Saturday, February 20, 2016

အား ထုတ်တယ် ဆိုတာ....


#################

ကိုယ်ထင်ခဲ့တာက...လူနတ်ဗြဟ္မာ သတ္တ၀ါ ပေါ့။
တွေ့တဲ့တရားက...ခန္ဓာ ငါးပါး။
အဲဒါကို သိအောင် မလေ့လာရပေဘူးလား။
လေ့လာရမယ်နော်။

လေ့လာလို့ ဉာတပရိညာအနေနဲ့ ခန္ဓာ ငါးပါးနဲ့ ကိုယ်ထင်တဲ့ လူနတ်ဗြဟ္မာ နဲ့ ပိုင်းခြားရမယ်။
ပိုင်းခြားလို့ သိဖို့ မလိုဘူးလား။

လူ-ထင်လို့ ကိုင်စမ်းကြည့် လိုက်တာပေါ့။
ဆံဖျားကနေပြီးတော့ ခြေဖျားအထိ ကိုင်စမ်းကြည့် နော်။
ခြေဖျားကနေ တခါ ဆံဖျားထိ ကိုင်စမ်းကြည့် နော်။

ဘုရားပေးတဲ့ ဉာဏ်လက်နဲ့ ကိုင်စမ်းကြည့် တဲ့အခါ....
ပူနွေးနွေး မတွေ့ဘူးလား။ လူလား တေဇောဓာတ်?။
အဲဒီ ပူနွေးနွေးကို ပကတိမျက်စိနဲ့ ကြည့်။ မြင်ရပါမလား။...ထိမှ သိတာ။ မထိ...သိရပါမလား။

အဲဒါ ထိလို့သိတဲ့အခါ...လုံးရပ်သဏ္ဌာန်တွေ တွေ့ရဲ့လားကွဲ့။ သဘောအနေနဲ့တော့ ပူတာလေးက မထင်ရှားဘူးလား။
အဲဒါ ချိန်ကြည့် ... တရွေးသား လို့ ပြောနိုင်ပါမလား၊ တစ်ဆယ်သား ရှိတယ်လို့ကား ပြောလို့ ရပါမလား။

သဘောအနေနဲ့ကတော့ မထင်ရှားဘူးလား။
အဲဒါကြောင့် သဘော=ပရမတ်လို့ ခေါ်တာ။
မပြောမဖြစ်လို့ တေဇောဓာတ် လို့ ပူတယ်လို့ ပြောရတာကွဲ့။ အဲဒါ သမ္မုတိအနေနဲ့ ပူတာကို မီးလို ပြောရတာ။စဉ်းစားနော်။

အဲလို ခြေစခေါင်းဆုံး ရှာကြည့်တော့ကာ...
လူတွေ့သလား ပူနွေးနွေးတွေ့သလား။
ပူတာ တေဇောပေါ့။ တနည်းအားဖြင့် အေးတာ မတွေ့လား။ အေးတာလည်း တေဇောပေါ့။ ပူတာက=ဥဏှတေဇော၊အေးတာ= သီတတေဇော။
ပူတယ်လို့သိတာ ၊အေးတယ်လို့ သိတာ =ကာယဝိညာဏ်။

တစ်ဝိညာဏ်တည်း သိလို့ ဖြစ်ရဲ့လား။ မဖြစ်ရင် သူနဲ့ သဟဇာတဖြစ်တဲ့ ဝေဒနာ သညာ စေတနာ ပါတယ်။ ဝေဒနာဆိုတာ... ပူတယ်လို့ ခံစားတာ သူငါလား ဝေဒနာ၊
လူလို့ ခံစားတာလား ပူတယ်လို့ ခံစားတာလား ။ကဲ... အာရုံက တေဇောကိုး။ တေဇောဖောဋ္ဌဗ္ဗလို့ မဟောဘူးလား။ ဒါ...အာရုံက ပူတဲ့သဘောနော်။ ခံစားတဲ့ သဘောက ဝေဒနာကိုးကွဲ့။ ပူတယ်လို့ ခံစားတာ။ ငါလား ဝေဒနာ၊ လူလား ဝေဒနာ၊

