Sunday, August 21, 2016
ဓမ္မရုံးတော် ဉာဏ်မဟော်-၎
ဝေဒနာက္ခန္ဓာ ၌ သက္ကာယဒိဋ္ဌိ စွဲပုံ လေးမျိုး။
*****************************************************
'' ဓမ္မရုံးတော် ဉာဏ်မဟော်'' အပိုင်း-(၈)
ဝေဒနာက္ခန္ဓာ မှာလည်း သက္ကာယဒိဋ္ဌိ စွဲပုံ လေးမျိုးရှိတယ်။
 ဝေဒနာ သည်ပင်ငါ ၊ ငါသည်ပင် ဝေဒနာဟု တစ်မျိုး ၊
 ဝေဒနာ ထဲမှာ ငါ ရှိတယ် တစ်မျိုး ၊
 ငါထဲမှာ ဝေဒနာရှိတယ် တစ်မျိုး၊
ဝေဒနာ နဲ့ငါ တစ်ခြားစီ တစ်မျိုးလေးမျိုးရှိတယ် ။
 ပထမစွဲပုံက ငါဆိုတဲ့ဝေဒနာသည် ....
တစ်ဘဝလုံး အမြဲတည်ရှိပြီးတော့... ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော အာရုံကို သူကချည်း ခံစားတယ်လို့ ထင်တယ် ။
 သေပြီးနောက် ၄င်းဝေဒနာဟာ အဆက်ပြတ်တယ် ။ အဲဒီလို ယူဆမှု ပဲ။ ဥစ္ဆေဒ ဒိဋ္ဌိ ပေါ့ ။ အဲဒီတော့ မောင်ဖြူ ကို မေးရမယ် ။
ဦးဖြူ  ။      ။ မှန်ပါ့.... မေးတော်မူပါ ဘုရား ။
ဦးပညာ ။     ။ ကောင်းသော အာရုံနဲ့ ဆိုင်ရာ ဒွါရ မထိခိုက်ဘဲ နဲ့ သဘောကျမူ နှစ်သက်မှု  ဖြစ်နိုင်ပါ့မလား ။
ဦးဖြူ ။      ။မဖြစ်နိုင်ပါ ဘုရား ။
ဦးပညာ ။     ။ဒီလိုဆိုတော့ ဝေဒနာမှာ ကိုယ်စွမ်း အတ္တ မရှိဘူးပေါ့ ။
ဦးဖြူ  ။      ။မှန်ပါ့ မရှိဘူး ဆိုရ မှာပါဘုရား။
ဦးပညာ ။     ။အာရုံ ဒွါရ မထိခိုက် မှီ အရင်ကလည်း....
ဦးဖြူ  ။       ။မှန်ပါ မရှိသေးပါ ဘုရား ။
ဦးပညာ ။      ။ ကောင်းသော အာရုံ နှင့် ဒွါရ ထိခိုက်မှသာ ....
လျှပ်စီးပမာ လတ်တလော ပေါ်လာပြီး ပျောက်ပျက် ကုန်ခမ်း၍ မသွားပါလား ။
ဦးဖြူ  ။    ။  မှန်ပါ ၊ ခေတ္တ ဖြစ်ပေါ်လာပြီး ကုန်ခမ်းသွားပါတယ် ဘုရား ။
ဦးပညာ ။     ။ ကုန်ခမ်း၍ သွားပြီးနောက်....
 ဝေဒနာ ၏ ကိုယ်စား ယူစရာ ရစရာ ပြစရာ အနှစ်သာရ ဘာကျန်ခဲ့သလဲ ။
ဦးဖြူ ။     ။ဘာမှ မကျန်ခဲ့ပါဘုရား ။
ဦးပညာ ။      ။ အေး  --ဒါ့ကြောင့်...
 ''အသာရကဋ္ဌေန အနတ္တာ '' ဟောတော်မူတယ် ။
 ဖြစ်ပြီးလျှင် ပျောက်ပျက် ကုန်ခမ်းတတ်သော ကြောင့် ....
''ခယတ္တေန အနိစ္စာ ''တဲ့ ။
ဘာလို့ ပျောက်ပျက် ကုန်ခမ်းရသလဲဆိုတော့ ....
ဇရာမီး မရဏမီး လောင်သောကြောင့် ကုန်ခမ်းတာ ။
အဲဒီလို ဇရာမီး မရဏမီး အလောင်ခံနေရသည့် အတွက်
ကြောက်စရာ ကောင်းသောကြောင့်...
 ''ဘယတ္တေန ဒုက္ခာ '' လို့ ဟောတော်မူတယ် ။
အဲဒီလို အနိစ္စ၊ ဒုက္ခ ၊ အနတ္တဖြစ်တဲ့ သုခဝေဒနာကို ငါသဘောကျတယ် ၊ငါဝမ်းသာတယ် ၊ ငါနှစ်သက်တယ် ထင်မှတ်တာ မမှားပေဘူးလား ။
ဦးဖြူ  ။          ။မှားပါတယ် ဘုရား။
ဦးပညာ ။      ။ဝေဒနာရဲ့ အနိစ္စ ဒုက္ခ အနတ္တကို မမြင်လို့ --
စွဲတဲ့ အစွဲဟာ မြင်လာရင် စွဲပါဦးမလား ။
ဦးဖြူ  ။          ။မစွဲ နိုင်တော့ပါဘုရား ။
ဦးပညာ ။      ။အေး -- ဒါ့ကြောင့် မြင်အောင် ဉာဏ်နဲ့ ကြည့်ရမယ် ။
ဒုက္ခဝေဒနာ ဆိုတာလည်း ဒီလိုပါပဲ ။
မကောင်း အာရုံ နဲ့ ဆိုင်ရာ  ဒွါရ နဲ့ ထိခိုက်မိမှ ဖြစိပေါ်လာတာပဲ ။
မထိခိုက် မှီက မရှိသေးပါဘူး ။
မီး ခြစ်ဆံနဲ့ မီးခြစ်ခွံယမ်း မထိခိုက်မီက မီးမရှိသေး ၊ ထိခိုက်မိ မှ မီးပွင့်လာသလို ....
မီးတောက်ပြီး အဆံဆုံးရင် ချုပ်ပျောက်သွားသလိုဖြစ်ပြီး ပျက်သွားတာပဲ။
                     ဥပေက္ခာဝေဒနာလည်း ဒီလိုပဲ ၊
အလတ်စား အာရုံနဲ့ ဆိုင်ရာ ဒွါရ မထိခိုက်မှီ မရှိသေးဘူး ၊
ထိခိုက်ဆဲခဏ မှာ ဖြစ်ပေါ်လာပြီး ချုပ်ပျောက်သွားတာပဲ။
သုခဝေဒနာသည် ဥပေက္ခာ မဟုတ် ၊
ဒုက္ခဝေဒနာသည်လည်း သုခဥပေက္ခာမဟုတ်၊
ဥပေက္ခာဝေဒနာသည်လည်း သုခဒုက္ခမဟုတ်ဘူး ၊
ဘာကြောင့်လဲ ဆိုတော့ ....
 သူ့အကြောင်းနဲ့သူ ဖြစ်ကြရသော ဝေဒနာတွေ ဖြစ်တဲ့အတွက်ပဲ။
အဲဒီလိုဆိုတော့ ဘယ်ဝေဒနာကို  ငါ - စွဲမလဲ ။
ဦးဖြူ  ။           ။ဘယ်ဝေဒနာ မှ မစွဲသင့်ပါဘုရား။
ဦးပညာ ။      ။အေး ဟုတ်တယ် ။
ဘာ့ကြောင့်လဲ ဆိုတော့ ဘယ် ဝေဒနာမှ အမြဲ ရှိတာ မဟုတ်ပဲကလား ။ အကြောင်း တိုက်ဆိုင်လာ မှ လျှပ်စီးပမာ  ခဏဖြစ်လာတာပဲ ၊
ရူပက္ခန္ဓာတုန်းက ထွက်လေ ဝင်လေခေါ် ဝါယောဓါတ်ကို လက်တွေ့ ပြသလို
ယခုလည်း ဝေဒနာကို လက်တွေ့ ပြရအောင် ဟိုအနားက ထန်းလျှက်ခဲကို ယူခဲ့စမ်းဟဲ့ မောင်ဖြူ ။
ဦးဖြူ    ။       ။ယူခဲ့ပါပြီ ဘုရား။
ဦးပညာ ။    ။ယခု မင်း သန္တာန် မှာ...
 ဘာသဘောကျမှု မှ မရှိသေးဘူး မဟုတ်လား ။
ဦးဖြူ  ။         ။မရှိသေးပါ ဘုရား ။
ဦးပညာ ။     ။ ကဲ-- ကဲ - အဲဒီ ထန်းလျှက်ခဲကလေးကို ဝါးပြီးစားလိုက်စမ်း။
ဦးဖြူ ။           ။စားပြီးပါပြီ ဘုရား ။
ဦးပညာ။       ။ချိုတဲ့ အရသာကို သဘောကျမှု နှစ်သက်မှုကလေး ဖြစ်မလာဘူးလား ။
ဦးဖြူ ။            ။ဖြစ်လာပါတယ် ဘုရား ။
ဦးပညာ ။       ။ကဲ -- ကဲ မျိုချလိုက် ။
ဦးဖြူ  ။           ။မျိုချလိုက်ပါပြီ ဘုရား ။
ဦးပညာ ။       ။သဘောကျမှု နှစ်သက်မှုကလေး ပျောက်မသွားဘူးလား ။
ဦးဖြူ  ။            ။ပျောက်သွားပါတယ် ဘုရား။
ဦးပညာ ။        ။၎င်း သုခဝေဒနာသည် ...
အစကမရှိ ၊ အကြောင်းတိုက်ဆိုင်မှု  ဖြစ်ပေါ်ပြီး
 ပျောက်သွားတယ် ဆိုတော့ ထာဝရရှိ မဟုတ် ၊ခဏရှိ မဟုတ်လား ။
ဦးဖြူ  ။             ။ဟုတ်ပါတယ် ဘုရား။
ဦးပညာ ။        ။ခဏရှိမို့ မမြဲဘူးလို့ ဟောတော်မူတာပေါ့ ၊မြတ်စွာ ဘုရား ဟောတော်မူတာ မမှန်ဘူးလား။
ဦးဖြူ ။              ။မှန်ပါတယ် ဘုရား။
ဦးပညာ ။        ။ဦးပေါက်စ သောက်တဲ့ ကွီနိုင် မရှိဘူးလား ။
ဒေါ်မြရီ ။         ။ရှိပါတယ် ဘုရား။
ဦးပညာ ။         ။ရှိရင် ယူခဲ့စမ်း ။
ဒေါ်မြရီ   ။        ။ဒီမှာပါ ဘုရား။
ဦးပညာ ။         ။ကဲ - ကဲ မောင်ဖြူ  သောက်လိုက်စမ်း ။
ဦးဖြူ  ။              ။အမလေး -- ခါးလိုက်တာ ဘုရား ။
ဦးပညာ ။         ။သဘောကျမှု ဖြစ်ရဲ့လား ။
ဦးဖြူ       ။        ။မဖြစ်ပါ သဘောမကျမှု သာ ဖြစ်ပါတယ် ဘုရား ။
ဦးပညာ ။         ။အဲဒီ သဘောမကျ မှု ဟာ မသောက်ခင်က ရှိရဲ့လား ။
ဦးဖြူ   ။            ။သောက်ဆဲ ခဏမှာ ဖြစ်လာတာ မဟုတ်လား ။
ဦးဖြူ ။              ။ကဲ -  ကဲ ထန်းလျက်စားပြီး မျိုလိုက် ၊
သဘောမကျမှု ရှိတော့ရဲ့လား။
ဦးဖြူ ။              ။မရှိတော့ပါ ဘုရား ။
ဦးပညာ ။         ။ကဲ ဘယ်ဝေဒနာများ မြဲသလဲ ။
ဦးဖြူ ။               ။ဘယ်ဝေဒနာ မှ မမြဲပါဘုရား။
ဦးပညာ ။          ။အဲဒီလို ဘယ်ဝေဒနာမှ မမြဲတဲ့အတွက် မြတ်စွာဘုရား က...
 ''ဝေဒနာက္ခန္ဓော န သတ္တော န  နရော  န ဇီဝေါ န ပုရိသော န ဣတ္ထိ
နာဟံ န အတ္တနိယံ န အဿ        န ကဿစိ '' လို့ ဟောတော်မူတယ် ၊
အဓိပ္ပါယ် ကတော့....
 ဝေဒနာက္ခန္ဓာသည် ...
သတ္တဝါလည်း မဟုတ် ၊လူလည်း မဟုတ်၊ အသက်လိပ်ပြာ အတ္တလည်းမဟုတ်၊ယောက်ျားလည်း မဟုတ် ၊မိန်းမလည်း မဟုတ် ၊
ငါလည်းမဟုတ် ၊ငါနဲ့စပ်သောအရာလည်း မဟုတ် ၊ သူတစ်ပါးဟာလည်း မဟုတ် ၊ဘယ်သူ့ဟာမှ မဟုတ် ၊
အာရုံဒွါရ ထိခိုက်တဲ့ အခါ ... အာရုံအားလျှော်စွာ ဖြစ်ပေါ်လာတဲ့ ခံစားမှု သဘောပဲ မောင်ဖြူရဲ့ ။
ဦးဖြူ ။        ။ မှန်ပါ ဘုရား ။
ဦးပညာ ။    ။အဲဒီလိုဝေဒနာသည် ဖြစ်ရာမှာ ချုပ်သွားလေတော့ ...
ဘယ်ကလာတဲ့ဝေဒနာ ဆိုမလဲ။
ဦးဖြူ ။         ။ဘယ်ကမှ မလာ ၊ ဒီနေရာ မှာပဲ ဖြစ်ပါတယ် ဘုရား။
ဦးပညာ ။    ။ချုပ်ပြီး ဘယ်ကို သွားသေးလဲ ။
ဦးဖြူ ။          ။ဘယ်ကိုမှ မသွား ၊ ဒီနေရာ မှာပဲ ဖြစ်ပါတယ် ဘုရား။
ဦးပညာ ။      ။အဲဒီလိုမြင်တော့ ဘယ်ကလာ၍ ဘယ်ကိုသွားတယ်လို့ ထင်မှု  သဿတ ဒိဋ္ဌိ မသေလား။
ဦးဖြူ  ။          ။သေပါတယ် ဘုရား။
ဦးပညာ ။      ။၎င်းဝေဒနာ ချုပ်သွားပြီးနောက် ...
တဖန်ထပ်ပြီး အာရုံ ဒွါရ ထိခိုက်လိုက်ရင် တဖန် မဖြစ်ဘူးလား။
ဦးဖြူ ။           ။ဖြစ်ပါတယ် ဘုရား။
ဦးပညာ။      ။အဲဒီလို အဆက်ကိုမြင်လျှင်...
 ပြတ်တယ် ထင်တဲ့ ဥစ္ဆေဒ ဒိဋ္ဌိ မသေပါလား ။
ဦးဖြူ  ။          ။သေပါတယ် ဘုရား။
ဦးပညာ ။      ။"အယူ နှစ်ပါး ကင်းစင်ငြား ဆိုက်သွား မဂ်သောတာ "တဲ့ မောင်ဖြူရဲ့။
ဦးဖြူ  ။          ။ဝမ်းသာလှပါတယ် ဘုရား။
ဦးပညာ ။      ။အဲဒါက ဝေဒနာကို ငါထင်မှု ခွာတာကွဲ့ ၊
၎င်း ဝေဒနာ အပြင် ဝေဒနာကို ပိုင်တဲ့ ငါလည်း မရှိတော့ပါဘူး ။
ရှိရင် ဘယ်သူမှ အလိုမရှိတဲ့ ဒုက္ခ၊ ဒေါမနဿ       ၊သောက၊ပရိဒေဝ ၊ ဒုက္ခ ၊ဒေါမနဿ       ၊ဥပါယာသ တို့ဖြစ်တာပေါ့။
 မောင်ဖြူ ၊ မင်း... သဘောမကျမှု မနှစ်သက်မှု ဖြစ်ချင်သလား ။
ဦးဖြူ  ။            ။မဖြစ်ချင်ပါ ဘုရား။
ဦးပညာ။         ။မဖြစ်ချင်ပေမယ့် ...
မင်း ခုန တုန်း က ကွီနိုင်းရေ ကို သောက်လိုက်တော့ ဖြစ်မလာဘူးလား ။
ဦးဖြူ  ။            ။ဖြစ်ပါတယ် ဘုရား ။
ဦးပညာ ။        ။အေး-- အဲဒီလို ဖြစ်တာ ဝေဒနာ ကိုပိုင်တဲ့ ငါမရှိလို့ပေါ့ဟဲ့ မောင်ဖြူရဲ့ ၊
မရှိပါဘဲ ရှိတယ်ထင်တော့ မမှားဘူးလား ။
ဦးဖြူ    ။           ။မှားပါတယ် ဘုရား။
ဦးပညာ ။        ။အေး  ... ဒါက ငါထဲမှာ ဝေဒနာရှိတယ် ၊
 ဝေဒနာထဲမှာ ငါရှိတယ် ၊
 ဝေဒနာ နဲ့ငါ တခြားစီလို့ ထင်မှု ကို ခွါတာကွဲ့ မောင်ဖြူရဲ့။
ဦးဖြူ  ။             ။မှန်ပါ ကောင်းလှပါတယ် ဘုရား ။
နမ္မားမြို့ သီရိမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ ။
'' ဓမ္မရုံးတော် ဉာဏ်မဟော်'' ကျမ်းစာမှ စာစီ ပူဇော်ပါသည်။
No comments:
Post a Comment