####################
အခု ငါးပါးသီလ ရဲ့ အကျိုး အပြစ်ကို မသိတော့...
ဟိုအခင်းထဲ ဝင်လိုက် ပဲသီးလေး ခိုးလိုက်။ ဟိုအခင်းထဲ ဝင်လိုက် သခွားသီးလေး ခိုးလိုက်။ တော်ကြာ ဖြတ်သွားရင် ရုံးပတီသီးလေး လေးငါးထောင့် ကောက်လိုက်။ ဒီလိုတွေကား မရှိဘူးလားဟေ့။ငါးပါးသီလ တန်ဖိုးကို နားမလည်လို့ ပေါ့ကွဲ့။အင်မတန် အဖိုးတန်တဲ့ ငါးပါးသီလ နဲ့ ရုံးပတီသီးနဲ့ လဲ ပဲသီးနဲ့လဲ။ကြားလား။
ကုန်သည်ဘက်ကလည်း စည်းကမ်းမဲ့နေပြီးတော့မှ သီလနဲ့ မပြည့်စုံတဲ့ ကုန်သည်တွေကျတော့ကာ...ဟော.တစ်ပိဿာ နှစ်ကျပ်သား နှုတ် သုံးကျပ်သား နှုတ်ဟေ့။ ကြားလား။အေး...အဲဒါ သီလနဲ့ မပြည့်စုံတာတွေ မထင်ရှားဘူးလား။
စက်ချုပ်သမား ဘက်ကလည်း...
ပြန်ပြီးတော့ ရှေးရှေးက ဘုန်းကြီးတို့ ရွာမှာ ဖိုးထွန်းကြီး လို့ စက်သမားကြီး ရှိတယ်နော်။
အရှေ့တိုက်က ပေါင်တီးနိုင်တို့ ညီအစ်မတွေ အပ်တဲ့အခါ ချိန်ပြီးတော့ အပ်တာ ကြားလား။
သူ့အထည်ကျတော့ မင်းတို့ ....သူ့လက်အောက်က တပည့်တွေ လေးငါးယောက် ရှိတာကိုး။
စက်သင်တဲ့သူတွေ မင်းတို့ မထိကြနဲ့ မကိုင်ကြနဲ့တဲ့။ကြားလား။
သူကိုယ်တိုင် ညှပ်ပြီးတော့ ချုပ်ပေးတာ။ ကတ်ကြေး နဲ့ ကိုက်ပြီးတော့။ သေးသေးလေး အစ ကစ ပြန်ထုပ်ပေးလိုက်တာ ။အိမ်ကိုကျတော့ ပြန် ချိန်တာ ဟိုကလေ။ မှန်တယ်တဲ့ ဟဲ့။ သေချာချာ လေ့လာနော်။
ပိုက်ဆံက ချုပ်ခက တစ်မတ်ဆို တစ်မတ် ရလိုက်ပြီးပြီကိုး။ ပိုတာ သူ့ဟာကွဲ့။ အခုတော့ တစ်ဝါးလည်းယူ ။လေးသစ်လည်းယူ။ တော်ကြာ စပ်ထဘီ လုပ်ပြီးတော့ ရောင်းလို ရောင်း ။သေချာချာ လေ့လာနော်။
ကဲ သီလနဲ့ မလဲဘူးလား လဲသလား။ အင်မတန် အဖိုးတန်တဲ့ သီလကို ကွာ...အားရပါးရ မသိတော့ကာ အလွဲသုံးစားလုပ် ဖြုန်းပစ်လိုက်တာပေါ့။
တချို့ကလည်း အရက်ပုလင်း တစ်အာတာနဲ့ လဲတဲ့ ပုဂ္ဂိုလ် ကလည်း ရှိသေးတာကိုးကွဲ့။ သုရာမေရယလို့ မရှိဘူးလား။ အဲဒီ တစ်အာတာနဲ့ လဲတာများ ငါ အံသြတယ်ကွာ ။ ကြားလား။ အဲလို စိစစ်ဖို့ မကောင်းလား။ ထိထိမိမိ လေ့လာနော်။
