အဖုံးဖွင့်နည်း
#########
ရှေးပညာရှိတွေက "နိဗ္ဗာန် ကို ပရမတ်ဖုံးတယ်
ပရမတ်ကို ပညတ် ဖုံးတယ်"လို့ မဟောလားဟေ့။ အဲလို စိစစ်ဖို့ ကောင်းတယ်နော်။
အမြင်ခံတရားက သူတွေငါတွေလား အဆင်းရူပက္ခန္ဓာ။ အဆင်းရူပက္ခန္ဓာကို ဒါ လူလို့ မြင်မယ်ဆို ...ဒါ ပညတ် ပေါ့။ မိန်းမယောက်ျားလို့ မြင်ရင်...ပညတ်ပေါ့။ ပုဂ္ဂိုလ် သတ္တ၀ါလို့ မြင်...ပညတ်ပေါ့။ အဆင်းလို့ မြင်တာ ပရမတ်နော်။အဲလို စိစစ်ဖို့ မကောင်းလား။
အဲဒီ အဆင်းရူပက္ခန္ဓာ ရေမြှုပ်ကြီးနဲ့ တူတယ်လို့ မြတ်စွာဘုရား မဟောဘူးလား။ ရေမြှုပ်ကဲ့သို့ မြင်မယ်၊ ရေမြှုပ်ကဲ့သို့ သိမယ်ဆို ချစ်ခြင်း မုန်းခြင်း မလွတ်လား။ အဲလို စိစစ်ဖို့လိုတယ်။
အဲဒါကြောင့် ရာဂ ဒေါသ မောဟဆိုတာ ဟူသရွေ့ ပညတ်အာရုံမှာ ဖြစ်တာကွဲ့နော်။ ပရမတ်အာရုံမှာ ဖြစ်ခွင့် ရပါ့မလား။ အဲလို စိစစ်ဖို့ လိုတယ်နော်။
အဲဒါကြောင့် ရှေးပညာရှိတွေ ဆရာတော် သမားတော်တွေ ရေးကြတာပေါ့။ "အာရုံပညတ် စွဲယူတတ် ဖြစ်တတ် ကိလေသာ ။အာရုံပညတ် စွဲယူတတ် ဖြစ်တတ် ကိလေသာ" တဲ့နော်။ဒါ ပညတ်အာရုံမှာ ဖြစ်တာကိုးကွဲ့။
ပညတ်ဆိုတာ ရှိတဲ့တရား မဟုတ်ဘူး ကွဲ့။ နှုတ်က သမုတ်တာ ခေါ်တာ နာမည်ပေးတာ။ ကိုယ်က အကြားအမြင် သုတက နည်းတော့ကာ အရှိလုပ်ပြီးတော့ စွဲနေတာပေါ့။
အမြင်ခံ အရှုခံတရားက ခန္ဓာ ငါးပါး ပရမတ်တရားပေါ့။ စိတ်စေတသိက်ရုပ် ပရမတ်တရားပေါ့။ နာမ်နှင့်ရုပ် ပရမတ်တရားပေါ့။ အဲဒီအပေါ်မှာ လူလို့ မထင်လား၊ ရှိတယ်လို့ မယူလား။ နတ်လို့ မထင်လား၊ ရှိတယ်လို့ မယူလား။ ဗြဟ္မာလို့ မထင်လား၊ ရှိတယ်လို့ မယူလား။
အဲဒီ ရှိတယ်လို့ ယူတဲ့ ကိစ္စတွေဟာ ပြန်စိစစ်ဖို့ မကောင်းလား။
#လူထင်လို့...ဘုရားပေးတဲ့ ဥာဏ်လက်နဲ့ သေချာကိုင်စမ်းကြည့်ကာ လူတွေ့မလား၊ ပူတာ အေးတာတွေ့မလား။ ပူတာ တေဇော၊ အေးတာတေဇောပေါ့။ ပူတာ ဥဏှတေဇော၊အေးတာ သီတတေဇောလို့ မဟောလား။အဲဒါ ရူပက္ခန္ဓာ ပေါ့။ သိတာလေးက ကာယဝိဉာဏ် နာမ်တရား မရလား။ ပူတာ အေးတာက ရုပ်တရား မရလား။ နာမ်ရုပ် နှစ်ပါးပေါ့။
လူလား နာမ်နှင့်ရုပ် ။ နတ်လား နာမ်နှင့်ရုပ် ။ ဗြဟ္မာလား နာမ်နှင့်ရုပ် ။ မိန်းမယောက်ျားလား နာမ်နှင့်ရုပ် ။
အဲဒါကြောင့် မိုးကုတ်ဆရာတော် ဘုရားကြီးက သုညတတရားနာကြ၊ သုညတတရားနာကြ၊ လို့ ခဏခဏ သတိမပေးလား။
ရုပ်ထဲမှာ ရှာချင်တာရှာ ပုဂ္ဂိုလ် သတ္တ၀ါ တွေ့ရဲ့လား။ နာမ်ထဲမှာ ရှာချင်တာရှာ ပုဂ္ဂိုလ် သတ္တဝါတွေ့ရဲ့လား။ ဘာဖြစ်လို့ မတွေ့တာလဲ။ မရှိဘူးနော်။ တွေ့တဲ့တရားက နာမ်နှင့်ရုပ် က သက်သေမခံလား။ အဲဒါ နာမ်ရုပ် ကို တွေ့တဲ့အခါ သုညတ ဖြစ်တာပေါ့။
ကဲ သုညတဆိုက်ရင် ရာဂဒေါသမောဟ ဖြစ်ပါမလား။ ဤနာမ်ရုပ်တရား နှစ်ပါးကို သိတာကိုက သူငါက သိတာလား မဂ္ဂသစ္စာက သိတာလား။ ဘယ်မဂ်က သိတာလဲ။ သမာဓိ မဂ်က သိတာနော်။
အဲဒီက ဆက်ပြီးတော့ ကြိုးစားရင်...
ရုပ်တရားကြီးက ဖောက်ပြန်ပြီးတော့ မပျက်လား။ နာမ်တရားကလည်း သိပြီး မပျက်လား။
ပျက်တယ်ဆိုရင် နာမ်ရုပ်တွေ့မလား မရှိတာတွေ့မလား။
အဲဒါ အနိစ္စလက္ခဏာ ဒုက္ခသစ္စာလို့ မဟောလား။အဲဒါ အနိစ္စလက္ခဏာ ဒုက္ခသစ္စာ အမှန်ပိုင်းခြားသိ ဖို့ လိုတာပေါ့ ။အဲဒါကို သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာလို့ တနည်း မဟောရပေဘူးလား။
အဲသလို မမြဲခြင်းတရားသည် ချမ်းသာတဲ့တရားလား ဆင်းရဲတဲ့ တရား...။
ဆင်းရဲတဲ့ တရားကို သုခလို့ ခေါ်မလားဒုက္ခ...။
ဤဒုက္ခတရား ပိုင်သူများ ရှိရဲ့လား၊ သတ္တဝါအလိုသို့ လိုက်ကဲ့လား။အကြိုက်သို့ ပါရဲ့လား။ အနတ္တလို့ မဟောလား။
ဒီလိုဆိုရင် နာမ်ရုပ်နဲ့ အနိစ္စနဲ့ ပိုင်းခြား ဖို့မလိုဘူးလား။ နာမ်ရုပ်နဲ့ ဒုက္ခနဲ့ ပိုင်းခြား ဖို့မလိုဘူးလား။ နာမ်ရုပ်နဲ့ အနတ္တနဲ့ ပိုင်းခြား ဖို့မလိုဘူးလား။
ကဲ... အနိစ္စတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား၊ ဒုက္ခတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား၊ အနတ္တတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား၊ တီရဏပရိညာ။
နာမ်ရုပ်ကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်း လင်းလင်း သိတဲ့အခါ လူနတ်ဗြဟ္မာတွေ့သေးရဲ့လား။ဉာတပရိညာ။
ဉာတပရိညာ ပိုင်းခြားသိတော့ ဒိဋ္ဌိပြုတ် ဝိစိကိစ္ဆာ ချုပ်တာပေါ့။
အနိစ္စလက္ခဏာ ဒုက္ခသစ္စာ။ဒုက္ခလက္ခဏာ ဒုက္ခသစ္စာ။ အနတ္တလက္ခဏာ ဒုက္ခသစ္စာ
ပိုင်းခြား သိရင် ကဲ ကိလေသဝဋ် မချုပ်ဘူးလား။ တဏှာ သေ ဥပါဒါန် ချုပ်တယ်နော်။ အဲလို စိစစ်ဖို့ မကောင်းလား။
အဲဒီအတိုင်းအမှန်အတိုင်း သိတာ "ယထာဘူတဉာဏ်"လို့မဟောလားဟေ့။ သေချာချာ စိစစ်ဖို့ မကောင်းလား။ ဆက်ပြီးတော့ ကြိုးစားတော့ ဖြစ်ပျက်ပဲ တွေ့မှာပေါ့။ ဘာသစ္စာလဲ။ ဒုက္ခသစ္စာနော်။အဲဒီအသိဉာဏ်ကျတော့ နိဗ္ဗိန္ဒဉာဏ်လို့ မဟောဘူးလား။
ဒုတိယဒုက္ခသစ္စာ ပိုင်းခြားသိတော့ ခန္ဓာ ကလွတ်ချင်တဲ့ စိတ်တွေ ကျွတ်ချင်တဲ့ စိတ်တွေ ပေါ်တာပေါ့။ နိဗ္ဗိန္ဒဉာဏ်ပေါ့။ အဲဒီတရားကျောင်းကပြန်လို့ ကိုယ့်နေရာ ကိုယ့်ဌာနရောက်တဲ့အခါ ပတ်ဝန်းကျင်က အကဲမခတ်လားဟေ့။ မူပြောင်းလာခဲ့တယ်လို့ အကဲခတ်ကြတယ်နော်။ အပြောအဆိုအနေအထိုင်တွေ မူပြောင်းသွားတာပေါ့။
ဆက်ပြီးတော့ တခါ ကြိုးစားကြည့်တော့လည်း ဖြစ်ပျက်ပဲ တွေ့ဦးမှာပေါ့။ ဘာသစ္စာလဲ။ ဒုက္ခ
သစ္စာ နော်။ အဲတော့ခြေစခေါင်းဆုံး တကိုယ်လုံးကို ရှာချင်တာရှာ သုခဆိုတဲ့တရားက အပ်ဖျားတထောက်စာမျှ ရှိရဲ့လား၊ မရှိဘူးနော်။ အပ်ဖျားတထောက်စာမျှ မတွေ့ကာ...ဒုက္ခ အတိလို့ မပိုင်းခြားလား။
အဲသလို ပိုင်းခြား တဲ့အခါကျမှ သီလမဂ္ဂင်ဆိုတဲ့ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ အဲဒီသီလမဂ္ဂင်သုံးပါး ဝင်တာဗျား။တနည်းအားဖြင့် တရားရဲ့အဆီပေါ့ကွဲ့။ သေချာချာလေ့လာနော်။ အဲဒီသုံးပါးဝင်တော့ ရှုဉာဏ်ငါးပါးနဲ့ ပေါင်းတော့ ရှစ်ပါးမပြည့်လား။ရှစ်ပါးပြည့်တဲ့အခါ... ခန္ဓာ ကား တွေ့သေးရဲ့လား ဖြစ်ပျက်ကား တွေ့သေးရဲ့လား ။ လောကုတ္တရာ လို့ မဟောလား။ ဤနေရာရောက်အောင် ကြိုးစားအားထုတ်ဖို့ လိုတယ်နော်။ အဲလို စိစစ်ဖို့ မလိုလား။
ဒါကြောင့်မို့ နိဗ္ဗာန် ကို ပရမတ်ဖုံးတယ်။ ပရမတ်ကို ပညတ်ဖုံးတယ်လို့ မဟောဘူးလား။ ကဲ ကိုယ်တွေ့နေတဲ့တရားက ခန္ဓာ ငါးပါးပေါ့။ ချုံ့လိုက်တော့ နာမ်နဲ့ရုပ်ပေါ့။ ပညတ်အနေနဲ့ လူလို့ မထင်ကြဘူးလား။ မိန်းမယောက်ျားလို့ မထင်ကြဘူးလား။ ရှိတယ်လို့ မယူလား။
တွေ့တဲ့တရားက လူလား နာမ်နဲ့ရုပ်။ မိန်းမယောက်ျားလား နာမ်နဲ့ရုပ်။ ကဲ နာမ်ရုပ်ကို တွေ့ပြီ။ လူဆိုတဲ့ ပညတ်ကဖုံးတော့ နာမ်ရုပ်ကို တွေ့သေးရဲ့လား ။ မိန်းမယောက်ျားလို့ မြင်နေတော့ကာ နာမ်ရုပ်တွေ့သေးရဲ့လား၊ ဒါကြောင့် ပရမတ်ကို ပညတ်ဖုံးတယ်လို့ မဟောဘူးလား။
အဲဒါ လူရှိသမျှတော့ နာမ်ရုပ်ကို မြင်ပါ့မလား။ မိန်းမယောက်ျား တွေ့နေရင် နာမ်ရုပ် ကို တွေ့ပါ့မလား။ အဲဒါ တွေ့အောင် ဒီအဖုံးတွေ လှန်ဖို့ လိုတာကွဲ့။ သေချာချာလေ့လာနော်။ အဲလို လှန်ပြီးတော့ ကြည့်လိုက်ကြစို့ ဆိုတော့.. .အဖုံးဖွင့်ဖို့ လိုတာပေါ့။
ဦးခေါင်းထင်လို့ ကိုင်စမ်းကြည့်လိုက်တာပေါ့နော် ၊ ဘုရားပေးတဲ့ ဉာဏ်လက်နဲ့ကိုင်စမ်းကြည့်တဲ့အခါ....
ဦးခေါင်းတွေ့မလား မာတာတွေ့မလား။ မာတာ ပထဝီပေါ့။
ပါးထင်လို့ ကိုင်စမ်းကြည့် ပါးတွေ့မလား ပျော့တာ တွေ့မလား။ ပျော့တာ ပထဝီပေါ့။
နှာခေါင်းထင်လို့ ကိုင်စမ်းကြည့် နှာခေါင်း တွေ့မလား ပျော့တာတွေ့မလား။
နား ထင်လို့ ကိုင်စမ်းကြည့် နားတွေ့မလား ပျော့တာတွေ့မလား။ ပျော့တာ ပထဝီပေါ့။
သွားထင်လို့ ကိုင်စမ်းကြည့် သွားတွေ့မလား မာတာတွေ့မလား။
လက်ထင်လို့ ကိုင်စမ်းကြည့် လက်တွေ့မလား မာတာတွေ့မလား။
ခြေထင်လို့ ကိုင်စမ်းကြည့် ခြေတွေ့မလား မာတာတွေ့မလား။
ကိုယ်ကောင်ထင်လို့ ကိုင်စမ်းကြည့် ကိုယ်ကောင် တွေ့မလား မာတာ ပျော့တာတွေ့မလား။ အဲဒါ ပထဝီဓာတ်ပေါ့။ အဲလို သိတာ ကာယဝိညာဏ် နာမ်တရားမရလား။ မာတာပျော့တာက ရုပ်တရား မရလား ။ နာမ်ရုပ်နှစ်ပါး။ ဖြန့်လိုက်တော့ ခန္ဓာ ငါးပါး။ ဒါ ပရမတ်တရားလို့ မဟောဘူးလား။
ကဲအဲလို ခန္ဓာ ငါးပါးတွေ့တဲ့အချိန် နာမ်ရုပ်တွေ့တဲ့အခါ ၃၂ကောဋ္ဌာသ တွေ့သေးရဲ့လား။တွေ့တဲ့တရားက နာမ်ရုပ်ကိုး။ ၃၂ကောဋ္ဌာသ မတွေ့ရင် လူကားတွေ့သေးရဲ့လား၊ လူမတွေ့ရင် နတ်ကားတွေ့ရဲ့လား။ ဗြဟ္မာကားတွေ့ရဲ့လား ။ မိန်းမယောက်ျားကား တွေ့ရဲ့လား။ ဘာဖြစ်လို့ မတွေ့တာလဲ။
