Wednesday, February 10, 2016

ကိုရိုး မ​အေး

စဉ်းစားတာ အလုပ်လုပ်တာကွဲ့။

###############

လူတွေစွဲပုံ+မစွဲပုံ ပြန်ဆန်းစစ်ကြဦးနော်။
ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း စဉ်းစားပါ။
အဲဒီ စဉ်းစားတာကို အလုပ်လုပ်တယ်လို့ ခေါ်တယ်နော်။

ကိုယ့်ဒေသန္တရတွေမှာ မြေကြီး... အိုးလုပ်တာတွေ မရှိကြဘူးလား။ မြေကြီးပဲ သက်သက် အိုးလုပ်လို့ ဖြစ်ကဲ့လား။
သူနဲ့ သဟဇာတဖြစ်တဲ့ အာပေါဆိုတဲ့ ရေဓာတ်မပါရဘူးလား။အဲဒီ ရေနဲ့ သမအောင် လုပ်ရတာကွဲ့။ သမလို့ တော်တော်လေး အစေးပေါက်ပြီ ဆိုကာမှ ပုံသွင်းရတာနော်။

ပုံသွင်းလို့ ပေါ်လာပြီဆိုတဲ့အခါကျတော့ ချီလို့ ရွှေ့လို့ မလို့ ရပါမလား။ မရရင် လေသလပ်အောင် မထားရဘူးလား။ ဒီလိုဆိုတော့ ဝါယောဓာတ်ကား မပါလား။ ပါတယ်နော်။ လေသလပ်လို့ တော်တော်လေး မာလာပြီ ဆိုတဲ့အခါကျတော့ အကိုင်... နည်းနည်းပါးပါး အကိုင်ခံပြီနော်။

နေပွင့်တဲ့နေရာ...နေပူတဲ့နေရာကို ထုတ်ပြီးတော့ မလှန်းရဘူးလား။ လှန်းလို့ အမာခံရတဲ့အခါ...ရွာပြင် မြို့ပြင် သွားပြီးတော့ မီးမဖုတ်ရဘူးလားဟေ့။ သို့...အဲဒီမှာ တေဇောဓာတ်ကား မပါဘူးလား။ ပထဝီဓာတ် တေဇောဓာတ် အာပေါဓာတ် ဝါယောဓာတ်ပေါ့။

ပထဝီဆိုတာ အာပေါဟုတ်ကဲ့လား။ အာပေါကား ဝါယောဟုတ်ကဲ့လား။ ဝါယောကား တေဇောဟုတ်ကဲ့လား။ တခုစီတခု ဘယ်ဟာနဲ့မှ မစပ်ဘူး ကြားလား။ အဲသလို သိဖို့ လိုတယ်နော်။

အခုလိုချင်တာဟာ...အဲဒီဓာတ်လေးပါးရဲ့ အပေါင်းအစု ကို မြင်လို့ လိုချင်တာကွဲ့။ တခုစီ တခုစီသာ ကြည့်မယ်ဆိုရင် လိုချင်စရာကား ရှိသေးရဲ့လား။ သေချာချာလေ့လာနော်။

အဲဒါကြောင့် ရှေးသူဟောင်းတွေက... ပုံမပျက်လို့ စုံမက်တယ် လို့ မဟောဘူးလား။
ကဲ...အပေါင်းအစု အနေနဲ့ မြင်တော့ လိုချင်တာပေါ့။ တခုစီ တခုစီ ကြည့်ကာ လိုချင်စရာ ရှိရဲ့လား၊ ရူပက္ခန္ဓာ ပြန်စဉ်းစားနော်။ ပထဝီ ရူပက္ခန္ဓာ ပေါ့။ အာပေါ ရူပက္ခန္ဓာ ပေါ့။ တေဇော ရူပက္ခန္ဓာ ပေါ့။ ဝါယော ရူပက္ခန္ဓာ ပေါ့။ တခုနဲ့ တခု တူရဲ့လား။

အဲသလို မြင်တဲ့အခါ လိုချင်တဲ့ ရာဂ ဖြစ်သေးရဲ့လား။ ရာဂမှ မဖြစ်ရင် ဒေါသကား ဖြစ်ပါမလား။ ဒေါသမှ မဖြစ်ရင် မောဟကား ဖြစ်ပါမလား။ အေး...အဲသလို စိစစ်ဖို့ လိုတယ်ကွဲ့။
အဲဒါကြောင့်မို့လို့ အလောဘ အဒေါသ အမောဟ လို့မဟောဘူးလား။ အဲဒီနေရာရောက်အောင် ကြိုးစားရမှာနော်။ သိမှ ပယ်နိုင်တာ။ မသိ...ပယ်နိုင်ပါ့မလား။ သိအောင် ကြိုးစား။

ဤပမာဏကဲ့သို့ ခန္ဓာကို ပြန်လေ့လာပေါ့။
အမိမွေးတိုင်း အဖမွေးတိုင်း မျက်စိနဲ့ ကြည့်မယ်ဆို... လူတွေမြင်မှာပေါ့။ ယောက်ျားကြည့်...ယောက်ျားမြင်၊ မိန်းမကြည့် ...မိန်းမမြင်မှာပေါ့။ နွားကြည့်...နွား၊ ကျွဲကြည့်....ကျွဲ၊ ရွာကြည့်..ရွာ၊ အိမ်ကြည့်...အိမ်မြင်မှာပေါ့။

အမိမွေးတိုင်း အဖမွေးတိုင်း အသားမျက်စိ ...မံသမျက်စိနဲ့ကြည့် ဒါက လွဲလို့ မမြင်ဘူးကွဲ့။ အဲဒါ အကျိုးတရား ဝိပါကဝဋ် ခန္ဓာ လို့ ခေါ်တယ်ဗျား။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ မျက်လုံးတော်လည်းပဲ အဲဒီ ဝိပါကဝဋ် ခန္ဓာ နဲ့ ကြည့်ကာ တောတောင်တွေ မြင်မှာပေါ့။ လူတွေ မြင်မှာပေါ့ဟ။ အဲဒီမျက်စိနဲ့ကြည့် အမြင် ဖျောက်လို့ မရဘူး။ ဉာဏ်မျက်စိနဲ့ ကြည့်မှ ဖျောက်လို့ရတာ။ အဲလို စဉ်းစားနော်။

မလေ့လာတော့ကာ...တချို့က ကွာ လူမရှိဘူးလို့ ပြောတယ်၊ ခြေတွေ လက်တွေ မတွေ့ဘူးလို့ ပြောပါတယ်။ဘယ်နှယ့် ငါ့မှာ မပျောက်ပါဘူး တရားအားထုတ်လို့။ ဒီလိုကား မပြောကြဘူးလား။ အမိမွေးတိုင်း အဖမွေးတိုင်း မျက်စိနဲ့ ကြည့်တော့ ဘယ်တော့မှ မပျောက်ဘူးကွဲ့။ ဉာဏ်မျက်စိနဲ့ ကြည့်မှ ပျောက်တာ။ အဲသလိုလည်း စဉ်းစားဦးကွဲ့။

အဲဒါကြောင့် နှစ်ရပ် ဉာဏ်မြင်ဆိုတာ... ဝိဉာဏ်မြင် သမ္မုတိသစ္စာဘက်က  ပုဂ္ဂိုလ် သတ္တဝါလူနတ်ဗြဟ္မာ...ဆိုတာ အကျိုးတရား ဝိပါကဝဋ် ခန္ဓာက မြင်တာ။   ခန္ဓာငါးပါး အနိစ္စတရား ဒုက္ခတရား အနတ္တတရား ဆိုတာက ပညာမြင် ပရမတ္ထသစ္စာဘက်က မြင်တာ။ အဲဒါကြောင့် "နှစ်ရပ် ဉာဏ်မြင် ဒိဋ္ဌိစင်"လို့ ဟောတာဗျား။သူ့နေရာနဲ့ သူ မသုံးရပေဘူးလား။

ပရမတ္ထသစ္စာ ဘက်က ပြန်ကြည့်...ခန္ဓာ ငါးပါး အနိမိတ္တ အနိစ္စဆိုတော့...ခြေတွေလက်တွေ ပါရဲ့လား။ မပါ...သတ်စရာကား လိုသေးရဲ့လား။ သတ်ရမှာ အကောင်အထည်ကား ရှိရဲ့လား၊ သတ်မည့် ပုဂ္ဂိုလ်ကား ရှိရဲ့လား၊ တကယ့် လူနတ်ဗြဟ္မာ သတ္တ၀ါ ဆိုတာ သမ္မုတိသစ္စာ ဘက်က သမုတ်တာနော်။

အဲဒါ သမုတ်လို့ ပါဏာတိပါတာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ..ကစပြီးတော့မှ သုရာမေရယအဆုံးကို ရှောင်ကြဉ်ပါလို့ မဟောရဘူးလား။ အဲဒါ ကျုးလွန်ရင် ကံဖြစ်မှာပေါ့။ သူ့ သမ္မုတိနယ်က ပညတ်နယ်က ပြောရတာ။ သူ့နယ်နဲ့သူ သုံးရတာ။
ပညတ်နယ်ကို ချိုးဖောက်ရင် ငရဲရောက်မယ်ကွဲ့။ ပရမတ်ကို ကျူးကျော်ရင်လည်း သံသရာက မထွက်ဘူးကွဲ့။ အဲလို စဉ်းစား။

စဉ်းစားတာ အလုပ်လုပ်တယ်လို့ ခေါ်တယ်။ အဲဒါကြောင့် စေ့စေ့ စဉ်းစား ဉာဏ်အား ဆင်ခြင်ကြည့်၊ပျောက်သုဉ်းကာမြင် ဒါပင် နိဗ္ဗာန် သိလို့ ခေါ်တာ ။ ကြားလား။
စေ့စေ့ စဉ်းစားတိုင်းဟာ ကိုယ်ထင်တဲ့ လူနတ်ဗြဟ္မာ သတ္တဝါဆိုတာ တွေ့သေးရဲ့လား ။

စေ့စေ့စဉ်းစား ဉာဏ်အား ဆင်ခြင်ကြည့် လို့ မဟောဘူးလား။
အဲလို ဆင်ခြင်ကြည့်တော့ ... ပျောက်သုဉ်းကာမြင် ဆိုတာ ခန္ဓာ ငါးပါး တွေ့တော့ လူတွေ့သေးရဲ့လား၊ နတ်တွေ့သေးရဲ့လား၊ ဗြဟ္မာကား တွေ့ရဲ့လား။ ဘာဖြစ်လို့ မတွေ့တာလဲ။ မရှိလို့နော်။ အဲလို စိစစ်ဖို့ မကောင်းလား။ ကဲ...အဲဒါ ခန္ဓာ ကိုတွေ့တဲ့အခါ လူနတ်ဗြဟ္မာ သတ္တဝါမတွေ့တော့ဘူးပေါ့။

တခါ ပြန်ပြီးတော့ အဲဒီ ခန္ဓာကို ဆက်ကြည့်တော့ ခန္ဓာငါးပါးက အနိစ္စ လို့မပြလား၊ အနိစ္စလက္ခဏာ ဒုက္ခသစ္စာလို့ အမှန်သိခဲ့လို့ ရှိရင်... ဟော...တဏှာလာသေးရဲ့လား။ ဥပါဒါန်လာသေးရဲ့လား။ ကိလေသဝဋ် မချုပ်ဘူးလား။ အဲဒါကို စေ့စေ့စဉ်းစား ဉာဏ်အားဆင်ခြင်ကြည့် ပျောက်သုဉ်းကာမြင် လို့ မဟောဘူးလား။ ဒုက္ခသစ္စာ အမှန် ပိုင်းခြားသိတော့ သမုဒယသစ္စာ လာသေးရဲ့လား။ သမုဒယသစ္စာမလာရင် နောက်ခန္ဓာ လာဦးမလား။ အဲဒါ နိရောဓသစ္စာလို့ မဟောလား။

အဲဒါ ဘာတွေ ပျောက်တာလဲ။ ခန္ဓာ ပျောက်တာကွဲ့။သမုဒယသစ္စာသေတာကွဲ့။ အဲဒါ လောင်စာသိမ်းလို့ မီးငြိမ်းတယ် ဟောတာဗျို့။
ဤနေရာရောက်အောင် ကြိုးစားအားထုတ်ကြနော်။ အဲဒီနေရာ ရောက်မှ ချမ်းသာအစစ်ကို ရမှာ ။ စဉ်းစားဦး။ စဉ်းစားဦး...ကြားလား။

အဲကြောင့် မကြားစဖူး ကြားဖူးထပ်မံလို့... လူတွေဟာ အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့မလဲ။ သုတမရှိတော့ကာ ဆန်ကန်းတောတိုး ကိုးကွဲ့။ထင်မိထင်ရာလေ။ ရှေးကနေပြီးတော့မှ အင်မတန်ရိုးတဲ့ အကြင်လင်မယား ရှိတယ်၊မကြားစဖူး ကြားဖူးထပ်မံ။ မယားက မအေးတဲ့၊ ရှေးလူတွေက ဘီးဆံပတ်ကြီးနဲ့ နေရတာကွဲ့။ ယောက်ျားတွေကလည်း ဘိုကေ မရှိဘူး၊ သျှောင်ထုံးတွေ။ သေချာချာ လေ့လာနော်။ သူ့ယောက်ျားကလည်း ကိုရိုးတဲ့ကွဲ့။မယားက မအေးတဲ့၊

တနေ့သ၌ကျတော့ ... ရှေးက ရေထမ်းတဲ့အခါ ရေ အိုးတွေမှာ ဆိုင်းထမ်းလေးလုပ် ရေထမ်းရတာလေ။ အောက်ကိုချတဲ့အခါ မကွဲအောင် မခိုင်းမိအောင်ပေါ့။ အဲဒါနဲ့ သွားရင်းလာရင်းနဲ့ ရေ... ချောင်းလမ်းမှာ ဟော မှန်လေး သွားတွေ့တာကိုးကွဲ့။ မှန်လေးကောက်ကြည့်တော့ သျှောင်ထုံး မြင်တာပေါ့။အင်း ငါ့အဖေရဲ့ ဓာတ်ပုံ ထင်တယ်။ သူ့အဖေဓာတ်ပုံအနေနဲ့ ယူခဲ့တော့တာလေ။

ရှေးက သေတ္တာ တွေ ဘာတွေ မပေါ်သေးဘူး၊ ကြားလား။ ထန်းခေါက်ဖာနဲ့ ထည့်ရတာ၊ ထန်းခေါက်ဖာနဲ့ ။ဘာဖြစ်နဲ့...သူအားတဲ့အခါ သွားသွားကြည့် ။ အားတဲ့အခါသွားသွားကြည့်။အဲ... ကိုရိုး တောသွားတဲ့ အလှည့်ကျတော့ မယားက... ထန်းခေါက်ဖာပဲ ခဏခဏ ဖွင့်ကြည့်တယ်။ ငါလည်း ကြည့်မယ်ဆို သွားကြည့်ချေတော့ကာ ဘီးဆံပတ်ကြီးနဲ့ မြင်တော့တာပေါ့။  ဟာ... ကိုရိုး ကိုရိုးနဲ့ ရည်းစားထားတယ်ဟာ့။ ရည်းစား ထားတယ်တဲ့၊ကြားလား။

သေချာ သူ့ရုပ်ကို သူသိရဲ့လား။ သူက ကြည့်တော့ သူ့ရုပ် ဘီးဆံပတ်ကြီးနဲ့ မိန်းမပုံ မြင်တာပေါ့ဟ။ ကိုယ့်မျက်နှာကို မြင်မိတာမှ မဟုတ်ဘဲကိုး။ ကိုရိုးကလည်း ကြည့်တော့ ငါ့အဖေရဲ့ ဓာတ်ပုံတဲ့ဟဲ့။ သူ့ရုပ်ကို သူမသိဘဲကိုး။

မယားက လင် တောကပြန်လာရင် ရေနွေးနဲ့ ဘာနဲ့ စားစရာ သောက်စရာနဲ့ လုပ်ပေးတာလေ။ အဲဒါ ရေနွေးလည်း မဖောက်တော့ဘူး စားစရာလည်း လုပ်မပေးတော့ဘူး၊ကြားလား။ နှုတ်သီးကြီး ဆူနေတာပေါ့။ အင်း ငါ့မိန်းမ ဘာများ ဖြစ်ပြန်ပြီလဲ။

ဘာဖြစ်ရမလဲ။ တော်က ရည်းစား တွေ ထားလို့...ကြားလား။ ဘယ်နှယ့် ရည်းစားထားရမလဲ။ ဒီမှာ မငြင်းနဲ့...ဟောမှာ ဓာတ်ပုံတွေ့တယ်တဲ့ ကြားလား။ အဲဒါ ငြင်းကြတော့တာပေါ့ဟ။ လင်က ငြင်းလိုက် မယားက ငြင်းလိုက်၊ နေတာကလည်း ဘုန်းကြီးကျောင်းနားမှာကိုး။

ကဲ ဘုန်းကြီးက လာကြ လာကြ နင်တို့ နှစ်ယောက် ဘာဖြစ်ကြတာလဲ ခေါ်တာပေါ့။
ခေါ်ပြီးတော့ ရှင်းရတာပေါ့။ ရှင်းတဲ့အခါ ဘယ်လို ဖြစ်တာလဲ၊ ဒါ...အဖေရဲ့ ဓာတ်ပုံတဲ့ ကြားလား။ ဘယ်ဟုတ်လိမ့်မလဲတဲ့ မယုံရင် သွားကြည့် ရည်းစားပုံတဲ့။ ဟော သူက မအေးက ကြည့်တော့ ဘီးဆံပတ်ကြီးနဲ့ မြင်တာပေါ့ကွ။

လာခဲ့စမ်း ပေးစမ်းဦးဟဲ့ နင်တို့ဓာတ်ပုံ။ ဘုန်းကြီးက ကောက်ကြည့်တော့ ဟာ ငါ့ဆရာရဲ့ ဓာတ်ပုံတဲ့ကွဲ့။ ငါ့ဆရာရဲ့ ဓာတ်ပုံ တဲ့...ဘုန်းကြီးက။ဆရာက ပျံတော်မူပြီးပြီဟာကိုး။ ငါ့ဆရာရဲ့ ဓာတ်ပုံတဲ့ဟေ့။ သုံးဦး ငြင်းရတော့တာ။

အဲဒါနဲ့ တော်တော်လေး အချိန်က နောက်ကျတော့ ဆွမ်းပို့ ရောက်လာတော့တာ။ ဆူပွက် ဆူပွက်နဲ့ ဖြစ်နေတော့တာ။ ဆွမ်းပို့တဲ့သူတွေက သုတရှိတဲ့ လူတွေကိုး။ ဘယ်လိုဖြစ်ကြတာလဲ။ ဒီလိုဒီလို အကျိုးအပြစ်တွေကို ပြောရတာပေါ့။ ဘုန်းကြီးကလည်း ဘယ်ဟုတ်မလဲ ငါ့ဆရာရဲ့ ဓာတ်ပုံတဲ့ ကြားလား။ ကိုရိုးကလည်း ငါ့အဖေရဲ့ ဓာတ်ပုံတဲ့။ဟိုမအေးကလည်း ကိုရိုးရဲ့ ရည်းစားတဲ့။

အဲဒါနဲ့ ဆွမ်းပို့တဲ့လူက မအေးကို တခါ ဘီးဆံပတ်ကြီး ပတ်ပြီးတော့မှ စံပယ်ပွင့်ကို ခူးပြီးတော့မှ ရှေ့တင် ဒီလိုထိုးရတော့တာ။ ကဲကြည့်စမ်းလို့ မခိုင်းရဘူးလား။စံပယ်ပန်းကြီးနဲ့ မြင်တာပေါ့။ ကဲ ဖြုတ်ကြည့်လိုက်ဆိုတော့ စံပယ်ပန်း ပါသေးရဲ့လား။ အဲဒီအခါမှ ကိုယ့်မျက်နှာ ကိုယ်သိရတာကွဲ့။ အဲလိုတွေ မသိရဘူးလားဟဲ့။

ဘုန်းကြီးလည်း သင်္ကန်းချွတ်ပြီးတော့ ကြည့်ခိုင်းရတာပေါ့ ၊ ရုံလို့ ကြည့်ရတာပေါ့။ ပြန်ရုံပြီးတော့ ကြည့်တော့ ဘုန်းကြီး ဓာတ်ပုံပေါ့ဟ။ အင်း ကိုရိုးလည်း ဒီလိုပေါ့။ အဲဒီအခါမှ ပြေလည်သတဲ့ ကြားလား။ အဲ...အခုလည်း အဲလို နေမှာစိုးရတာနော်။
သေချာချာ စဉ်းစားကြ။ စဉ်းစားတာ အလုပ်လုပ်တာကွဲ့။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ  ။
၂၇.၁၀.၉၇...ညနေ ၆နာရီ၃၀
ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့။

စာစီကုသိုလ်ပြုပါသည်၊
အရှင်တေဇနိယ မုံလယ်ဇ


No comments:

Post a Comment