နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ ။
'' ဓမ္မရုံးတော် ဉာဏ်မဟော် "ကျမ်းစာမှ စာစီ ပူဇော်ပါသည်။
####################
'' ဓမ္မရုံးတော် ဉာဏ်မဟော် ''အပိုင်း ( ၁၃ )
ဦးပညာ။ ။ ပိုမို ခိုင်ခံ့အောင် အဂ္ဂိဝစ္ဆသုတ်ကို ဟောဦးမယ် မောင်ဖြူရဲ့။
ဦးဖြူ ။ ။ ဟောတော်မူပါ ဘုရား။
ဦးပညာ။ ။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် .....
အဂ္ဂိဝစ္ဆပရဗိုဇ်သည် မြတ်စွာဘုရား ရှိရာသို့ ချဉ်းကပ်ပြီး မေးမြန်းသတဲ့။
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် အမြဲတည်ရှိသလော"
ဘုရား။ ။ "ဒီလို ငါဘုရား မယူပါဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဒီလိုဆိုရင် သတ္တဝါသည် မမြဲ....
သေပြီးလျှင် ဆုံးသလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် အဆုံးရှိသလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် အဆုံးမရှိဘူးလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ အသက်သည် ကိုယ်ဖြစ်သလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ အသက်က တခြား ကိုယ်က တခြားလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် သေပြီးသည့်နောက်
ဘဝတစ်ပါးသို့ ပြောင်းသွားသလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် သေပြီးသည့်နောက်
ဘာမှ မဖြစ်တော့ဘူးလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် သေပြီးသည့်နောက်
ဖြစ်သည်လဲမရှိ၊ မဖြစ်သည်လဲ ရှိသလော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သတ္တဝါသည် သေပြီးသည့်နောက်
ဖြစ်သည်လဲ ဟုတ်၊ မဖြစ်သည်လဲ မဟုတ်လော"
ဘုရား။ ။ "ဒီလိုလဲ ငါဘုရား မယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ အသို့နည်း၊
ဘယ်လိုပဲ မေးမေး ဒီလိုပဲ ငါ-မယူ ဟုသာ ဖြေသည်၊
ဘယ်အပြစ်ကို မြင်၍ ဒီမေးသမျှသော အယူဝါဒကို မယူသနည်း"
ဘုရား။ ။ "ဝစ္ဆ၊ မင်း မေးသမျှသော အယူဝါဒတို့သည် ....
ခရီးခဲနှင့်လဲ တူသည်၊
ငြှောင့်နှင့်လဲ တူသည်၊
တုန်လှုပ်ခြင်းလဲ ရှိသည်၊
ကြိုးနှင့်လဲ တူသည်၊
ဒုက္ခနှင့်လဲ တကွဖြစ်သည်၊
ပင်ပန်းခြင်းနှင့်လဲ တကွဖြစ်သည်၊
ပူပန်ခြင်းနှင့်လဲ တကွဖြစ်သည်၊
ကိလေသာ ငြိမ်းခြင်းငှာလည်း မဖြစ်၊
ရာဂကင်းခြင်းငှာလဲ မဖြစ်၊
ဥပါဒါန် ချုပ်ခြင်းငှာလဲ မဖြစ်၊
သစ္စာလေးပါးကို သိခြင်းငှာလဲ မဖြစ်၊
နိဗ္ဗာန်ကို ရခြင်းငှာလဲ မဖြစ်၊
ဒါကြောင့် ဒီအယူဝါဒတွေကို ငါဘုရားမယူဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဒီအယူဝါဒတွေကို မယူလျှင် ...
ဘယ်အယူဝါဒကို နှစ်သက်ပါသလဲ"
ဘုရား။ ။ "ဘယ်အယူဝါဒကိုမှ ငါဘုရား မနှစ်သက်၊
ငါဘုရားမှာ မှန်သော ဉာဏ်အမြင်သာ ရှိတယ်"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဘယ်လိုမှန်သော ဉာဏ်အမြင် ဖြစ်ပါသလဲ"
ဘုရား။ ။ "အအေးနှင့်တွေ့လျှင် တစ်မျိုး၊ အပူနှင့်တွေ့လျှင် တစ်မျိုး၊ ဖေါက်ပြန်တတ်သော ရုပ်သာရှိ၏၊
ကံ, စိတ်, ဥတု, အဟာရတို့ ထောက်ပံ့မှု ရှိလျှင်ဖြစ်၏၊
ဖြစ်ပြီးလျှင် ချုပ်၏
အာရုံအရသာကို ခံစားတတ်သော ဝေဒနာသည် ရှိ၏၊
၎င်းဝေဒနာသည် .....အာရုံဒွါရ တွေ့ထိမှု ဖဿ ဖြစ်လတ်သော် ဖြစ်၍ ဖဿ ချုပ်လျှင် သူချုပ်၏၊
အာရုံ၏သဘောကို မှတ်သားတတ်သော သညာသည် ရှိ၏၊
အာရုံဒွါရတွေ့ထိမှု ဖဿ ဖြစ်လျှင် သူဖြစ်၍
ဖဿ ချုပ်လျှင် သူချုပ်၏၊
ပြုပြင်စီရင်တတ်သော သင်္ခါရသည် ရှိ၏၊ ထိုသင်္ခါရသည် ရှိ၏၊
ထိုသင်္ခါရသည် အာရုံဒွါရတွေ့ထိမှုဖဿ ဖြစ်လျှင် ဖြစ်၍
ဖဿဿ ချုပ်လျှင် သူ ချုပ်၏၊
အာရုံ ၆-ပါးကို သိတတ်သော ဝိညာဏ် သည် ရှိ၏၊
ထိုဝိညာဏ် သည် အာရုံဒွါရ ထိခိုက်မှုဖဿ ဖြစ်လျှင် ဖြစ်၍
ဖဿ ချုပ်လျှင် သူ ချုပ်၏၊
အဲဒီလို သိမြင်တဲ့အတွက် .....
၎င်းခန္ဓာငါးပါးကို ငါဘုရားသည်
ငါ-အတ္တဟုလည်း ဒိဋ္ဌိအားဖြင့် မစွဲလမ်း၊
ငါ့ဟာ ငါ့-ဥစ္စာဟုလဲ တဏှာအားဖြင့် မစွဲလမ်း၊
ငါ-ဟုလဲ မာနအားဖြင့် မစွဲလမ်း၊
ဥပါဒါန်ဖြင့် စွဲလမ်းခြင်းမှ လွတ်တယ်။"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဥပါဒါန်ဖြင့် စွဲလမ်းခြင်းမှ လွတ်သော ရဟန်းသည် ဘယ်မှာ ဖြစ်ရသလဲ"
ဘုရား။ ။ "ဝစ္ဆ၊ ဖြစ်ခြင်းသို့ မရောက်ဘူး"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ မဖြစ်တော့ဘူးလော။
(မဖြစ်လျှင် ဘာမှ မရှိတော့သော ကောင်းကင်သာ ရှိတော့ သလော ဟု မေးခြင်းဖြစ်သည်)"
ဘုရား။ ။ "ဝစ္ဆ၊ မဖြစ်ခြင်းသို့လည်း မရောက်ဘူး ။
(ကောင်းကင်သာ ကျန်တော့သည်လဲ မဟုတ်
အဟုတ်ရှိ အမှန်ရှိ နိဗ္ဗာန် ပရမတ်ရှိသည်ဟု ဆိုလိုသည်)
ဥစ္ဆေဒကို ပယ်ခြင်း ဖြစ်သည်"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဖြစ်သည်လဲ ရှိ၊ မဖြစ်သည်လဲ ရှိသလော"
ဘုရား။ ။ "ဝစ္ဆ၊ ဒီလိုလည်း မဟုတ်ဘူး၊
(ဧကစ္စ သဿ တကို ပယ်ခြင်း ဖြစ်သည်)"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဖြစ်သည်လဲ မဟုတ်၊ မဖြစ်သည်လဲ မဟုတ်လော"
ဘုရား။ ။ "ဝစ္ဆ၊ ဒီလိုလည်း မဟုတ်၊
(အမရာဝိက္ခေပ ဒိဋ္ဌိကို ပယ်ခြင်း ဖြစ်သည်)
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ အရှင့်အား ဘယ်ဟာကိုပဲ မေးမေး ...
ဒီလိုလဲ မဟုတ်၊ ဒီလိုလဲ မဟုတ်ဟုသာ ဖြေသည်
တပည့်တော်သည် မသိနိုင်ခြင်းတွေသို့ တွေဝေခြင်းတွေသို့ ရောက်၏၊ အရင် ခန္ဓာငါးပါးတို့၏ ဖြစ်မှု ပျက်မှု ကိုပြသော စကားဖြင့်...
ကြည်လင်ခဲ့သော ဉာဏ်တို့လဲ ကွယ်သွားပြီ"
ဘုရား။ ။ "ဝစ္ဆ၊ သင့်အား မသိခြင်းငှာ တွေဝေခြင်းငှာ သင့်၏၊
ဤတရားသည် နက်နဲ၏၊ သိနိုင်ခဲ၏၊ သိမ်မွေ့၏ မွန်မြတ်၏
နိဗ္ဗာန်ကို ဝိတက် ဖြင့် ကြံစည်၍ မရကောင်း၊
ပညာရှိတို့သာ သိအပ်၏၊
သင် ဝစ္ဆ သာသနာတော်မှ တစ်ပါးသော အယူရှိသမျှ၊
သာသနာတော်မှတစ်ပါး၌ ဆရာထားသမျှ၊
သာသနာတော်မှ တစ်ပါးသော အယူကို နှစ်သက်သမျှ၊
သာသနာတော်မှ တစ်ပါးသော တရားကို အားထုတ်နေသမျှ
ဤနိဗ္ဗာန်တရားကို မသိနိုင်ပေ။
ဝစ္ဆ၊ ငါဘုရား မေးမည်၊ သင်သိသလို ဖြေ၊
ဝစ္ဆ၊ သင်၏ရှေ့၌ မီးတောက်နေလျှင်
ငါ၏ရှေ့၌ မီးတောက်နေပါကလား လို့ သိ၏လော။"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ငါ၏ရှေ့၌ မီးတောက်နေလျှင်
ငါ၏ရှေ့၌ မီးတောက်နေပါကလားဟု သိပါတယ်"
ဘုရား။ ။ "ဝစ္ဆ၊ သင်၏ရှေ့က မီးတောက်သည် ဘာကို စွဲ၍
တောက်လောင်နေပါလဲ"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ မြက်ခြောက် ထင်း ဝါး စသည်ကို စွဲ၍ တောက်လောင်နေပါသည်"
ဘုရား။ ။ "ဝစ္ဆ၊ ၎င်းမီးတောက်သည် လောင်စာကုန်၍ ငြိမ်းသွားသောအခါ .... ငါ၏ရှေ့က မီးတောက်သည် ငြိမ်းသွားပြီဟု သိ၏လော"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ သိပါ၏"
ဘုရား။ ။ "ဝစ္ဆ၊ သင်၏ရှေ့က ငြိမ်းသွားသော မီးတောက်သည်
ဘယ်အရပ်ကို သွားသလဲ၊
အရှေ့အရပ်ကို သွားသလော၊ အနောက်အရပ်ကို သွားသလော၊ တောင်အရပ်ကို သွားသလော၊ မြောက်အရပ်ကို သွားသလော"
အဂ္ဂိဝစ္ဆ။ ။ ""အရှင် ဂေါတမ၊ မည်သည့်အရပ်သို့ သွားသည်ဟု မဆိုနိုင်ပါ၊
မြက်ခြောက် ထင်းဝါး စသည်ကို လောင်သောမီးသည် ထိုမြက်ခြောက် ထင်းဝါးတို့ ကုန်၍ အခြားလောင်စာကိုလဲ မယူဆောင်သောကြောင့် ငြိမ်းတယ်ဟုသာ ဆိုရပေမည်"
ဘုရား။ ။ "ဝစ္ဆ၊ အကြင်ရုပ်ဖြင့် လူ-နတ်-ဗြဟ္မာ ဟု သတ္တဝါကို
ပညတ်ကြ၏၊
ထိုရုပ်ကိုလည်း ငါဘုရားသည် ပယ်အပ်ပြီ၊
ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီ၊ နောင်တဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊
ထို့ကြောင့် ဥပါဒါန် ကုန်ပြီးသော ဘုရား ရဟန္တာတို့သည် ရုပ်ဟု ဆိုအပ်သော ရေတွက်ခြင်းမှ လွတ်၏၊
မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိ၏၊ ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲ၏၊ နက်နဲ၏၊ မဟာသမုဒ္ဒရာကို ထောက်၍ မမှီသည်နှင့် တူ၏၊
သို့အတွက်.... ဖြစ်ခြင်းကို ရောက်၏ဟုလဲ မဆိုအပ်၊ မဖြစ်ခြင်းသို့ ရောက်၏ဟုလဲ မဆိုအပ်၊ ဖြစ်သည်လဲရှိ မဖြစ်သည်လဲ ရှိ၏ဟု မဆိုအပ်၊ ဖြစ်သည်လဲ မဟုတ်၊ မဖြစ်သည်လဲ မဟုတ်ဟုလဲ မဆိုအပ်၊
ဒုက္ခခပ်သိမ်းမှ ငြိမ်းတယ်ဟုသာ ဆိုအပ်၏"
ဘုရား။ ။ "ဝစ္ဆ၊ အကြင်ဝေဒနာဖြင့် လည်းကောင်း အကြင်သညာဖြင့် လည်းကောင်း၊ အကြင် သင်္ခါရဖြင့်လည်းကောင်း၊ အကြင်
ဝိညာဏ် ဖြင့် လည်းကောင်း၊ လူ-နတ်-ဗြဟ္မာ-သတ္တဝါကို ပညတ်ကြ၏၊
ထိုဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တို့ကိုလဲ ငါဘုရား ပယ်
အပ်ပြီ၊
ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီ။ နောင်တဖန် မဖြစ်အောင် ပြုအပ်ပြီ၊
ငါဘုရားသည် ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တို့မှလည်း လွတ်ပြီ၊
ထို့ကြောင့် မနှိုင်းယှဉ်အပ်သော ဂုဏ်ရှိ၏၊ ၎င်းဂုဏ်ကို ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲ၏၊ နက်နဲ၏၊ မဟာသမုဒ္ဒရာကို ထောက်၍ မမှီနိုင်သည်နှင့် တူ၏၊
ထို့ကြောင့် ....
ဘုရား ရဟန္တာတို့ ဖြစ်ခြင်းသို့ ရောက်၏ ဟုလဲ မဆိုအပ် (သဿတ ကို ပယ်ခြင်းဖြစ်သည်)၊
မဖြစ်ခြင်းသို့ ရောက်၏ဟုလဲ မဆိုအပ် (ဥစ္ဆေဒကို ပယ်ခြင်း ဖြစ်သည်)၊
ဖြစ်သည်လဲ ရှိ မဖြစ်သည်လဲ ရှိ၏ဟု မဆိုအပ် (ဧကစ္စ သဿ တကို ပယ်ခြင်းဖြစ်သည်)
၊ ဖြစ်သည်လဲ မဟုတ် မဖြစ်သည်လဲ မဟုတ်ဟုလဲ မဆိုအပ် (အမရာဝက္ခေပ ဒိဋ္ဌိကို ပယ်ခြင်း ဖြစ်သည်)၊
ဒုက္ခခပ်သိမ်းမှ အကုန်ငြိမ်းသော သန္တိသုခ ပရတ်မတ် နိဗ္ဗာန်ဓာတ်သာ ရှိတော့သည်ဟုသာ ဆိုအပ်၏"
အဂ္ဂိဝစ္ဆ။ ။ "အရှင် ဂေါတမ၊ ဥပမာမည်သည်ကား ...
ရွာ၏အနီး၌ ကြီးစွာသော အင်ကြင်းပင်ကြီးသည် ရှိ၏၊
ထို အင်ကြင်းပင်ကြီးသည် အရွက်, အခက်, အပွေး, အခေါက်, အကာတို့မှ ကင်းလတ်သော် အနှစ်သာ ကျန်တော့သကဲ့သို့
ထို့အတူ အရှင်ဂေါတမ၏ တရားသည်လည်း
ခန္ဓာငါးပါးတည်းဟူသော အရွက်, အခက်, အပွေး, အခေါက်, အကာတို့မှ ကင်းစင်၍ နိဗ္ဗာန်တည်းဟူသော အနှစ်မှာ တည်ပေသည်၊
သို့အတွက် အလွန်နှစ်သက်ဖွယ်ရာ ကောင်းပါပေတယ်၊ အရှင် ဂေါတမသည် ဒီနေ့ကစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဟု တပည့်တော်ကို မှတ်တော်မူပါဘုရား"
#########################
'' ဓမ္မရုံးတော် ဉာဏ်မဟော် ''အပိုင်း-( ၁၄ )
ဦးပညာ။ ။ ကဲ-မောင်ဖြူရေ ...
ဒီသုတ်မှာ မြတ်စွာဘုရား ဟောတော်မူတာ ... ခန္ဓာငါးပါးတို့၏ ဖြစ်မှု ပျက်မှုကို မြင်သဖြင့် တဏှာ, မာန, ဒိဋ္ဌိ, ဥပါဒါန် အစွဲကွာ၍
ဒုက္ခခပ်သိမ်း အကုန်ငြိမ်းတဲ့ သန္တိသုခ ပရမတ် နိဗ္ဗာန်ဓာတ်ကို ရတယ် မဟုတ်လား။
ဦးဖြူ ။ ။ ဟုတ်ပါတယ် ဘုရား။
ဦးပညာ။ ။ ဒါကြောင့် သောတာပန် ဖြစ်ချင်တဲ့ သူသည်...
သောတာပန်ဖြစ်ကြောင်း အင်္ဂါများကို ပြုလုပ်ကြရမယ်၊
၎င်းအင်္ဂါများသည် ဘယ်ဟာလဲ ဆိုတော့....
(၁) သစ္စာလေးပါးကို ပြနိုင်သော သပ္ပူရိသကို မှီဝဲရမယ်၊
(၂) ထိုပုဂ္ဂိုလ်ထံမှာ တရားကို နာယူရမယ်၊
(၃) ထိုတရားကို ရိုရိုသေသေ ဆင်ခြင်သုံးသပ် ပွားများ အားထုတ်ရမယ်၊
(၄) ခန္ဓာငါးပါး၏ ဖြစ်ပုံ ပျက်ပုံ သနစ်စုံကို ပုံမှန်အတိုင်း မြင်အောင် အားထုတ်၍ လောကုတ္တရာတရားအား လျော်အောင် ကျင့်ရမယ်၊
ဒီလေးမျိုးမှာ အထက်က သုံးမျိုးက ရှင်းတယ်၊
(၄) နံပါတ်က ဓမ္မာနုဓမ္မပဋိပတ္တိလို့ ခေါ်တယ်၊
ဓမ္မက... ခန္ဓာငါးပါးအား၊ အနုက... လျော်သော...
(ဝါ) ခန္ဓာငါးပါး၏ ဖြစ်ပျက်ပုံ သနစ်စုံကို ပုံမှန်အတိုင်း မြင်အောင်လုပ်၍ဟု အဓိပ္ပါယ်ရတယ်၊
ဓမ္မပဋိပတ္တိ... လောကုတ္တရာ တရားအားလျော်အောင်ကျင့်၏ဟု အဓိပ္ပါယ်ရတယ်၊
စကားနှစ်ရပ်ပေါင်းလိုက်ရင် ...
ခန္ဓာငါးပါး၏ ဖြစ်ပုံ ပျက်ပုံသနစ်စုံကို မြင်အောင် လုပ်တာသည်ပင် လောကုတ္တရာအားလျော်အောင် ကျင့်တော့တာပဲ၊
ဘာကြောင့်လဲဆိုတော့ ဖြစ်မှုပျက်မှုကို မြင်လျှင် အနိစ္စ-ဒုက္ခ-အနတ္တကို မြင်တော့တာပဲ၊
၎င်း အနိစ္စ-ဒုက္ခ-အနတ္တသည် ကိလေသာ၏ အာရုံမဟုတ်၊ သံဝေဂ၏ အာရုံသာဖြစ်တယ်၊
သံဝေဂသည် နိဗ္ဗာန်၏ လမ်းကြောင်းဖြစ်တဲ့အတွက်
ခန္ဓာငါးပါးတို့၏ ဖြစ်မှုပျက်မှုကို မြင်အောင် ရှုတာသည်ပင် (၄) နံပါတ်ဖြစ်တဲ့ 'ဓမ္မာနု ဓမ္မပဋိပတ္တိ' ဖြစ်တော့တာပေါ့ မောင်ဖြူရဲ့။
ဦးဖြူ ။ ။ မှန်ပါ ဘုရား။
ဦးပညာ။ ။ အေး... ဒါကြောင့် ...
ဓမ္မာနု ဓမ္မပဋိပတ္တိ ဖြစ်သော ခန္ဓာငါးပါးတို့၏ ဖြစ်မှုပျက်မှုကို မြင်အောင် ဉာဏ်ဖြင့် ရှု၍
သံဝေဂဉာဏ်အမြင်သန်ကာ
နိဗ္ဗာန်ကို လျင်မြန်စွာ ရလွယ်ကြပါစေကုန်သတည်း။
ပရိတ်သတ်။ ။ သာဓု၊ သာဓု၊ သာဓု။
နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' ကျမ်းစာမှ စာစီ ပူဇော်ပါသည်။
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' ကျမ်းစာ ... အပိုင်း-၁မှ ၁၄အထိ
ဤတွင် ပြီးဆုံးပါပြီ။
No comments:
Post a Comment