တွေ့တဲ့တရားက နာမ်ရုပ် က ပရမတ်တရားနော်။ ဘယ်လိုပဲ သမုတ်သမုတ် ခေါ်ချင်သလို ခေါ် ပြောချင်သလိုပြော နာမ်ရုပ်က လူဖြစ်ရဲ့လား။ နတ်ဖြစ်ကဲ့လား။ ဗြဟ္မာဖြစ်ကဲ့လား။ မိန်းမယောက်ျားဖြစ်ကဲ့လား။ အဲဒါ မပြောင်းမလဲခြင်းကြောင့်သူ့ကို ပရမတ်လို့ခေါ်တာ။ ကဲ ဒီလိုဆိုတော့ကာ အဖုံးပွင့်သွားပြီနော်။ ပညတ်ပျောက်ပြီကွဲ့။
ဆက်ပြီးတော့ ကြိုးစားတော့ကာ အဲဒီ နာမ်ရုပ်က ဖောက်ပြန်ပြီးတော့ မပျက်လား။ သိပြီးတော့ မပျက်လား။
ပျက်ရင် နာမ်ရုပ်တွေ့မလား အနိစ္စတွေ့မလား။
နာမ်ရုပ်တွေ့မလား ဒုက္ခ တွေ့မလား။ နာမ်ရုပ်တွေ့မလား အနတ္တတွေ့မလား။
ဒီလိုဆိုရင်...အနိစ္စနဲ့
နာမ်ရုပ်နဲ့ ပိုင်းခြား ဖို့မလိုဘူးလား။ဒုက္ခနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြား ဖို့မလိုဘူးလား။အနတ္တနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြား ဖို့မလိုဘူးလား။
ကဲ... အနိစ္စတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား၊ ဒုက္ခတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား၊ အနတ္တတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား၊တီရဏပရိညာ။ နာမ်ရုပ်နဲ့ အနိစ္စ ဒုက္ခ အနတ္တနဲ့ ပိုင်းတာလေ။
အဲဒီအနိစ္စတရား ဒုက္ခ တရား အနတ္တတရားကို ဆက်ပြီး ကြည့်တော့ ဖြစ်တဲ့တရားနဲ့ ပျက်တဲ့တရားမရလား။ ဖြစ်ပျက် ဘာသစ္စာလဲ။
ဒုက္ခ သစ္စာအမှန်သိတာ ယထာဘူတဉာဏ်ပေါ့။
ဒုတိယဆက်ကြည့်တော့ ဖြစ်ပျက် ဘာသစ္စာလဲ။ဒုတိယကျတော့ နိဗ္ဗိန္ဒဉာဏ်လို့ မဟောလား။
တတိယဆက် ကြိုးစားတော့လည်း ဖြစ်ပျက်ပဲ မရလား။ ဘာသစ္စာလဲ။ ရှာချင်တာရှာ သုခဆိုတဲ့တရားက အပ်ဖျားတထောက်စာမျှ တွေ့ရဲ့လား၊မတွေ့တာ မရှိလို့ပေါ့။ မရှိဘူးလို့ သုခမရှိရင်...ဒုက္ခ အတိလို့ မပိုင်းခြားလား။
ပိုင်းခြား တဲ့တချိန် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သီလမဂ္ဂင်သုံးပါးဝင်တော့ ရှစ်ပါးမပြည့်လား။ရှုဉာဏ်ငါးပါးနဲ့ပေါင်းတော့ ရှစ်ပါးပေါ့။
အဲ...