မှတ်တယ်ဆိုတဲ့ ကိစ္စတွေဟာ...လူလို့ မှတ်တာလား၊ ပူတယ်လို့ မှတ်တာလား၊ တွေ့တဲ့တရားကိုးကွဲ့နော်။ အဲဒါ သညာ။ မှတ်တာ လူလား သညာလား။ ငါလား သညာလား။
ခံစားနိုင်အောင် စေ့ဆော်တာ ၊ မှတ်နိုင်အောင် စေ့ဆော်တာ ... သူငါလား စေတနာ။
ဝေဒနာ၊သညာ၊စေတနာ ပေါ့။ ဤသုံးခု ပေါင်းတော့ "နာမက္ခန္ဓာလေးပါး" မပြည့်လား။
လူလား နာမက္ခန္ဓာလေးပါး ။

ကာယအကြည်ကား ငါဟုတ်ကဲ့လား။ပူဆိုတဲ့ဟာကော ငါဟုတ်ကဲ့လား။အေးတာကော ငါဟုတ်ကဲ့လား။ပူတာအေးတာ တေဇောပေါ့။ ပူတယ်အေးတယ်လို့ သေချာချာလေ့လာနော်။ အဲလို စိစစ်ဖို့ မကောင်းလား။ အဲဒါ ကာယအကြည်ကား ငါဟုတ်ကဲ့လား။ ပူတာအေးတာကော ငါဟုတ်ကဲ့လား။ ခန္ဓာ ဖွဲ့ကြည့်တော့ "ရူပက္ခန္ဓာ" မရလား။

နာမက္ခန္ဓာ လေးပါးနဲ့ ရူပက္ခန္ဓာ ပေါင်း=?
ဒါ ခန္ဓာ ငါးပါးနော်။ ထိလို့ သိတာ။ ကာယမှာ...၊
ထင်တာက လူလို့ မထင်ဘူးလား၊သေချာချာ လေ့လာနော်။ ကဲ ... လက်ထင်လို့ ကိုင်စမ်းကြည့် ၊ လက်တွေ့မလား ပူနွေးနွေးတွေ့မလား။
ပူတာကိုသာ လက်လို့ ခေါ်ရင်တော့... ပူတာ တွေ လက်လို့ပဲ ခေါ်ရမှာကွဲ့။ ဒီလိုကား ဖြစ်ပါမလား။ ဖြစ်ဘူးကွဲ့။ ပူတာ တေဇော။

ရှာချင်သလိုရှာ...ခန္ဓာ မှာ။ လက်ထင်လို့ ကိုင်စမ်းကြည့်။ လူထင်လို့ ကိုင်စမ်းကြည့် ။ ဦးခေါင်းထင်လို့ ကိုင်စမ်းကြည့် ၊ သုံးဆယ့်နှစ် ကောဋ္ဌာသ ကိုင်စမ်းကြည့် ။ ပူတာအေးတာပဲ တွေ့မယ်။ တနည်းအားဖြင့် မာတာတွေ့မယ်။ တနည်းအားဖြင့် ပျော့တာတွေ့မယ်။ တနည်းအားဖြင့် ထောက်ကန်မှုတွေ့မယ် ၊ လှုပ်ရှားမှု တွေ့မယ်။

အခု... ထိုင်နေတာတွေ...လူတွေလား ထောက်ကန်ဝါယော၊ ရပ်နေတာ လူလား ထောက်ကန်ဝါယော၊ သွားတာလာတာ လူလား လှုပ်ရှားဝါယော၊ ဝါယောဓာတ်ပဲ တွေ့တယ်နော်။ အဲဒီ ဝါယောဓာတ်အပေါ်မှာ တင်စားပြီးတော့မှ လူတွေရပ်တယ်၊ လူတွေထိုင်တယ်၊ လူတွေ သွားတယ်လို့ ပြောရတာ။ အဲဒါက သမုတ်ရှိ။
မသမုတ်လည်း ရှိ သမုတ်လည်းရှိက ဝါယောဓာတ်။

