Thursday, August 18, 2016
ချဉ်ရသာ ပျောက်အောင် ဘယ်လို အားထုတ်မလဲ ?
(*အနိစ္စ မထည့်နဲ့။)
################################
လျှာအကြည်ကို တဲ့၊ ထင်ထင်ရှားရှား ချဉ်ဆိုတဲ့ ရသာဓာတ် တိုက်တဲ့အခါ စားသိစိတ် မပေါ်ဘူးလား။
အဲဒါ စားသိစိတ် = ဇိဝှါဝိညာ ဏ် လို့ မဟောဘူးလား။
အဲဒီ စားသိစိတ်= ဇိဝှါဝိညာ ဏ် ပေါ်တဲ့အခါ...
သံပရာသီး တွေ့သလား ၊ ချဉ်တာ တွေ့သလား။
ကိုယ့်စိတ်က သံပရာသီး လို့ မထင်လား။
တွေ့တာက...
သံပရာသီး လား ချဉ်ဆိုတဲ့ ရသာဓာတ်လား။
ဘယ်လောက်များ ထင်ရှားသလဲနော်။
အဲလို သိတဲ့စိတ်လေးက ဇိဝှါဝိညာ ဏ် နာမ်တရားပေါ့။
အဲဒီ ဇိဝှါဝိညာ ဏ်ကို... သူနဲ့ သဟဇာတ ဖြစ်တဲ့ ဝေဒနာ သညာ စေတနာ မပါလား။
ဤသုံးခု ပေါင်းမှ နာမက္ခန္ဓာ လေးပါး ဖြစ်တာနော်။
ဤလေးပါး ပြည့်စုံမှ စားသိစိတ် ဆိုတဲ့ ဝိညာ ဏက္ခန္ဓာ ပေါ်တာပေါ့။
ချဉ်ရသာကို ခံစားတာ... သူတွေ ငါတွေလား ဝေဒနာ လား။
ချဉ်ရသာလို့ မှတ်တာ... သူတွေ ငါတွေလား သညာလား။
ခံစားနိုင်အောင် မစေ့ဆော်ဘူးလား။
မှတ်နိုင်အောင် မစေ့ဆော်ဘူးလား။
စေ့ဆော်တာ... သူငါလား စေတနာလား။
ဝေဒနာ သညာ စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာ လေးပါးပေါ့။
လူနတ်ဗြဟ္မာလား နာမက္ခန္ဓာလေးပါး။
သေချာချာ လေ့လာနော်။
တနည်းအားဖြင့် သံပရာသီး လား နာမက္ခန္ဓာ လေးပါး။
လျှာအကြည်ကား ငါဟုတ်ကဲ့လား။
ချဉ်ရသာကား ငါ ဟုတ်ကဲ့လား။
ခန္ဓာ ဖွဲ့ကြည့်တော့ ရူပက္ခန္ဓာ မရလား။
နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်း....?
ကိုယ်ထင်တာက သံပရာသီး ပေါ့။
တွေ့တာက သံပရာသီး လား ခန္ဓာ ငါးပါးလား။
ချုံ့လိုက်ရင် နာမ်နှင့်ရုပ် ပေါ့။
ကဲ... တွေ့တဲ့တရားက သံပရာသီး လား နာမ်နှင့်ရုပ်။
အဲဒီ နာမ်ရုပ် တရားနှစ်ပါး အပေါ်မှာ ဌာနူပစာရ အားဖြင့် တင်စားပြီးတော့...
သံပရာသီး လို့ မခေါ်ကြဘူးလား။
သံပရာသီး လို့ မသမုတ်ကြဘူးလား။
အဲဒီ အခေါ်တွေကို ပယ်ရဲ့လားဟဲ့။
ဒါကြောင့် အခေါ်ရှိ သမုတ်ရှိပေါ့ကွဲ့။
နှုတ်ဖျားမှာနော်။
လျှာမှာ တွေ့တာက နာမ်နှင့်ရုပ် ပေါ့။
အဲလို စိစစ်ဖို့ မကောင်းလား။
သို့မို့... ဘာတွေ ပယ်တာလဲလို့
ပြန်မေးဖို့ မကောင်းလား။
သံပရာသီး လို့ မထင်လား။
ရှိတယ်လို့ မယူလား။
တွေ့တာက... သံပရာသီး လား ချဉ်တဲ့ ရသာ။
သိတာလေးက ... သံပရာသီး လို့ သိသလား၊ ချဉ်တယ်လို့ သိသလား။
သူက နာမ်တရား မရလား။
ချဉ်ရသာက ရုပ်တရား မရလား။
နာမ်ရုပ် နှစ်ပါးပေါ့။
သံပရာသီးတွေ့သေးရဲ့လား။
ဘာဖြစ်လို့ မတွေ့တာလဲ။
သံပရာသီး မရှိတာ... ဘယ်သူက တာဝန်ခံသလဲ။
နာမ်ရုပ်တရား နှစ်ပါးက သက်သေ ခံတယ်နော်။
ဒီလိုဆို ဒိဋ္ဌိ မပြုတ်လား။
သံပရာသီး လို့ ခေါ်တာတော့ ပယ်ရဲ့လား။
သမုတ်တာလည်း မှန်တယ်နော်။
တွေ့တဲ့တရားက လည်း နာမ်ရုပ် ပေါ့။
ထင်တဲ့ အထင်နဲ့ အယူအဆ ကို မပယ်လားဟေ့။
သေချာချာ လေ့လာဖို့ မကောင်းလား။
အဲဒီ ချဉ်ရသာကို တနည်းအားဖြင့် ပြန်ပြီးတော့ စိစစ်တဲ့အခါကျတော့...
ချဉ်ရသာ ပျောက်အောင် ဘယ်လိုများ အားထုတ်မလဲဟေ့?။ အင် ...။
အနိစ္စ မထည့်နဲ့ ... အနိစ္စ မထည့်နဲ့ ဘယ်လို ပျောက်အောင် အားထုတ်မလဲ။
ချဉ်ရသာကို ချဉ်တာလေး ပျောက်သွားအောင် ဘယ်လို အားထုတ်မလဲ ။
လက်တွေ့ လက်တွေ့နော်။
မိမိ ကလေးလေး ... အခါလည် ကလေးလေး ကို အဲဒီက အရည်ပေါပေါ ရင့်ရင့် သံပရာရည်ကို တိုက်လိုက်။ ပါးစပ်ဖြဲ ပြီးတော့...။
မျက်နှာတွေ ဘယ်လို နေမလဲ။
ကဲ... ချဉ်ရသာလား ဖောက်ပြန်တဲ့ သဘောလား။
ဖောက်ပြန်တာပါလားဟဲ့။
ဖောက်ပြန်တဲ့ သဘောကို ချဉ်ရသာလို့ သမုတ်ရတယ်နော်။ အဲလို စိစစ်ဖို့ မကောင်းလား။
တကယ် တွေ့တဲ့အခါ လေ့လာကြည့်တော့...
ဖောက်ပြန်တာ မထင်ရှားဘူးလား။
အဲဒီ ဖောက်ပြန်တာကို ....
ချဉ်တယ်လို့ သမုတ်ရတယ်။
ချိုတယ်လို့ သမုတ်ရတယ်။
စပ်တယ်လို့ သမုတ်ရတယ်ကွဲ့... ကြားလား။
သေချာချာ လေ့လာနော်။
အဲဒီ ချဉ်ရသာမှာ တချို့လည်း ...
နှစ်နှစ်ကာကာနဲ့ ကြိုက်လို့ သဘောကျတာတွေကား မရှိဘူးလား။
တချို့ကလည်း... သဘောမကျဘူးပေါ့။
ချဉ်လွန်းတယ်ကွဲ့လို့ ပြန် မထွေးပစ်ဘူးလား။
တချို့ကလည်း မျိုချလိုက်တာလေ။
မျိုချတယ်ဆို... သူ့အနေနဲ့ သဘောကျတာပေါ့။
သောမနဿတွေ မဖြစ်ဘူးလား။
သဘောကျတော့ သောမနဿသာ ဝေဒနာပေါ့။
သဘောမကျတော့ ထွေးပစ်တာ ... ဒေါမနဿ ဝေဒနာပေါ့။
ကဲ... အဲဒါ ဘယ်လို ပိုင်းခြားမလဲဟေ့။
ချဉ်ရသာ နဲ့ ဘယ်လို ပိုင်းခြား မလဲ...?။
သေချာချာ လေ့လာနော်။
ဒါတော့ ချဉ်ဆိုတဲ့ သဘောတရားလေးက ဥပေက္ခာ ဝေဒနာနဲ့ မသက်ဆိုင်ဘူးလား။
ဥပေက္ခာ ဝေဒနာ လျှာမှာ ပေါ်သည် လို့ အဖြေမပေးဘူးလား။
မျက်စိ နား နှာ လျှာလေ။
ဒါတော့... ဆိုးတာကား ပါရဲ့လား။
ကောင်းတာကား ပါရဲ့လား။ လျှာမှာနော်။
ကဲ သဘောကျတယ်ဆိုတာ ဘယ်ဆီမှာလဲ။ စိတ်မှာ ။
ဘယ်စိတ်လဲဟဲ့။
ကြံသိစိတ်... မနောဝိညာ ဏ်။
ဟုတ်ကဲ့လား။ ကြံသိစိတ်နော်။
အဲဒါကြောင့် သောမနဿသာ ဝေဒနာ ဘယ်မှာ ပေါ်သလဲ။
အလိုမကျတဲ့ ဒေါမနဿ ဝေဒနာ ဘယ်မှာ ပေါ်သလဲ။
ဥပေက္ခာ ဝေဒနာ ဘယ်မှာ ပေါ်သလဲ။
လျှာမှာ ပေါ်တယ်။ ကဲ အဲလို သိဖို့ မကောင်းဘူးလား။
အဲဒီနေရာ ရောက်အောင်.... ခန္ဓာ ဖွဲ့ရမှာ။ စဉ်းစားနော်။
အဲလိုဆိုတော့ သံပုရာသီး စွဲစရာ လိုသေးရဲ့လား။
အခု သဘောကျတယ်ဆိုတာ သူ့စိတ်မှာ ဖြစ်တာ။
မကောင်းဘူးကွဲ့လို့ ထွေးပစ်တာလည်း သူ့စိတ်မှာ ဖြစ်တာ။
ချဉ်တဲ့ရသာ သဘောသွားက ဆိုးကောင်း နှစ်ပါး လွတ်တာက....
လျှာမှာ ဖြစ်တာ။
ချဉ်တဲ့ သဘောလေးက ဘယ်သူ့ မျက်နှာများ လိုက်သလဲ။
ချဉ်တာပဲ ရှိတယ်နော်။ ဆိုးတာ ပါရဲ့လား။ကောင်းတာ ပါရဲ့လား။
ဆိုးကောင်း နှစ်ပါးက သူ့စိတ်ထဲက ပြုလုပ်တာကွဲ့။
ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ။
လင်မုဆိုး မယား သောတာပန် အသံ တိပ်တရားတော်
အသံဖိုင် mc.07မှ စာစီပူဇော်ပါသည်။
အရှင်တေဇနိယ
မုံလယ်ဇ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment