

သေချာ စဉ်းစားနော်။ ဒါတော့....ကာယကံနဲ့ ပတ်သက်တဲ့ အကုသိုလ်။ ဒါ စိစစ်ဖို့။ ကာယကံ နဲ့ ပတ်သက်တဲ့ အကုသိုလ်က သုံးပါးပေါ့။
ပါဏာတိပါတာ... သက်ရှိသတ္တဝါ သတ်တာလေ။

ဒါပြီးတော့...ကာယကံနဲ့ ပတ်သတ်တဲ့အကုသိုလ်...၊ သစ်သီးတစ်လုံး ပန်းတပွင့် ဟင်းတညွန့်ကစ ရွှေငွေကျောက်သံ ပတ္တမြား အထိ ပိုင်ရှင်က အခွင့်မပြုဘဲနဲ့ ယူရင် အဒိန္နာကံ မထိုက်ဘူးလား။ အဲဒါလည်း ကာယကံနဲ့ ပတ်သက်တဲ့ အကုသိုလ် ပေါ့ကွဲ့။

သူများလင်သားမယားတွေ စော်ကားတာလည်း ...ကာမေသုမိစ္ဆာစာရ ကံလို့ မဟောဘူးလား။
ဒါ...ကာယကံနဲ့ ပတ်သက်တဲ့ တရားတွေနော်။
ကျုးလွန်ရင် ကုသိုလ်လား အကုသိုလ် ။

ဝစီကံနဲ့ ပတ်သက်တဲ့ အကုသိုလ်တရားက...
စားဝတ်နေရေး နဲ့ ပတ်သက်ပြီးတော့မှ နည်းအမျိုးမျိုးနဲ့ မလိမ်ဘူးလား။မုသားတွေ မသုံးဘူးလား။ အဲဒါ မုသာဝါဒကံထိုက်တာပေါ့။

သူနှစ်ဦးရဲ့ အချစ်ကို ဖျက်ဆီးတာ ...ပိသုဏဝါစာ လို့ မဟောဘူးလား။ ဒါလည်း ဝစီကံပေါ့နော်။

တယောက် နဲ့ တယောက် အဆင်မပြေတဲ့အခါ ကော်ပြီးတော့မှ ဆဲလိုက်တာတွေ၊ အော်ပြီးတော့မှ ဆဲလိုက်တာတွေ၊ ဒါ ဖရုသဝါစာလို့ မဟောဘူးလား။

တခါ မိမိ လောကီလည်း အကျိုးမရှိ လောကုတ္တရာ လည်း အကျိုးမရှိ ပြိန်ဖျင်း တဲ့စကား အရပ်စကား ဇာတ်စကား ပြောတာ...သမ္ဖပလာပ လို့ မဟောဘူးလား။ ဒါ..ဝစီကံပေါ့ကွဲ့။
ဒါ ဝစီကံနဲ့ ပတ်သတ်တာ လေးပါးပေါ့။

ကိုယ့်ထက်သာ မနာလိုဘူးဆိုတာ...အဘိဇ္ဈာ ၊
သူတစ်ပါးပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တာလေ။ ကိုယ့်ထက်သာ မနာလိုတာ။

ရန်ငြိုးဖွဲ့တာ...ဗျာပါဒတွေပေါ့။ဒီလိုတွေ မရှိဘူးလား။

မိစ္ဆာ... မှားသော အယူကို ယူတာတွေ။
အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ... မနောကံနဲ့ ပတ်သက်တဲ့ တရားက သုံးပါး ၊
အားလုံး ဒုစရိုက်တရား ဆယ်ပါးနော်။
အဲဒါကို ကျုးလွန်ရင်...ပါဏာတိပါတာ အစ မိစ္ဆာဒိဋ္ဌိအဆုံးကို ကျုးလွန်ရင်....
ကုသိုလ်လား အကုသိုလ်။ စဉ်းစားနော်။

အဲဒီ အကုသိုလ် ကံ အကြောင်းတရားကြောင့် အကျိုးတရားက ဘယ်မှာ ဖြစ်တာလဲလို့ စိစစ်ဖို့ မကောင်းလား။ ငရဲကို မရောက်လား။ တိရစ္ဆာန် မဖြစ်ဘူးလား။ ပြိတ္တာအသူရကာယ် မဖြစ်ဘူးလား။ ငရဲ တိရစ္ဆာန် ပြိတ္တာအသူရကာယ် တဲ့နော်။ အပါယ်လေးဘုံ ပေါ့။ အပါယ်ကိုကျတဲ့ ပုဂ္ဂိုလ်ဟာ... ချမ်းသာမလား ဆင်းရဲမလား။ အဲဒါကြောင့် အကုသိုလ်ကံလို့ မဟောဘူးလား။

ပါဏာတိပါတာအစ သုရာမေရယအဆုံး၊ ပါဏာတိပါတာ အစ မိစ္ဆာဒိဋ္ဌိအဆုံးကို ရှောင်ကြဉ်ရင် ကုသိုလ်လို့ မဟောဘူးလား။
အဲဒီ ရှောင်ကြဉ်တဲ့ ကုသိုလ် အကြောင်းတရားကြောင့် အကျိုးတရားက လူပြည် နတ်ပြည်ခြောက်ထပ်လို့ မဟောဘူးလား။
လူဖြစ်တာ....အဲဒါ ရှောင်ကြဉ်တဲ့သီလကုသိုလ် ကွဲ့။ နတ်ဖြစ်တာ...သီလကုသိုလ် ၊ အဲဒါ ယုံကြည်ဖို့ မကောင်းလားဟေ့။

အဲဒါ ကမ္မဿကတာ သမ္မာဒိဋ္ဌိ... ကံ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်နော်။ စဉ်းစားစရာတွေ။ ငါးပါးသီလ ....ငါးပါးသီလက အခေါ်တော့ လွယ်တယ်၊ လေးလေးနက်နက် မစဉ်းစားတော့ အဓိပ္ပါယ်သိတဲ့လူက ရှားတယ်ကွဲ့ ။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ။

၂.၉.၁၉၉၉ နေ့လည် ၂နာရီတွင် ဟောကြားတော်မူသော တရားတော်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ

No comments:

Post a Comment