Thursday, February 18, 2016

ကိလေသာချုပ်ဖို့ ပဓာန


###############

ရွာတစ်ရွာမှာ အခုပြောသလိုပ၊
ဟိုထက်ကျော်ကာရီက အီတလီဘုန်းကြီး ဦးလောကနာထ ဟောတာတွေကို ကြားဖူးတယ်ကွဲ့နော်။ သတ်သတ်လွတ် အလှူခံတာတွေလေ။
အဲသလို အလှူခံတာတွေ မရှိဘူးလားဟေ့။

အဲဒါနဲ့ ရွာတရွာကျတော့ အဲဒီရွာက တရွာလုံးလို့ ဆိုပါတော့ကွယ်။ သတ်သတ်လွတ်...ရှောင်ကြတာ။

ရှောင်ကြတဲ့အခါကျတော့... ဘုန်းကြီးကနေပြီးတော့ မင်းတို့ ကိုယ်လုပ်တာလည်း မဟုတ်ကွယ် ၊ အဲဒါတွေကတော့ မင်းတို့ နည်းနည်းပါးပါး တော့ သုံးစွဲ လို့ ဖြစ်ပါတယ်လို့ မပြောရပေဘူးလား။

ဒီက ဥပါသကာ တယောက်ကနေပြီးတော့မှ...အရှင်ဘုရား ပါဏာတိပါတာကံ ကို အရှင်ဘုရား အဲဒါလေးတော့ ဖြုတ်ထားရင် ကောင်းတယ်တဲ့၊ ဒကာတွေက ပြန်လျှောက်သတဲ့။ အဲဒါ အရှင်ဘုရားတို့က ပါဏာတိပါတာကံ ကို ထည့်ထားတော့ တပည့်တော်တို့ ရှောင်ကြဉ်ရတာလို့ လျှောက်တော့တာဗျာ့။စဉ်းစားဖို့ မကောင်းလားဟေ့။အဲသလိုဆို စားရပါမလားကွဲ့။ မစားရတော့ဘူးဟေ့။အဲဒါ မရှောင်ကြဉ်လို့ စားရတာနော်။

နို့....သစ္စာတရား ခန္ဓာ တရား ပဋိစ္စသမုပ္ပါဒ်တရား နဲ့ ပတ်သက်တဲ့နေရာကျတော့ ...လိုရင်းအချက်ကတော့ကာ...
#သတ်သတ်လွတ်ပဲစားစား အသားငါးပဲစားစား ကိလေသာချုပ်ဖို့ ပဓာနကွဲ့။
စဉ်းစားဖို့ မကောင်းလား။ အဲလို စိစစ်ဖို့ လိုတယ်နော်။ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်...ဝဋ်သုံးပါး ကျွတ်မှ နိဗ္ဗာန် လို့ မဟောဘူးလား။

ဘုန်းကြီး ဟိုသွားတဲ့အခါ ဒီလာတဲ့အခါကျတော့...ဘုန်းကြီး ဘာတွေ ကြိုက်သလဲလို့ ကပ္ပိယ တွေ မေးကြတာပေါ့။ ဘုန်းကြီးနောက်က ပါတဲ့ ကပ္ပိယတွေလေ။ အဲတော့ ဘုန်းကြီးက အသီးအနှံ တွေစားတယ် ဘယ်လို ဘယ်ချမ်းသာ မပြောရဘူးလား။ ဘုန်းကြီး ကြိုက်တာ မရှာရဘူးလား။

ဒါ အသီးအနှံ စားလို့ရှိရင် နှစ်နှစ်ကာကာ ဖြစ်ရင် သာယာတဲ့တဏှာတွေ မပါဘူးလားဟေ့။
အသီးအနှံ စားတာလည်း တဏှာ ပါသေးတာကိုးကွဲ့။ သားငါးစားရင်ကား မပါဘူးလား။ ဒါလေးစားရတာကွဲ့ အားရပါးရ မြိန်မြိန်ယှက်ယှက်ဖြစ်ပါတယ် မပြောဘူးလား။ ကဲ...သူလည်း တဏှာပဲနော်။

ဘုန်းကြီးကလည်း အဲဒီအသီးအနှံတွေ စားတယ်ဆိုတော့...
ဈေးထဲသွား ဈေးထဲမှာ မရှိရင် အခင်း မသွားရဘူးလားဟေ့။အခင်းသွားတဲ့အခါကျတော့ အခု မိမိက ဂေါ်ဖီထုပ် တို့ ပန်းမုန်လာတို့ ဘာတို့ မရှာရပေဘူးလား။ ရှာတော့ အဲဒါ ခူးဆွတ်တဲ့အခါ ပါဏာတိပါတာကံ ထိုက်ပါမလား။ မထိုက်ဘူးနော်။

အသားငါးနဲ့ ပတ်သက်တော့... ဈေးထဲမရရင် ရှိတဲ့ဆီ သွားရတော့မှာကွဲ့။ အဲဒီဆီ သွားတဲ့အခါကျတော့ ကဲ...သတ်တဲ့ ပုဂ္ဂိုလ် ဆီ မသွားရပေဘူးလား။ သွားရင် ပါဏာတိပါတာကံ မထိုက်ဘူးလား။

တဏှာလို့ ခေါ်ဆိုတူငြားသော်လည်း ပါဏာတိပါတာကံ ထိုက်တာနဲ့ မထိုက်တာကျ မခြားနားဘူးလား။ အဲသလို စဉ်းစားကွဲ့။
အခေါ်တော့ တူတယ်နော်၊ ပါဏာတိပါတာကံ ထိုက်တာနဲ့ မထိုက်တာကျ မခြားနားဘူးလား။
အေး... ကမ္မဿကတာ သမ္မာဒိဋ္ဌိ ကံ ကံရဲ့ အကျိုး ယုံကြည်ရမယ်နော်။

အားလုံး သတ္တဝါ အသီးသီးတွေ သေကြတာ စားတဲ့ ပုဂ္ဂိုလ်တွေ ရှိလို့ သေတာကွဲ့။ မစားတဲ့ ပုဂ္ဂိုလ် အနေနဲ့ သေပါ့မလား။ သေဘူးနော်။ အိုနာသေကတော့  ခန္ဓာ ရှိတဲ့ ပုဂ္ဂိုလ်က မလွတ်ဘူးပေါ့။  သတ်ပြီးတော့ သေတာနဲ့ မသတ်ဘဲနဲ့ ဖျားနာလို့ သေတာ တူပါ့မလား။ အာရုံယူလို့ မခြားနားဘူးလား။ စဉ်းစား... ကောင်းတဲ့ အာရုံတွေ ဖြစ်ပါမလားကွဲ့။ စဉ်းစားဖို့ ကောင်းတယ်နော်။

တဏှာလို့ အခေါ်ဆိုတူငြားသော်လည်း ပါဏာတိပါတာကံ ထိုက်တာနဲ့ မထိုက်တာကျတော့ ခြားနားတယ်ကွဲ့။ဘုရားအဆူဆူ ဆရာတော် သမားတော်တွေ အသီးသီး တွေက ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ ရှောင်ကြဉ်ပါလို့ မဟောလားဟေ့။ အဲ ရှောင်ကြဉ်ရမယ်တဲ့၊ မသတ်ရဘူးတဲ့ ကွဲ့နော်။

အေး...ငါးပါးသီလကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း အပ်ကျမပ်ကျ သိဖို့ လိုတယ်ကွဲ့။ ငါးပါးသီလ သာ လုံခြုံမယ်ဆိုရင် တပြည်လုံး မြောက်ကျွန်းသူ မြောက်ကျွန်းသား ကဲ့သို့ ဖြစ်သွားမယ်...။ ငါးပါးသီလ တကယ်သာ လုံမယ်ဆို အစိုးရထားစရာ လိုသေးရဲ့လား။ အစိုးရထားစရာ မလိုတော့ဘူးနော်။ မြောက်ကျွန်းမှာ အစိုးရမရှိဘူးတဲ့ကွဲ့။ ဆေးဆရာမရှိဘူးနော်။ ဗေဒင်ဆရာ မရှိဘူးနော်။ ပဒေသာပင် ဆွတ်ပြီးတော့ စားနေတာကွဲ့။ အဲဒါ သီလကုသိုလ် ယုံကြည်ဖို့ မကောင်းလား။ အဲလို စဉ်းစားကွဲ့နော်။

ဒါတော့ ထိထိမိမိ ငါးပါးသီလ အကျိုးအပြစ်ကို တကယ် နားလည်ရင် ဗမာပြည်ကြီးက ဘယ်လောက် ချမ်းသာမလဲနော်။ တကမ္ဘာလုံးသာ ငါးပါးသီလ နားလည်ရင် အကုန်လုံး တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း ချမ်းသာမယ်၊ ကြားလား။ အခု... ငါးပါးသီလ မလုံလို့ ခက်တာနော်။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ

၈.၁၀.၂၀၀၂...နေ့ ၂နာရီတရားတော်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။

No comments:

Post a Comment