နမ္မားမြို့ သိရိမင်္ဂလာမြို့မကျောင်းတိုက် ဆရာတော်ဘုရားကြီး
အရှင်ဉာဏ ။
'' ဓမ္မရုံးတော် ဉာဏ်မဟော်''ကျမ်းစာ မှ စာစီပူဇော်ပါသည်။
####%%%%%%####
ဓမ္မရုံးတော် ဉာဏ်မဟော် အပိုင်း (၁-)
ကျွန်းသာယာရွာ သူကြီးဦးပေါက်စသေဆုံးရာ
ထိုရွာရှိ လူကြီးတို့က ဖဲရိုက်ခြင်းဖြင့် လူမစုစေပဲ
တရားပွဲဖြင့် လူရှိစေမည်ဟုဆုံးဖြတ်ကာ ...
တရားဟောတတ်သော လူပုဂ္ဂိုလ်များကို ပင့်ဖိတ်၍
တစ်ယောက်လျှင် တနာရီကျ တရားဟောပြောစေ၏။
အခြား တရားဟောဆရာများ အလှည့်ပြီးလျှင်
ဦးမဲ အလှည့်သို့ရောက်လေ၏
ဦးမဲ။ အဟင်း--- ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာ အာလုံး ...
သုံးဆယ့်တစ်ဘုံက လွတ်မြောက်ရာ နိဗ္ဗာန်ကို အလိုရှိကြသူချဉ်း ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်က နိဗ္ဗာန်ပေါက်တရားဟောပါမယ်။
တရားကတော့လွယ်ပါတယ်။
အကုသိုလ် စိတ်က .... အပါယ်ရောက်ကြောင်းတရားဖြစ်တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။
ဒါနသီလ ဆိုတဲ့ ကာမာဝစရတရားသည် .... လူ နတ် ဖြစ်ကြောင်းတရား ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။
သမထဈာန်ဆိုတာလည်း.... ဗြဟ္မာဖြစ်ကြောင်းတရားဆိုတာလည်း ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဒိတော့ သုံးဆယ့်တစ်ဘုံက ထွက်၍ နိဗ္ဗာန်သို့ရောက်ချင်လျှင် ...
အကုသိုလ်လည်းမဖြစ်ရလေအောင်...
ကုသိုလ်လည်း မဖြစ်ရလေအောင် ...
ဈာန်လည်းမဖြစ်ရလေအောင် ...
မိမိတို့မနောစိတ်မှာ ထွေထွေရာရာ ဘာဘာညာညာ အလီလီအလာလာ အောင့်မေ့ကြံစည်မှုတွေ
ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော သိမူတွေ မှတ်မှုတွေ ယူစွဲမှုတွေ (ဝါ)
ဟုတ်မဟုတ် မှန်မှန်မှားမှား အများအပြား အစားစား သိတတ်သော အသိတွေ ဘယ်အသိမှ မပေါ်ပေါက်တာ ကို (ဝါ)
မပြုမပြင် မစီရင်ပဲ တည်မြဲနေသော အသင်္ခတဓာတ်ကို
ဒီ အတိုင်းတိုင်းမြင်နေရမယ် ...။
ဒါမှ သုံးဆယ့် တစ်ဘုံကထွက်၍ နိဗ္ဗာန်ရောက်နိုင်ပါမယ်ခင်ဗျား။
ဦးဖြူ။ ။ ဦးမဲခင်ဗျား---
ခင်များ၏စကားကို မကျေနပ်၍ စောဒက တက်ပါရစေ။
မုန်းလို့မဟုတ်ပါ ။
တရားတိမ်းစောင်းမှာ စိုးသောကြောင့်သာဖြစ်ပါတယ် ခင်ဗျာ။
ဦးမဲ။ ။ တက်ပါခင်ဗျား...ကျွန်နော်ခွင့်ပေးပါတယ်။
ဦးဖြူ ။ ။ခင်ဗျား စကားသည် လွယ်မယောင်နဲ့ခက်လှပါတယ် ။
ဘာ့ကြောင့်လဲဆိုတော့ ....
အိပ်ယာမှ နိုးနေသောလူတစ်ယောက်ကို ဘာဘာညာညာ ကောင်းကောင်းဆိုးဆိုး စိတ်မကူးရဘူး ။
အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။
သဘာဝကိုတားရဖို့လည်း ခက်ပါတယ်။
အမြဲတမ်း အိပ်ပျော်၍သာ နေရမလိုဖြစ်သောကြောင့်
ခင်ဗျား စကားသည် ဘုရားဟောနဲ့ မညီဘူးဟု ထင်ပါတယ်ခင်ဗျာ။
ဦးမဲ။ ။မညီဘူးထင်ရင် ... တရားသူကြီးထံ အဆုံးအဖြတ်ခံရုံပဲ ခင်ဗျား။
တရားသူကြီးဟာ စာတတ်ရုံနဲ့မပြီးသဘောလည်းပေါက်သူဖြစ်ရပါမယ်။
ဦးဖြူ ။ ။ကောင်းပါပြီ သဘောတူပါတယ်။
တရားသူကြီး ။ ။မောင်မဲ အထက်ပါအတိုင်း ဟောရိုး မှန်ပါသလား။
ဦးမဲ။ ။မှန်ပါသည် ဘုရား။
တရားသူကြီး ။ ။ကုသိုလ်လဲမဖြစ်အောင် အကုသိုလ် လဲမဖြစ်အောင် ဘာမှမလုပ်နဲ့ဆိုတဲ့နေရာမှာ ...
ဒီဘဝမှာ နေနိုင်တယ်ထားဦး။
၊နောက်နောင်ဘဝတွေက ပြုလုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေကို ဘယ့်နှယ့်လုပ်ပြီး ပယ်မလဲ၊
ဒီဘဝမှာ ဘာကံမှမရှိရင် .... အတိတ်ကပြုလုပ်ခဲ့တဲ့ ကံတွေက ဘဝသစ်တွေကိုဖြစ်စေဦးမှာပဲ။
အသညသတ် ဗြဟ္မာတွေ ကိုကြည့်ပါ၊
ယင်း ဗြဟ္မာတွေသည် ကမ္ဘာပေါင်း ၅၀၀ တိုင်တိုင် ဘာကံမှမလုပ်ပါဘူး။
သေပြီးသည့်နောက် ကာမဘုံသို့ ဆင်းပြီး သုဂတိ အဟိတ် ပုဂ္ဂိုလ်ဖြစ်ရတယ်။လူကောင်းတောင် မဖြစ်ရဘူး။
ဒါ့ကြောင့် ဒီအယူဝါဒဟာ အကြိယာဒိဋ္ဌိဖြစ်တယ်။
ဦးဖြူ ။ ။ ကောင်းကောင်းဆိုးဆိုး မတွေးရဘူးဆိုတာကော ဖြစ်နိုင်ပါမည်လား ဘုရား။
တရားသူကြီး။ ။မဖြစ်နိုင်ပါဘူး အိပ်ပျော်နေမှသာ ဖြစ်မယ်၊
ဒါတောင် အိမ်မက် မက်သေးတယ်၊
နိုးလာတယ်ဆိုရင် ၆ ဒွါရနဲ့ခြောက်အာရုံကို မထိခိုက်အောင်ထိန်းလို့မရဘူး၊
ထိခိုက်လျှင်လည်း ဆိုင်ရာဝီထိကျမှာပဲ၊
ကျရင်ဇောစောမှာပဲ။
ဇောသည်အကုသိုလ် မဖြစ်ရင် ကုသိုလ်ဇောဖြစ်မှာပဲ၊
ကုသိုလ်မဖြစ်ရင် အကုသိုလ်ဇောစောမှာပဲ
ဒါ့ကြောင့် မောင်မဲ၏ စကားသည် မဖြစ်နိုင်တာကို လုပ်ခိုင်းခြင်းသာဖြစ်တယ်။
ဦးမဲ။ ။''ကုသလာကုသလံ ဇဟံ''ဆိုတာ ကိုလည်း ထောက် စေချင်ပါတယ်ဘုရား။
တရားသူကြီး။ ။ကုသိုလ် အကုသိုလ်ကို စွန့်တယ်ဆိုတာ ...
လူကမလုပ်ပဲစွန့်တာ မဟုတ်
သဘာဝက စွန့်သွားတာ ဖြစ်တယ်။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် ကိုကြည့်ရမယ်။
အဝိဇ္ဇာရှိကြတဲ့ ပုထုဇဉ်တို့၏...
လောဘ ဒေါသ ကို အကုသိုလ်ခေါ်တယ်။
ဒါန သီလ သမထ ကို ကုသိုလ်ခေါ်တယ်။
ဘာကြောင့်လဲဆိုတော့ မြေထဲမှာ မြှုပ်နေတဲ့ မျိုးစေ့တွေက
အပင်ပေါက်ဦးမှာ ဖြစ်သလို
အဝိဇ္ဇာ အနုသယ ရှိနေကြတဲ့ ပုထုဇဉ်တို့၏လောဘ ဒေါသ ဒါန သီလ သမထ တို့ဟာလည်း ဘဝ အပင်ခေါ် ပဋိသန္ဓေဝိညာဉ် ဖြစ်ရဦးမယ်
ဒါ့ကြောင့် ကုသိုလ် အကုသိုလ် လို့ခေါ်တယ်။
အဝိဇ္ဇာကင်းကြသော ဘုရား ရဟန္တာတွေ ဒါနမှု သီလမှု သထမ မူ့ မပြုကြဘူးလား။
ဦးမဲ ။ ။ပြုကြပါတယ်ဘုရား။
တရားသူကြီး ။ ။ပြုပေမယ့် ဘဝအပင်ပေါက်တော့ရဲ့လား။
ဦးမဲ။ ။မပေါက်တော့ပါဘုရား။
တရားသူကြီး။ ။မပေါက်တာ အဝိဇ္ဇာမရှိလို့ ဖြစ်တယ်
မျိုးစေ့တွေဟာ မြေကြီးရဲ့အကူအညီကိုမရရင် အပင်ပေါက်နိုင်ရဲ့လား။
ဦးမဲ။ ။မပေါက်နိုင်ပါဘုရား။
တရားသူကြီး။ ။မပေါက်တော့ ပေါက်တတ်တဲ့မျိုးစေ့ သဘောကို မစွန့်ဘူးလား။
ဦးမဲ ။ ။စွန့်ပါတယ်ဘုရား။
တရားသူကြီး။ ။အဲသလိုပဲ အဝိဇ္ဇာမရှိတော့ ....
ကုသိုလ် အကုသိုလ်တွေလဲ ပဋိသန္ဓေကိုဖြစ်စေတဲ့ သင်္ခါရသဘော စွန့်သွားတာကို ကုသလာကုသလံ ဇဟံ လို့ ဟောတော်မူတယ်။
ဓမ္မရုံးတော် ဉာဏ်မဟော် အပိုင်း (၂-)
ဦးဖြူ ။ ။မိတ်ဆွေကြီး ဦးမဲ ခင်ဗျား၊
ကျွန်တော် စောဒက တက်၍ စကားပြတ်သွားတာ ဝမ်းနည်းပါတယ် ။
ဒါ့ကြောင့် မိတ်ဆွေပြောချင်သေးတဲ့ စကားကို ဆက်ပြီးပြောပါရန်
ကျွန်တော်တောင်းပန်ပါတယ်။
ဦးမဲ။ ။ ဟုတ်ပါတယ်စကား မကုန်သေးပါဘူး။ဆက်ပြောပါဦးမယ်၊
မိမိတို့ သဏ္ဌာန် မှာ ကောင်းမှုရေးရာ နဲ့စပ်ဆိုင်တဲ့စိတ်တွေ
အမြဲရှိနေပါသလား၊အမြဲမရှိတာမှန်တယ်၊ငြင်းကွယ်လို့ မရပါဘူး။
ဘုရား နဲ့တွေ့မှ ဘုရားရယ်၊စိတ်ရယ်၊ဘုရားစိတ်ဖြစ်တယ်။
စေတီနဲ့တွေ့မှ စေတီရယ် ၊စိတ်ရယ်၊စေတီစိတ်ဖြစ်လာတယ်။
ဘုန်းကြီးနဲ့တွေ့မှ ဘုန်းကြီးရယ် ၊စိတ်ရယ်၊ဘုန်းကြီးစိတ်ဖြစ်လာတယ်။
သားထည့်ပေး ၊သားရယ်၊စိတ်ရယ် သားစိတ်ဖြစ်တယ်။
သမီးထည့်ပေး၊သမီးရယ်၊စိတ်ရယ် သမီးစိတ်ဖြစ်တယ်။
အိမ်ထည့်ပေး၊အိမ်ရယ်၊စိတ်ရယ်၊အိမ်စိတ်ဖြစ်လာတယ်။
ရွှေထည့်ပေး၊ရွှေရယ်၊စိတ်ရယ် ၊ရွှေစိတ်ဖြစ်တယ်။
ငွေထည့်ပေး၊ငွေရယ် ၊စိတ်ရယ်၊ငွေစိတ်ဖြစ်တယ်။
ဘာဘာညာညာ ထွေထွေလာလာ အရာရာ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးနာမ ပညတ်တွေ ထည့်ပေးကြည့်ပါလား။
ဘာဘာညာညာ ထွေထွေလာလာ အရာရာကောင်းကောင်းဆိုးဆိုး အမျိုးမျိုးစိတ်တွေဖြစ်ကြမှာပဲ မဟုတ်လား။
ဘာဘာညာညာ ထွေထွေလာလာ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ပညတ်တွေထည့်မပေးတော့ စိတ်ကလေးဘာဖြစ်နေလဲ။
ဘာစိတ်မှမဖြစ်ဘူး၊မဖြစ်တော့ ...
အဖြစ်တွေငြိမ်းမနေဘူးလား၊
အဖြစ်တွေချုပ်မနေဘူးလား၊
အဖြစ်တွေ ကင်းမနေဘူးလား ။
ငြိမ်းပါတယ်၊ချုပ်ပါတယ်၊ချုပ်ငြိမ်းတာမှန်တယ်၊
ချုပ်ငြိမ်းအောင်များ မိမိကတမင်သက်သက် ပြုလုပ်ပေးနေရသေးလား၊''အသင်္ခတ တရားပါတဲ့''
ပြုလုပ်မပေးရပါဘူး ၊
ပြုလုပ်မပေးတော့ အပြုရှင်းပြီး အေးငြိမ်းနေပါတယ်၊
အဲဒါ နိဗ္ဗာန်ကို တွေ့တာပါ။
ဦးဖြူ ။ ။မိတ်ဆွေကြီး ခင်ဗျာ၊
မိတ်ဆွေရဲ့စကားထဲမှာ သားထည့်ပေးမှ သားရယ် စိတ်ရယ် သားစိတ်ဖြစ်တယ် ဆိုတာတော့ မပြောလိုပါဘူး
ပညတ်မှမထည့်ပေးလျှင် ဘာစိတ်မှမဖြစ်ပါ
မဖြစ်ရင်ချုပ်တာပဲ
ချူပ်တာပင် အေးငြိမါးတာပဲ
အေးငြိမ်းတာပင် နိဗ္ဗာန် ကိုတွေ့တာဟုဆိုတဲ့ စကားကိုတော့
ကျွန်တော်မကျေနပ်နိုင်ပါ။
ဒါ့ကြောင့် တရားသူကြီးထံ စောဒက ဝင်ပါရစေခင်ဗျား။
ဦးမဲ။ ။စောဒက ဝင်နိုင်ပါတယ်ခင်များ ကျွန်တော်ခွင့်ပြုပါတယ်။
တရားသူကြီး။ ။မောင်မဲပြောတဲ့အတိုင်း
ပညတ်တွေထည့်မပေးရုံ နဲ့သာ နိဗ္ဗာန်ကိုရလျှင် ...
အမိဝမ်းထဲမှာ (၁၀) လပတ်လုံး ကိန်းအောင်းနေတဲ့ ကလေး
အပြင်ကိုရောက်၍ လူရဲ့စကားကို နားမလည်သေးသော ကလေးတို့သည်
ဘာပညတ်ကိုမှ မသိသေးသောကြောင့် ထည့်၍မပေးနိုင်
သို့အတွက် ထိုကလေးများသည် ဖ်ုလ်စား၍နေသည် ဟုဆိုရာကျပေသည်၊
နိဗ္ဗာန်ကိုရ၍ နေသူဖြစ်ပေမည်။
ထိုကဲ့သို့ ကလေးတို့သည် နိဗ္ဗာန်ကို မရကြသောကြောင့်
မောင်မဲ၏ စကားသည်ယုတ္တိမရှိ သဘာဝမကျပေ။
ချုပ်ငြိမ်းအောင် တမင်သက်သက် လုပ်နေရသေးသလား ဆိုသောစကားသည်လည်း ဗောဇ္ဈင်သုတ်နဲ့ဆန့်ကျင်ပေသည်။
ဗောဇ္ဈင်သုတ်မှာ
'' သတိသမ္ဗောဇ္ဈဂေါ ခေါ ကဿပ မယာ သမ္မဒက္ခတော ဘာဝိတော ဗဟုလီကတော အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ''
ဟုဟောတော်မူသည်။
အဓိပ္ပါယ်ကတော့...
' ချစ်သား ကသပ၊ငါဘုရားဟောထားတဲ့ သတိသမ္ဗောဇ္ဈင်ပွားကြ
ကြိမ်ဖန်များစွာ ပွားကြ
အဲဒီလိုပွါးများကြလျှင် သစ္စာ လေးပါးကို သိ၍ နိဗ္ဗာန်ယူသိမ်း အေးငြိမ်းလိမ့်မယ် ''တဲ့
ကဲ ငါတို့ ဘုရားက ဘာမှမလုပ်နဲ့လို့ မဟောခဲ့ပါဘူး။
ပွါးရမယ် အားထုတ်ရမယ်လို့သာ
ဟောခဲ့တယ်။
########################################
ဓမ္မရုံးတော် ဉာဏ်မဟော် အပိုင်း (၃-)
ဦးဖြူ ။ ။မိတ်ဆွေကြီး ခင်ဗျာ ။
သိသမျှ မှတ်မိသမျှတော့ ချန်မထားပဲ
ပညာရှိများ ရှေ့မှောက်တွင်ထားပြီး ဟောပြောစေချင်ပါတယ် ။
စိတ်လဲ မပျက်ပါနဲ့။
ကျွန်တော်တို့လည်း မိတ်ဆွေကြီးကို နှောက်ယှက်တာ မဟုတ်ပါဘူး။ သာသနာရေး ရှုပ်ထွေးမှာစိုး၍သာ
စောဒကဝင်ရခြင်း ဖြစ်ပါတယ်ခင်ဗျား၊
ထပ်ပြီး ဟောရန်တောင်းပန်ပါတယ်။
ဦးမဲ ။ ။ ခင်ဗျားတို့က ပါဠိကလေး မပါ။
မြန်မာသက်သက်ကို အထင်သေးသူတွေမို့ အထင်မသေးရအောင်
ပါဠိကလေး တွေ ရွတ်ပြီး ဟောရဦးမှာပေါ့။
''ဣမသ္မိံသတိ ဣဒံ ဟောတိ ၊
ဣမသ္မိံ အသတိ ဣဒံ နဟောတိ ' တဲ့ခင်ဗျာ၊
အဓိပ္ပါယ်ကတော့ ...
အကြောင်းရှိလျှင်ရှိတယ်၊
အကြောင်းမရှိလျှင် မရှိဘူး ဟုဆိုပါတယ်။
အမြဲလည်း မရှိဘူး၊ရှိပြန်တော့လည်း မမြဲဘူး။
အမြဲမရှိဘူးဆိုတာ... နဂိုမရှိ အစက မရှိ မူလက မရှိဘူးဟု
ဆိုလိုရင်းဖြစ်ပါတယ်။
ဖြစ်ပြီးပျက်စီးသွားလို့ မရှိဘူးဟု ဆိုလိုရင်းမဟုတ်ဘူး။
ဖြစ်ပြီး ပျက်စီးသွားလို့ မရှိဘူး ဆိုတာကတော့
လူတိုင်းလောက်ပဲ သိနေကြတယ်။
အဲဒီလို အစကမရှိ နဂိုကမရှိလေတော့ ...
မရှိလျှင် မရှိတဲ့ နဂိုငြိမ်း ငြိမ်းတဲ့ အတိုင်း ကျင့်သုံး နေထိုင်ကြတယ်။ ကိလေသာဆိုတာ ဖြစ်ဖို့ရန် အကြောင်းရှိမှ ဖြစ်တတ်တဲ့ အမျိုးပါ။
ဌာန ကာလ အရပ်ဒေသအားဖြင့် ဘယ်နေရာမှာ ရှိပါတယ်လို့
အဟုတ်စစ်စစ်ကတော့ ညွှန်ပြခြင်းငှာ မထိုက်ပါဘူး။
အဲ-- သို့ကလို ပကတိ နဂိုသဘောအားဖြင့် ငြိမ်းပြီးသား တရားကြီး
မဖေါက်မပြန် မြဲမြံစွာ ရှိသော်လည်း ဧကန္တသုခဟု
သတ္တဝါတို့ မသိကြကုန်မူ၍
ထိုထက်တိုး တစ်မျိုးချမ်းသာ ရှိလိမ့်နိုးနိုး ထင်အားကိုးပြီး
အမျိုးမျိုး ရှာကြံ ပြုလုပ် အားထုတ်နေကြပါတယ်။
ရှေ့တိုး သင်္ခါရမျိုးသာ ရှိ ၏
၊ရှေ့တိုး ဒုက္ခမျိုးသာ ရှိ၏၊
ရှေ့တိုး ဖြစ်ပျက်မျိုးသာ ရှိ၏ဟု မသိကြကုန်။
ဤကဲ့သို့ မသိကြကုန်သောကြောင့် ကိုယ်စွမ်း၊ငါစွမ်းတွေ ထုတ်လျှက် အမြဲလဲမရှိ ရှိလာတော့လည်း မမြဲတဲ့ကိလေသာတွေကို အမြဲမရှိထားပြီး ကုန်အောင် ခန်းအောင် ငြိမ်းအောင် လုပ်နေကြပြန်တယ်။
အဲဒီနည်းဟာ မမှန်ကန်ပါဘူး။
မှန်ကန်တဲ့ နည်းကတော့ နဂိုငြိမ်းလျှင် ငြိမ်းတဲ့အတိုင်းတိုင်း နေတတ်ရပါတယ်။
မရှိလျှင် မရှိတဲ့ မူလအတိုင်းတိုင်း ကျင့်သုံးနေထိုင်တတ်တဲ့ အတတ်ပညာကို မိမိက တတ်ထားတော့ ...
အကြောင်းအားလျှော်စွာ ဖြစ်ပေါ်လာမည့် ကိလေသာတွေဟာ ဖြစ်ခွင့်မရတော့ဘဲ
နဂိုငြိမ်း ငြိမ်းတဲ့အတိုင်း တိုင်း ငြိမ်းလျှက်သား ဖြစ်နေပါတယ်။
အဲဒါကို မဂ်က အနုသယ ကိလေသာကို သတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့် နဂို ငြိမ်း ငြိမ်းတဲ့အတိုင်းတိုင်း နေကြရမယ်။
ဒီ အတိုင်းတိုင်းရှိတဲ့ နိဗ္ဗာန် ကို ဒီအတိုင်းတိုင်း မျက်မှောက်ပြုလိုက်ကြပါ။
နိဗ္ဗာန်ကိုမြင်မှ ကိလေသာကုန်ပါတယ်ခင်ဗျား။
ဦးဖြူ ။ ။မိတ်ဆွေကြီးခင်ဗျား၊
ခဏခဏ နှောင့်ယှက်တယ်လည်း မအောက်မေ့ပါနဲ့။
မိတ်ဆွေ၏ စကားအားလုံးကို သတ္တုချလိုက်ရင် ...
ကိလေသာဆိုတာ ခဏရှိ၊ထာဝရှိ မဟုတ်၊
ကိလေသာငြိမ်းတဲ့ နိဗ္ဗာန်ဓါတ်သာ ထာဝရရှိဖြစ်ခြင်းကြောင့်၎င်း
အငြိမ်းသဘောကိုသာ အာရုံပြု၍နေရမယ်၊
ကိလေသာသေအောင် ခန္ဓာ အာယတန ဓာတ်တရားတို့၏
အနိစ္စသဘော၊ဒုက္ခသဘော၊အနတ္တသဘောတွေကို ရှုနေစရာ မလိုဟု အဓိပ္ပါယ်ရပါတယ်။
လက္ခဏာယာဉ် သုံးပါးကင်းပြီး နိဗ္ဗာန်ကို မြင်နိုင်မယ် မထင်သောကြောင့် ပညာရှိထံ စောဒက ဝင်ပါရစေ ခင်ဗျား။
ဦးမဲ။ ။ဝင်နိုင်ပါတယ် ခွင့်ပြုပါတယ်ခင်ဗျား။
တရားသူကြီး ။ ။မဂ္ဂဝီထိ ကျရာဝယ် ...
ပရိကံ၊ဥပစာ၊အနုလုံ ဂေါတြဘူ မဂ်ဇော တစ်ကြိမ် ဖိုလ်ဇော နှစ်ကြိမ် ကျ၏။
ထိုဝီထိ၌ ဂေါတြဘူ သည် နိဗ္ဗာန်ကို အာရုံပြု၏။
မဂ်ဇောက အနုသယ ကိလေသာကို အသေသတ်ပါသည်။
ထို့ကြောင့် ...
နိဗ္ဗာန်ကို မြင်မှ ကိလေသာ သေသည် ဟူသော မောင်မဲ၏ စကားသည် မှန်သော်လည်း...
ဂေါတြဘူ၏ ရှေ့ ပရိကံ၊ဥပစာ အနုလုံ တို့သည် ....
ခန္ဓာ အာယတန ဓာတ်တရားတို့၏
အနိစ္စ၊ဒုက္ခ၊အနတ္တ၊ လက္ခဏာယာဉ် သုံးပါးကို အာရုံပြုကြသည်။
၎င်း ပရိကံ၊ဥပစာ၊အနုလုံတို့သည်လည်း ...
ခန္ဓာ အာယတန တို့၏ လက္ခဏာယာဉ် သုံးပါးကို အဖန်ဖန်ရှုသော ဝိပဿနာ ဉာဏ် မရင့်သန်ဘဲ မဖြစ်ပေါ်ချေ။
သို့အတွက် ကိလေသာကုန်အောင် ခန်းအောင် ခန္ဓာ အာယတန တို့၏ ဖြစ်မှု ပျက်မှုကို ရှုနေစရာ မလို။
ရှုနေခြင်းသည် မမှန်ကန် ....ဟုဆိုသော
မောင်မဲ၏ စကားသည် မဟာ အမှားကြီး မှားပေသည်။
မောင်မဲရဲ့ စကားဟာ ဘာနဲ့တူသလဲ ဆိုတော့
သရက်ပင်စိုက်ရခြင်းသည် ပင်ပန်း၏၊
သရက်ပင်သည် စား၍လည်းမဖြစ်၊
သရက်သီးသာ လိုရင်းဖြစ်သည်ဟု ဆိုကာ
မြေကြီးကို ဒုတ်နှင့် ရိုက်၍ သရက်သီးကို အသီးခိုင်းနေသော သူရှုးနဲ့သာ တူချေသည်။
ဝိပဿနာဉာဏ် မရင့်သန်ဘဲ ပရိကံ၊ဥပစာ၊အနုလုံတို့ မဖြစ်၊ ၄င်းတို့ မဖြစ်ဘဲ ဂေါတြဘူ မဂ်ဉာဏ်တို့လည်း မဖြစ်နိုင်ချေ။
####################################
'' ဓမ္မရုံးတော် ဉာဏ်မဟော်'' အပိုင်း-၄။
ဦးဖြူ ။ ။မိတ်ဆွေကြီးခင်ဗျာ၊
ပါဠိပါမှသာ တရားဟု ကျွန်တော်တို့ မယူဆပါ။
သဘာဝကျတဲ့ စကားဟာ ... ဘာ ဘာသာစကား ပဲ ဖြစ်ဖြစ် တရား ဖြစ်တယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်၊
ဒါ့ကြောင့် သစ္စာလေးပါးကို မြန်မာစကားဖြင့် သိလိုပါတယ်၊
သစ္စာ လေးပါးကို ဆက်ပြီးဟောပြောဖို့ရာ
ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျား။
ဦးမဲ ။ ။ ကျွန်တော်လည်း သစ္စာ လေးပါးကို ရည်ရွယ်ပါတယ်၊
ခင်ဗျား တောင်းတာနဲ့အတော်ပါပဲ။
နားထောင်ကြပါ၊စဉ်းစားပြီး နာပါ ၊အမှုမဲ့ အမှတ်မဲ့ မနာပါနဲ့၊
ခင်ဗျားတို့ရဲ့ သဏ္ဌာန်မှာ ...
သူတစ်ပါး ပစ္စည်းကို မတရားလိုချင်မှု၊
သူတစ်ပါးကို သတ်ချင် ဆဲချင်မှု၊
သူတစ်ပါးပစ္စည်းစည်းစိမ်ကို မတရားသဖြင့်ရအောင် ယူမဟဲ့ ဆိုတဲ့ ကြံစည်မူတွေ
အမြဲရှိနေပါလား စဉ်းစားကြပါ။
အမြဲမရှိတာမှန်တယ်။
မရှိရာက နိဗ္ဗာန် ၊ သိတာက မဂ်ဉာဏ်၊
ကြံစည်လိုတာက သမုဒယံ၊
ကြံစည်တာက ဒုက္ခံလို့ ခေါ်ပါတယ်။
ဝဋ်ထဲလည်ချင်လျှင် ...
ဒုက္ခနဲ့သမုဒယသစ္စာ နှစ်ပါး ကိုအားထုတ်ကြ။
ဝဋ်အတွင်းက လွတ်ကင်းလိုလျှင် ...
နိရောဓနဲ့ မဂ္ဂသစ္စာ နှစ်ပါးကို အားထုတ်ကြ။
ဘယ်လို အားထုတ်ရမလဲဆိုတော့...
လောဘ ဒေါသဆိုတာ ပြုပြင်ပေးမှ ဖြစ်တဲ့အမျိုးပါကလား ဟု
ပိုင်ပိုင်နိုင်နိုင်သိလေတော့
ဖြစ်ပေါ်လာအောင် တမင်ပြုပြင်ပေးမှု ရဲ့ ပကတိငြိမ်းအေးရာ အမှန် ဧကန်ရှိပါတယ်။
ပင်ကိုငြိမ်း ငြိမ်းတဲ့အတိုင်း မနေကြဘဲ
ဘယ်လိုများ လုပ်ချင်ကြသေးသလဲ။
ပြုလုပ်လျှင် ဘာသဘောတွေ ဖြစ်မလဲ၊
ဒုက္ခမျိုး သင်္ခါရမျိုး ဖြစ်မှာပေါ့။
ဖြစ်ရင်လည်း ပျက်ဦးမှာပေါ့၊
ဖြစ်ခြင်းပျက်ခြင်းကို မလိုချင်လျှင် ...
အလိုလိုချုပ်ငြိမ်းရာ အလိုလို သိလိုက်ရတယ်။
မျက်မှောက်ပြုလိုက်ရတယ်။
ဒါမှ လောကုတ္တရာ သစ္စာမှန်တယ်။
ချုပ်ငြိမ်းရာက နိရောဓသစ္စာ
မျက်မှောက်ပြုတာက မဂ္ဂသစ္စာဖြစ်ပါတယ်။
ဦးဖြူ ။ ။ မိတ်ဆွေကြီးခင်ဗျား၊
ဒီမောင်ဖြူ ဟာ ငါ့ရဲ့ ပြဿဒါး ကောင်ကြီးပဲလို့လည်း မအောက်မေ့ပါနဲ့။တရားတော်တွေ တိမ်းစောင်းကုန်မည် စိုး၍ ပြောရပါတယ်။
တဆိတ်ကလေး ကျွန်တော် ပြောပါရစေခင်ဗျား။
ဦးမဲ ။ ။ပြောပါခင်ဗျား၊ခွင့်ပြုပါတယ်။
ဦးဖြူ ။ ။ပညာရှိကြီးများရဲ့စကားက
သစ္စာ လေးချက် တစ်ပြိုင်နက် မဂ် ၏ ကိစ္စသာ...လို့ ဆိုထားရာ
မိတ်ဆွေရဲ့စကားမှာတော့
သစ္စာ နှစ်ချက် တစ်ပြိုင်နက် မဂ်၏ ကိစ္စသာ ...ဟုဆိုရမလို
ဖြစ်နေသောကြောင့် ပညာရှိထံမှာ စောဒက ဝင်ပါရစေခင်ဗျား။
ဦးမဲ ။ ။ စောဒက တက်နိုင်ပါတယ် ခင်ဗျား။
ဦးဖြူ ။ ။ အရှင် သူမြတ်ဘုရား၊
ဦးမဲ ဟောခဲ့တဲ့ အထက်ပါ တရားတို့ကို ဟုတ်-မဟုတ် စိစစ်၍
ဆုံးဖြတ်ပေးစေ လိုပါသည် ဘုရား။
တရားသူကြီး ။ ။ မောင်မဲ ပြောခဲ့တဲ့စကားတွေမှာ
လောဘ ဒေါသ ဆိုတာ ပြုပြင်ပေးမှ ဖြစ်တဲ့အမျိုးဟု ပါပါတယ်။
အဲဒီစကားဟာ ...
ပရိယုဋ္ဌာန ကိလေသာအတွက်တော့ မှန်ပါတယ်၊
အနုသယ ကိလေသာအတွက်တော့ မမှန်ဘူး။
ငါ ဆရာ ဥပမာပေးမယ်။
သံပုရာသီး သီးတဲ့အခါ ချဉ်မည့် သဘောဟာ သီးကတည်းကပါလာ ခဲ့သလို ...
ငရုတ်သီး သီးတဲ့အခါ စပ်မည့် သဘောဟာ တစ်ခါတည်းပါခဲ့သလို
ပုထုဇဉ်ရဲ့ သဏ္ဌာန်မှာ ခန္ဓာရယ်လို့ ဖြစ်လာ လျှင်
အနုသယ ကိလေသာဟာ တစ်ပါတည်း ပါလာတယ်။
ပြုပြင်ပေးမှ မဟုတ်ပါဘူး။
အဲဒီလို တစ်ပါတည်း ပါလာတဲ့အတွက်...
လောဘဖြစ်စရာ အာရုံနဲ့ကြုံလျှင် လောဘဖြစ်လာရတယ်။
ဒေါသဖြစ်စရာ အာရုံနဲ့ကြုံလျှင် ဒေါသဖြစ်လာရတယ်။
အနုသယ ရှိနေလို့ ပြုပြင်လိုက်ရင် ...
ပရိယုဋ္ဌာန ကိလေသာဖြစ်လာတာဟု မှတ်။
အနုသယ မရှိကြတဲ့ ဘုရားရဟန္တာ များမှာ
လောဘ အာရုံ ဒေါသအာရုံ နဲ့ကြုံပေမယ့် မဖြစ်ပါဘူး။
ဒါ့ကြောင့် ...
ဘုရား ရဟန္တာများကို အသင်္ခတ နိဗ္ဗာန်ကို ရသူတွေ လို့ ဆိုရပါတယ်။
ပုထုဇဉ်များမှာ အာရုံဖြင့်ပြုသလို ဖြစ်ကြသောကြောင့်
သင်္ခတ နယ်ဖြစ်တဲ့ ဝဋ်ဆင်းရဲက မထွက်ရသေးသူတွေ လို့ ဆိုရတယ်။
မောင်မဲဟာ ဘာနဲ့တူသလဲဆိုတော့
ငါတို့ ငယ်ငယ်တုန်းက ဘုန်းကြီးတပါးနဲ့တူသကွဲ့။
၎င်း ဘုန်ကြီးဟာ သူ့ တပည့် ကိုရင်ကို ချစ်ရှာလွန်းလို့
သူတစ်ပါးထက် အောက်တန်းမကျအောင် ရည်ရွယ်ပြီး
အမြင့်ဆုံးဖြစ်တဲ့ ပါဠိတော် နဲ့ အဋ္ဌကထာ ကို ချတယ်။
သဒ္ဒါကို ချနေလျှင် ကြာနေမှာ စိုးတာကိုးကွဲ့။
ဒီတော့ ကိုရင်က မဆို နိုင်ရှာ ဘူး။
မဆိုနိုင်တော့ အားမရတိုင်း ရိုက်တာပေါ့ ။
ဘယ်လိုပင် ရိုက်သော်လည်း ကိုရင်က မဆို နိုင်ဘူး။
ဒီလိုနဲ့ နေ့စဉ် ရိုက်နေတာ မြင်ရတော့ ...
ငါက ထိုဘုန်းကြီးကိုလျှောက်ထားတယ်။
အရှင်ဘုရား ဝိဘတ်တစ်လုံးမှ မသိရဘဲနဲ့
ဒီပါဠိတော်ကို အဆိုခိုင်းလို့ ဖြစ်နိုင်ပါ့မလား၊
စာမကုန်ခင် ကိုရင်သေတော့မယ်လို့ လျှောက်တယ်။
ဒီတော့ ...
ဘုန်းကြီးက နင့်ထက်ငါ အရင်ထမင်းစားခဲ့တာ၊ပြောစရာ မလိုဘူး၊
အမြင့်ဆုံး သစ်ပင်ပေါ်ကနေကြည့်လိုက်ရင်...
အောက်သစ်ပင် အားလုံးကို မြင်ရသလို
အမြင့်ဆုံးစာကို ချလိုက်ရင်
အောက်က သဒ္ဒါလည်း မြင်ရတာပဲလို့ပြောတယ်။
ဒီတော့ ငါက အမြင့်ဆုံးသစ်ပင်ပေါ်ရောက်အောင်
အရင်းကမတက်ဘဲ အဖျားက စတက်သလား ဟု လျှောက်တော့မှ
အေး...ဟုတ်တယ် ငါ့စိတ်ကူးလွဲတာ ဆိုပြီး သဒ္ဒါကို စချသင်တယ်။
အဲဒီလိုပဲ၊မောင်မဲ လည်း လူတွေကို ချစ်ရှာလွန်းလို့
အောက်တန်းစား ခန္ဓာတွေကို မဟောပြောပဲ
နိဗ္ဗာန် ကို ချည်း အတင်းပြနေတာပဲ။
ခန္ဓာ၏ အပြစ် အာဒီနဝကို မမြင်ပဲ နိဗ္ဗာန်ကို မြင်ရိုး မရှိပါဘူး။
မြတ်စွာဘုရားက----
သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။
လို့ ဟောတော်မူတယ်။
သဗ္ဗေ၊ခပ်သိမ်း ဥဿုံ အလုံးစုံကုန်သော။ သင်္ခါရာ၊ကံ၊စိတ်၊ ဥတု အကြောင်းလေးဖြာတို့ ပြုပြင်မှ ဖြစ်ပေါ်လာရသော သင်္ခါရ ဝတ္ထု စုစုတို့သည်။အနိစ္စာ၊မမြဲကြလေကုန်။
ယဒါ၊အကြင် အခါသမယ၌ ။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့လေ၏ ။
ဧသ ဧသော၊ထိုငြီးငွေ့သော နိဗ္ဗိန္ဒဥာဏ်သည်သာလျှင် ။
ဝိသုဒ္ဓိယာ၊အအေးဆုံး မှန်တဲ့ ပြည်နိဗ္ဗာန် ၏ ။မဂ္ဂေါ၊ကောင်းစွာ ရောက်ကြောင်း လမ်းကောင်း အကျော် လမ်းမတော်ကြီးပေတကား။
အဲဒီလို ခန္ဓာငါးပါး၏ မမြဲမူ၊ဆင်းရဲမူ၊အစိုးမရမူ တို့ကို မြင်ရင်
တစ်သံသရာလုံးက အကောင်းထင်ပြီးစွဲလာခဲ့တဲ့ သမုဒယ သစ္စာဟာ အနုသယပါမကျန် ကင်းကွာ၍ ချုပ်ငြိမ်းသွားတယ်။
ချုပ်ငြိမ်းမှ ချုပ်ရာ ငြိမ်းရာကို တွေ့ရတယ်။
တွေ့တဲ့ဥာဏ်က မဂ်ဥာဏ်ပဲ၊
ဒါမှ ''သစ္စာ လေးချက် တစ်ပြိုင်နက် မဂ်ကိစ္စသာ''ဖြစ်မှာပေါ့၊
နိဗ္ဗာန် ဆိုတာ ခန္ဓာနဲ့ ကင်း၍လည်း မရှိ ၊
ခန္ဓာ စာရင်းထဲ မှာလည်း မပါ၊
ဒါ့ကြောင့် ဗဟိဒ္ဓါဓမ္မာ လို့ဟောတယ်။
ခန္ဓာ နဲ့မကင်းကောင်းသောကြောင့် ....
ခန္ဓာ ကို ဝိပဿနာ မရှုဘဲလည်း မရကောင်းဟု မှတ်။
တရားသူကြီး ။ ။ဟဲ့ မောင်မဲ။
ဦးမဲ ။ ။ဘုရား ။
တရားသူကြီး ။ ။ နင်ခန္ဓာ၏ အပြစ်ကို တစ်ခါမှ မပြဘဲ ...
နိဗ္ဗာန်ကို ချည်း ပြနေတာ နင်ကိုယ်တိုင် နိဗ္ဗာန် ကို မြင်ရဲ့လား။
ဦးမဲ။ ။မြင်ပါတယ် ဘုရား။
တရားသူကြီး။ ။နိဗ္ဗာန်ကိုမြင်ရင် ပုထုဇဉ် အကန်းမဟုတ် ။
အရိယာ သူတော်ကောင်း ဖြစ်တဲ့အတွက် ...
သူတော် ဥစ္စာ ရှိမရှိ စစ်ကြည့်ရမယ်။
နင်ဒါန နဲ့ ပျော်နိုင်တဲ့ သဒ္ဓါ၊
တစ်လ လေးသီတင်း မှန်မှန် ဥပုသ် စောင့်သုံးခြင်းနဲ့
ခါးဝတ်ပုဆိုး ကဲ့သို့ မြဲသော ငါးပါးသီလ၊
ဥပုသ် စောင့်သုံးသောအခါ အိမ်မှုကိစ္စ အဝဝကို စွန့်ထားနိုင်ခြင်း စာဂ၊
ဥပုသ်စောင့်ရင်း တရားစကားဆွေးနွေးခြင်း သုတ၊
လက္ခဏာယာဉ် သုံးပါးကိုဆင်ခြင်မှု ပညာ၊
မကောင်းမှု ကို ရှက်ခြင်း ဟီရိ၊
သံသရာဘေး ကိုကြောက်ခြင်း သြတ္တပ္ပ တို့
ရှိရဲ့လား။
ဦးမဲ ။ ။ဒါတွေဟာ အပို သင်္ခါရတွေပါ ဘုရား။
တရားသူကြီး ။ ။နင့်မိန်းမနဲ့တော့ မပြတ်ဘူး မဟုတ်လား။
ဦးမဲ ။ ။ ဒါကတော့ နဂိုသင်္ခါရပါဘုရား။
တရားသူကြီး။ ။အင်း - နင်တို့ဟာ ...
ကုသိုလ်ကျတော့ အပိုသင်္ခါရ၊
အကုသိုလ် ကျတော့ နဂိုသင်္ခါရ ဆိုတော့ ...
နင်တို့မြင်တဲ့ နိဗ္ဗာန် ဟာလည်း ကောင်းကင်သာ ဖြစ်ပေမယ်၊
နိဗ္ဗာန်တော့ မဟုတ်ပေဘူး ငမဲရဲ့။
နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ
'' ဓမ္မရုံးတော် ဉာဏ်မဟော်'' စာအုပ်မှ ... စာစီပူဇော်ပါသည်။
No comments:
Post a Comment