ခြေလက်အင်္ဂါရှိတိုင်းလည်း ထိုင်နိုင်လိမ့်မယ်လို့ မထင်နဲ့။ အခုလောလောဆယ် သေသွားတဲ့ လူတယောက်... ခြေလက်အင်္ဂါ မပါဘူးလား။ ထိုင်နိုင်ရဲ့လား။ သူဟာနဲ့သူ သွားနိုင်ရဲ့လား။
မသွားနိုင်လို့ သချိုင်း ကို ထမ်းပို့ရတာကွဲ့။
ခြေလက်တော့ ပါတယ်၊ သွားနိုင်ရဲ့လား။ စိတ္တဇ ဝါယောရှိမှ ဖြစ်တာ။ ငါ မဟုတ်ဘူးကွဲ့။

အဲဒီ ခန္ဓာ သိအောင်လို့ တရားအားထုတ်နေတာ။ အား ထုတ်တယ်ဆိုတာ... ဆားအိတ်တွေ ၊ ဘိလပ်မြေအိတ်၊ ဆန်အိတ်တွေ ပိုးသလို မဟုတ်ဘူး။စဉ်းစားတာ ဝေဖန်တာ စိစစ်တာ။
ပိုးတာ ထမ်းတာက ကာယကံ အလုပ်တွေ။  အဲဒါက ကံ။ ကံ။ အဲဒီကံက လူတွေ မြင်တယ်။

ထိုင်နေတာ မြင်တာပေါ့။ ဟာ...တရားထိုင်နေတယ်။ တရားထိုင်တယ်၊ ဟိုက မြင်တယ်။
တချို့လည်း တရားထိုင်လို့ စိတ်က ရွာထဲကို ရောက်ပြီးတော့မှ အင်း...အိမ်မှာရှိတာ သူတို့ ဟိုဟာ သိမ်းလို့ သိုလို့ မှ သိမ်းကြပါမလားဟေ။ တွေးတာ တွေးတာ ။

ကဲ... ထိုင်လျက်ပုံကတော့ ဒီမှာ ကျောင်းကန်ဘုရားမှာလေ။ စိတ်က အိမ်ကို ရောက်နေပြီးပြီ။ အဲဒီ စိတ်ကိုတော့ မြင်ပါမလား။ မြင်ဘူးကွဲ့.... ထိုင်တာ မြင်တာ။
တချို့လည်း ခန္ဓာ ဘက်ကို ကပ်တာ ရှိမှာပေါ့ ။
တချို့ကလည်း ဟိုရောက် ဒီရောက် မရောက်ဘူးလား။ ရောက်တယ်ကွဲ့၊ စဉ်းစားကြ။

လိုရင်းအချက်က ခန္ဓာ ငါးပါးသိဖို့။
ခန္ဓာ ငါးပါးကို မြတ်စွာဘုရား က သက္ကာယလို့ မဟောဘူးလား။
လူလို့ ဟောသလား ခန္ဓာ ငါးပါးလို့ ဟောသလား။ နတ်လို့ ဟောသလား ခန္ဓာ ငါးပါးလို့ ဟောသလား။ ဗြဟ္မာလို့ ဟောသလား ခန္ဓာ ငါးပါးလို့ ဟောသလား။
ခန္ဓာ ငါးပါးသိဖို့ လိုတယ်နော်။ တွေ့တဲ့တရားက ခန္ဓာ ငါးပါးပေါ့။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသံဝရ။

၂.၉.၁၉၉၉ နေ့လည် ၂နာရီတွင် ဟောကြားတော်မူသော တရားတော်မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ

No comments:

Post a Comment