ရှစ်ပါးပြည့်တဲ့အချိန်မှာ... ခန္ဓာ ကား တွေ့သေးရဲ့လား ဖြစ်ပျက်ကား တွေ့သေးရဲ့လား ။ ခန္ဓာ မတွေ့တော့ မငြိမ်းလား။ ကဲ ကိလေသာကားတွေ့သေးရဲ့လား။ ကိလေသာမတွေ့တော့ မအေးဘူးလား။ အဲဒါ ငြိမ်းတဲ့သဘောနဲ့ အေးတဲ့သဘောကို နိဗ္ဗာန် လို့မဟောလား၊
အဲဒီနိဗ္ဗာန်ကို မြင်တဲ့အခါ ခန္ဓာ တွေ့သေးရဲ့လား ဒါကြောင့် နိဗ္ဗာန် ကို ပရမတ်ဖုံး။ ခန္ဓာ ငါးပါးက ပရမတ်ကိုးကွဲ့။ စိတ်စေတသိက်ရုပ် က ပရမတ်ကိုးကွဲ့။ နာမ်ရုပ်က ပရမတ်ကိုးကွဲ့။ ကဲ... ပရမတ်ကို တွေ့သေးရဲ့လား။ တွေ့တဲ့တရားက ငြိမ်းတဲ့သဘောနဲ့ အေးတဲ့သဘော။ နိဗ္ဗာန် လို့ မဟောလားဟေ့။ ဤနေရာရောက်အောင် ကြိုးစားအားထုတ်ဖို့ လိုတာ။ အဲဒါသေချာချာလေ့လာနော်။
အဲဒါကြောင့် တရားအားထုတ်တဲ့အခါ ပညတ်အာရုံနဲ့ ပရမတ်အာရုံ ပိုင်းခြား ဖို့လိုတာ။ အခု ပုဂ္ဂိုလ် သတ္တ၀ါ ဆိုတော့ ခန္ဓာ ရှိလျက်နဲ့ ပုဂ္ဂိုလ် သတ္တ၀ါ ဆိုတဲ့ ပညတ်က ဖုံးနေတာပေါ့။ ရှိတဲ့ ခန္ဓာ ငါးပါးကို အမှန်သိမယ်ဆို ပုဂ္ဂိုလ် သတ္တ၀ါ တွေ့သေးရဲ့လား ။
အဲဒါကြောင့်မို့ "
ပရမတ်ကို ပညတ် ဖုံးတယ်နိဗ္ဗာန် ကို ပရမတ်ဖုံးတယ်"လို့မဟောလား။
ကဲ အဲဒီပရမတ်ကို သိတဲ့အတွက် ခန္ဓာ ငါးပါးလို့သိ အနိစ္စလို့သိ။ ခန္ဓာ ငါးပါးလို့သိ ဒုက္ခလို့သိ။ ခန္ဓာ ငါးပါးလို့သိ အနတ္တလို့သိတဲ့အခါ ဒါ ပရမတ်အာရုံနော်။
အဲဒါ ကိလေသာအာရုံ ဟုတ်ကဲ့လား။ မဟုတ်ဘူး နော်။ အဲဒါကြောင့် ရှေးပညာရှိတွေက "ပရမတ်အာရုံ သိခိုက်ကြုံပြတ်ပုံ ကိလေသာ။
ပရမတ်အာရုံ သိခိုက်ကြုံပြတ်ပုံ ကိလေသာ။"
မဟောဘူးလား။ သေချာချာလေ့လာနော်။
ရာဂဒေါသမောဟ ဆိုတဲ့ ကိလေသာဆိုတာ ပညတ်အာရုံမှာ ဖြစ်တာကွဲ့။ တကယ့် အရှိနဲ့ အသိ ကိုက်သွားမယ်ဆိုရင်... ဟော...ရာဂဒေါသမောဟ လာသေးရဲ့လား။ အဲလို စိစစ်ဖို့လိုတယ်နော်။ အဲဒါ လိုရင်းအချက်တွေပေါ့ကွဲ့။ သိမှ ပယ်နိုင်တာ။ လိုရင်းက အဲဒါပဲနော်။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး
၂၈.၁၀.၉၇ ညနေ ၄နာရီ
ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့။
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ
မုံလယ်ဇ
Wednesday, February 10, 2016
အဖုံးဖွင့် နည်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment