သညာက္ခန္ဓာ မှာ စွဲတဲ့ အစွဲ လေးမျိုး။
******************************
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' အပိုင်း ( ၉ )
ဦးပညာ ။ ။သညာက္ခန္ဓာ မှာလည်း ထိုနည်းအတူ လေးမျိုး စွဲတယ် ။သညာသည် ပင် ငါ၊ ငါသည်ပင် သညာတစ်မျိုး
သညာထဲမှာ ငါရှိတယ် တစ်မျိုး
ငါထဲမှာ သညာရှိတယ် တစ်မျိုး ၊
သညာ နဲ့ ငါ တခြာစီတစ်မျိုး
ပေါင်း လေးမျိုးရှိတယ် ၊
သညာ သည်ပင် ငါ၊ ငါသည်ပင် သညာဆိုတဲ့စွဲပုံက .....
သညာဆိုတဲ့ ငါသည် တစ်သက်လုံး မြဲမြံစွာ တည်ရှိပြီး လာလာသမျှ အာရုံကို သူကချည်း ဒိုင်ခံ၍ မှတ်တယ်လို့ ထင်မှတ်တယ် ၊
သေပြီးလျှင် ပျက်တော့၏ ၊ အဆက် မရှိလို့ ယူတယ် ၊ ဥစ္ဆေဒပေါ့ ၊
အဲဒီ အယူ ကို စီစစ်ရမယ် မောင်ဖြူရဲ့ ။
ဦးဖြူ ။ ။မှန်ပါ စီစစ်တော်မူပါ ဘုရား ။
ဦးပညာ ။ ။လောကမှာ မိန်းမတွေဟာ လင်မရခင် သား အရင် မွေးတယ်လို့ ရှိရဲ့လား ။
ဦးဖြူ ။ ။မရှိပါဘုရား ၊ လင်ရပြီး မှ မွေးရပါတယ်။
ဦးပညာ ။ ။အဲဒီလိုပေါ့ ၊
မှတ်စရာ ရှုပါရုံ ကို မမြင်ရသေး မီက မှတ်မှု သညာ မရှိသေးပါဘူး ၊ မှတ်စရာ ရူပါရုံ ကို မြင်ရမှ မှတ်မှု သညာ ဖြစ်လာတယ် ၊
ထို အာရုံချုပ်ရင် မှတ်မှု သညာလည်း ပျက်သွားတာပဲ ၊
မှတ်စရာ အသံကို နားနဲ့ကြားရမှ မှတ်မှု ပညာ ဖြစ်တယ် ၊
ထို အာရုံချုပ် လျှင် ထိုသညာလည်း ပျက်သွားတာပဲ ၊
မှတ်စရာ အနံ့ ကို နှာခေါင်း နဲ့ နမ်းရှုံ့ ရမှ မှတ်မှု သညာပေါ်လာတယ် ၊ ထိုအာရုံ ချုပ်လျှင် ထိုသညာလဲ ပျက်သွားတာပဲ၊
မှတ်စရာ ရသာရုံကို လျှာနဲ့တွေ့မှ မှတ်မှုသညာ ပေါ်တယ် ၊
ထိုအာရုံချုပ်လျှင် ထိုသညာလဲ ပျက်သွားတာပဲ၊
မှတ်စရာ ဖောဋ္ဌဗ္ဗာရုံ ကို ကိုယ်နှင့်ထိမှ မှတ်မှုသညာပေါ်တယ် ၊
ထိုအာရုံချုပ်လျှင် ထိုသညာလည်း ပျက်သွားတာပဲ ၊
မှတ်စရာ ဓမ္မာရုံကို မနောအကြည် နဲ့ တိုက်မိမှ မှတ်မှု သညာ ပေါ်တယ် ၊ ထိုအာရုံချုပ်လျှင် ထိုသညာလည်း ချုပ်ပျက်သွားတာပဲ ၊
အဲဒီလို ဆိုတော့ မှတ်စရာ အာရုံ ခြောက်ပါးနဲ့ ဒွါရ ခြောက်ပါး မထိခိုက်ဘဲနဲ့ မှတ်မှု သညာပေါ်ရဲ့လား ။
ဦးဖြူ ။ ။မပေါ်နိုင်ပါ ဘုရား ။
ဦးပညာ ။ ။ဒီလို မပေါ်နိုင်ရင် ....
သညာသည် ကိုယ့်စွမ်း အတ္တ သတ္တိ ရှိတယ်လို့ ဆိုနိုင်ပါ့မလား ။
ဦးဖြူ ။ ။မဆို နိုင်ပါ ဘုရား ။
ဦးပညာ ။ ။အတ္တမဟုတ်လျှင် အနတ္တဖြစ်မနေ ဘူးလား။
ဦးဖြူ ။ ။ ဖြစ်နေပါတယ် ဘုရား ။
ဦးပညာ ။ ။အာရုံခြောက်ပါး နဲ့ ဒွါရ ခြောက်ပါး ထိခိုက်တဲ့ အခါ
လတ်တလော ဖြစ်ပေါ်လာပြီးတော့ ပျောက်ပျက်သွား တဲ့ အခါကော အမွေ အနှစ် ဘာကျန်ခဲ့သေး သလဲ ။
ဦးဖြူ ။ ။ဘာမှမကျန်ပါ ဘုရား ။
ဦးပညာ ။ ။ဘယ်မှာ တစ်သက်လုံးခံတဲ့ အတ္တရှိလဲ မောင်ဖြူရဲ့ ။
ဦးဖြူ ။ ။မရှိပါဘုရား ။
ဦးပညာ ။ ။အတ္တမဟုတ်လျှင် အနတ္တ ပေါ့ကွဲ့။
ဦးဖြူ ။ ။မှန်ပါ ၊ အနတ္တပါ ဘုရား ။
ဦးပညာ ။ ။ဖြစ်ပြီးလျှင် ပျက်တတ်သောကြောင့် မြဲတယ်လို့ ဆိုနိုင်ပါ့ မလား ။
ဦးဖြူ ။ ။မဆိုနိုင်ပါ ဘုရား ။
ဦးပညာ ။ ။မဆိုနိုင်လျှင် အနိစ္စပေါ့ ၊
မမြဲဘူးဆိုတာ ... ဇရာမီး မရဏမီးလောင်၍ မမြဲတာကွဲ့ ၊
မီးအမြဲတမ်း လောင်ခံ ရတဲ့ သညာကို ချမ်းသာတယ်လို့ ဆိုနိုင်ပါ့ မလား ။
ဦးဖြူ ။ ။မဆိုနိုင်ပါ ဘုရား။
ဦးပညာ ။ ။မဆိုနိုင်လျှင် ဒုက္ခပေါ့ကွဲ့ မောင်ဖြူရဲ့။
ဦးဖြူ ။ ။မှန်ပါ ဒုက္ခပါ ဘုရား။
ဦးပညာ ။ ။အဲဒီလို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဖြစ်တဲ့ သညာကို
ငါလို့ စွဲလန်းတာ ငါ မှတ်မိနေတယ်လို့ ထင်တာ မမှားပေဘူးလား ။
ဦးဖြူ ။ ။မှားပါတယ် ဘုရား။
ဦးပညာ ။ ။အေး - အဲဒါကြောင့် မြတ်စွာ ဘုရားက
''သညာက္ခန္ဓော နသတ္တော ၊ န ဇီဝေါ ၊ န နရော ၊ နပုရိသော ၊နဣတ္ထိ ၊ နာဟံ ၊ န အတ္ထိယံ ၊ န အညသ ၊န ကဿစိ ''
၎င်း သညာဟာ သတ္တဝါ မဟုတ် ၊ အသက်လိပ်ပြာလည်း မဟုတ် ၊ အသက်လိပ်ပြာလည်း မဟုတ် ၊ လူလည်းမဟုတ် ၊ ယောက်ျားလည်း မဟုတ်။ မိန်းမ လည်းမဟုတ် ၊ ငါလည်း မဟုတ် ၊ ငါ့ ဟာလည်းမဟုတ် ၊ ဘယ်သူ၏ ဥစ္စာ မှ မဟုတ် ၊
မှတ်စရာ အာရုံ နဲ့ဒွါရ ထိခိုက်ရာဝယ် ဖြစ်ပေါ်လာသော မှတ်မှု့လေး သာလျှင် ဟုတ်၏ ။
အဲဒါက သညာ သည် ငါ ၊ ငါသည် သညာလို့ ထင်မှတ် မှုကိုစွဲတာ
မောင်ဖြူ ရဲ့။
ဦးဖြူ ။ ။မှန်ပါ ဘုရား ။
ဦးပညာ ။ ။လောကကြီး မှာ တစ်ခါ မှတ်ထားပြီး
ဘယ်တော့ မှ မမေ့ဘူး ဆိုတဲ့ သူ ရှိရဲ့လား ။
ဦးဖြူ ။ ။မရှိပါ ဘုရား ။
ဦးပညာ ။ ။အဲဒီလို မရှိတာ သညာကို ပိုင်တဲ့ ငါ မရှိလို့ပဲ ၊
အကယ်၍သာ သညာကို ပိုင်တဲ့ ငါရှိရင် ....
တစ်ခါ မှတ်ပြီး ဘယ်တော့မှ မမေ့ရပေဘူး ၊
မင်းတို့ ငယ်ငယ်က ရထားတဲ့ စာတွေ မေ့ မကုန်သေးဘူးလား ။
ဦးဖြူ ။ ။မေ့ကုန်ပါတယ် ဘုရား ။
ဦးပညာ ။ ။မေ့ချင်လို့ မေ့ နေတာ လား၊ မမေ့ ချင်ပဲ မေ့ နေတာလား ။
ဦးဖြူ ။ ။မမေ့ချင် ဘဲ မေ့တာပါ ဘုရား ။
ဦးပညာ ။ ။အဲ ဒီလိုဆိုတော့ ... သညာကို ပိုင်တဲ့ ငါရှိတယ်ထင်ပြီး သညာထဲမှာ ငါရှိတယ် ၊ ငါထဲ မှာ သညာရှိတယ် ၊
သညာ နဲ့ ငါ တခြားစီ လို့ ထင်မှတ်မူဟာ မမှားပေ ဘူးလား ။
ဦးဖြူ ။ ။ မှားပါတယ် ဘုရား ။
ဦးပညာ ။ ။ယခုပြောခဲ့တာက ...
သညာက္ခန္ဓာ မှာ စွဲတဲ့ အစွဲ လေးမျိုး ကိုခွါတာပဲ ၊
ရှေဆက်ပြီး ၊ သင်္ခါရက္ခန္ဓာ မှာ စွဲတဲ့ အစွဲလေးပါးကို ပြောဦးမယ်။
နမ္မားမြို့ သီရိမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' ကျမ်းစာမှ စာစီ ပူဇော်ပါသည်။
No comments:
Post a Comment