အစိုးရဝန်ထမ်း အနေနဲ့လည်း ရုံးတက်တာက ဆယ်နာရီ ကိုးကွဲ့။ ဆယ်နာရီက နောက်ကျ ဆယ့်တစ်နာရီ။ တချို့က ဆယ်နာရီခွဲ။ နာရီဝက်လောက် နောက်ကျတဲ့ ပုဂ္ဂိုလ် တွေ မရှိဘူးလားဟေ့။
လခထုတ်တဲ့အခါ နောက်ကျတယ်လို့ လျော့ရဲ့လားကွဲ့။ မလျော့...အဒိန္နာဒါနကံ ကင်းပါမလား ကွဲ့။ ကြောက်စရာ ကောင်းတာကွာ ကြားလား။အဲလို စိစစ်ဖို့ မကောင်းလား။
တစ်ဖက်ကလည်း ပြန်လေ့လာကြဦး။
ငါတို့ဌာနက ဘယ်လိုနေတယ်။ ဘယ်ဌာနက ဘယ်လိုနေတယ်။ ငါတို့ ဆီကနေပြီးတော့ လာဘ်ကောင်းတာပေါ့။ ငါတို့ဆီက အောက်ဆိုက်ကောင်းတယ်လို့ကား မပြောဘူးလား။
အဲ လခဘယ်လောက်ရလဲ လို့ မမေးဘူးလား။ ထောင့်ငါးရာပေါ့ကွဲ့။ အောက်ဆိုက်က နှစ်ထောင်လောက် ရတာပေါ့။ ဒီလိုတွေကား မပြောကြဘူးလား။
အောက်ဆိုက်လို့ နာမည်ပေးတတ်တာ မှန်လွန်းလို့ကွာ။ ငါအားရတယ် အဲဒါ ၊ကြားလား။ အထက်ကိုတော့ မဆိုက်ဘူး အောက်ကို ဆိုက်မှာဗျား။ ငရဲ တိရစ္ဆာန် ပြိတ္တာအသူရကယ် အပါယ်လေးဘုံ ဆိုတာ အောက်ဆိုက်ကွဲ့။ အောက်ဆိုက်။ ကြားလားဟ။
သိရင် ပယ်ရမှာနော်။ မသိ... အဲဒီအကျင့်တွေက ပယ်နိုင်ပါ့မလား။
အဲဒါမို့ ကြားဖူးမှ နားဝတယ်လို့ မဟောဘူးလား။
မြတ်စွာဘုရား ဟောတဲ့တရားကို ပြန်စိစစ်ဖို့ ကောင်းတယ်နော်။ သုတဝါ အရိယာသာဝကော လို့ မဟောဘူးလား။ သုတ အကြားအမြင်သာ ရှိရင် အရိယာ ဖြစ်တယ်တဲ့ကွဲ့။
အသုတဝါ ပုထုဇ္ဇနော ဆိုတာ ... အကြားအမြင် နည်းတဲ့ ပုဂ္ဂိုလ် မို့လို့ အောက်ဆိုက် အလုပ်ကို လုပ်တာ။
သေချာချာ စဉ်းစားကြ။ အကြားအမြင် များတဲ့ ပုဂ္ဂိုလ် က မစင်ကို ကိုင်ရမှာ ရွံ့သလိုကို ရွံတာကွဲ့။ မရွံဘူးလားဟေ့။ အဲလို စိစစ်ဖို့ လိုတယ်နော်။
ကဲ...သိတော့ မပယ်ရပေဘူးလား။
မသိ... ပယ်နိုင်ပါ့မလားကွဲ့။
ကျေးဇူးတော်ရှင် မုံလယ် ဆရာတော် ဘုရားကြီး
၆.၂.၁၉၉၇.ည၇နာရီ
မွှေ့လယ် မုံလယ်တရားစခန်း
တိပ်ခွေမှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ
Thursday, February 4, 2016
သီလနဲ့ မလဲဘူးလား လဲသလား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment