နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ ။
'' ဓမ္မရုံးတော် ဉာဏ်မဟော်'' ကျမ်းစာမှ စာစီပူဇော်ပါသည်။
'' ဓမ္မရုံးတော် ဉာဏ်မဟော်'' အပိုင်း-(၅ )
************************************
ဦးဖြူ ။ ။ကိုင်း---- ဦးမဲ အလှည့်တော့ ပြီးသွားပါပြီ။
ဦးတက်တိုး အလှည့်ရောက်ပြီဖြစ်၍ ....
ဦးတက်တိုး ခင်ဗျား ။
တရားဟောမည့်နေရာသို့ကြွ၍ တရားဟောပါရန်
တောင်းပန်ပါသည်ခင်ဗျား။
ဦးတက်တိုး ။ ။ကျွန်တော်က ...ဦးမဲတို့လို စိတ်ကူးယဉ် အပြောသမား မဟုတ်။
နိရောဓသစ္စာကို လက်တွေ့ပြမည့်လူ၊
ခင်ဗျားတို့ကို မေးချင်တယ်။
ကျွန်တော်ခိုင်းသလို လုပ်ကြမလား ။
ပရိတ်သတ် ။ ။လုပ်ပါမယ်ဆရာ။
ဦးတက်တိုး ။ ။လုပ်မယ်ဆိုရင်...
ယောက်ျား တွေ တင်ပလ္လင်ခွေ၊ မိန်းမတွေက မိန်းမထိုင် ထိုင်ပါ၊
ကိုယ်ကောင်ကို ဖြောင့်ဖြောင့်ထား။
လက်ဝါး နှစ်ဖက် ပက်လက်လှန် ပေါင်ပေါ်မှာထား။
ဝင်လေထွက်လေ ရှုးကနဲ မြည်အောင် တအားရှုကြ။
ပရိတ်သတ် ။ ။ရွှီ- ရှဲ၊ ရွှီ- ရှဲ ၊ ရွှီ-ရှဲ ၊ ရွှီ- ရှဲ၊ ရွှီ-ရှဲ။
ဦးတက်တိုး ။ ။ရွှီ ရှဲ၊ ရှီ ရှဲ ၊ ရွှီ ရှဲ ၊ရွှီ ရှဲ ၊
ရွှီ- ရှဲ ၊ ရွှီ-ရှဲ ၊ ရွှီ- ရှဲ၊ ရွှီ-ရှဲ။
ကိုအေးချို ။ ။ အိမ်ဆောက်ရတာ ပျဉ်ကလည်း မလောက်၊
ဒီရွာ ကိုရောက်ခါစဆိုတော့ ဘယ်နားမှာ လွှစင် ရှိမှန်းလဲ ငါမသိ ၊
ရွာရိုးလျှောက်ပြီး ပျဉ်ရှာထွက်ဦးမှလေ၊
အင်း-- ဒီအနား မှာတော့ ရွှီ- ရှဲ ၊ ရွှီ-ရှဲ နှင့် လွှ တိုက်သံကြားတယ် ၊
ပျဉ်ကိုလည်း မမြင် ။
ဝင်၍ မေးဦးမှ တော်ရော့မကိုး ။
ကိုအေးချို ။ ။ ဗျို့ အိမ်ရှင်များ၊ ဗျို့ အိမ်ရှင်များ ။
ဦးတက်တိုး။ ။ဟေ့ !ဘာလဲကွ ၊
လာရင် တိတ် တိတ်လာ ၊ ဘာကိစ္စလဲ။
ကိုအေးချို ။ ။ပျဉ်ကလေး နည်းနည်းပါးပါး လိုချင်လို့ပါခင်ဗျား ။
ဦးတက်တိုး ။ ။ နင့်အမေ ပျဉ်လား! ၊
ဒါ ပျဉ်ရောင်းတဲ့ နေရာ မဟုတ်ဘူး၊
ကမ္မဋ္ဌာန်း ထိုင်တဲ့ နေရာ ။
ကိုအေးချို ။ ။ အော်----မသိလို့ပါဗျာ ၊
ကျွန်တော်က လွှစင်လားလို့ပါ ။
ပရိတ်သတ် ။ ။
ရွှီ- ရှဲ ၊ ရွှီ-ရှဲ ၊ ရွှီ- ရှဲ၊ ရွှီ-ရှဲ။
ဦးမဲ ။ ။ အင်း-- လုပ်သမျှ ဒုက္ခလို့
ငါတို့ ဆရာတော်ပြောတာ တယ်မှန်နေပါလား၊
တစ်ချို့လည်း ...နှပ်ချေးတွေ ထွက်ကုန်ပြီ၊
တစ်ချို့လည်း... မူးပြီးလဲကုန်ပြီ ၊
တချို့လည်း ... မောရှာလွန်းလို့ တုန်ကုန်ပြီ ၊
အင်း -- ဒုက္ခ ဒုက္ခ --ဒုက္ခ။
ဦးတက်တိုး ။ ။ ဟေ့ မောင်မဲ၊ မင်း ဘာညည်းနေတာလဲ၊
မင်း လုပ်ချင်မှလုပ် မလုပ်ချင်နေ၊
အနားလာပြီး ညည်းမနေနဲ့ သွား။
ဦးမဲ ။ ။ဟေ့ --တက်တိုး ၊ သတ္တဝါတွေကို သနား လို့ ညည်းတာကွ။
ဦးတက်တိုး ။ ။ ဘာ...သနားတာလဲ၊
မြတ်စွာဘုရား ဒုက္ကရစရိယာ ကျင့်တာ ဒီထက် ပင်ပန်းသေးတယ်၊
ဒါဟာ ဘာပင်ပန်းသေးလဲ။
ဦးမဲ ။ ။ ဟေ!့ --့ တက်တိုး၊
မြတ်စွာဘုရား ဒုက္ကရစရိယ ကျင့်တာကို ငါသိတယ်၊
ဒါပေမယ့် မြတ်စွာ ဘုရားက ဒီအကျင့်ကို အတ္တကိလမထာနုရောဂ မှန်းသိပြီးတော့
ဒီအကျင့်ကိုပယ်ခွါ ခန္ဓာကို အားမွေး၍ အင်အားပြည့်တော့မှ
ဗောဓိပင် နဲ့ရွှေပလ္လင်မှာ စိတ်ကို စိတ်အတိုင်ထားကျင့်မှ
ဘုရားဖြစ်တာကွ။
ဦးတက်တိုး ။ ။ဘာဟုတ်ရမလဲ ၊
ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်မှ ဘုရားဖြစ်တာပဲ။
ဦးမဲ ။ ။ ဟေ့ တက်တိုး ! ။
မဲတယ်ဆိုတာ မှောင်တာ ၊ မှောင်တယ် ဆိုတာ မိုက်တာ ၊
သတ္တိ သိချင်သလား ။
ဦးတက်တိုး ။ ။ ဟေ့ ငမဲ ! ငါ့ နာမည် တက်တိုးတဲ့ ။
စနေနံ ၂ ထပ် မှည့်ထားတာ ၊ ဘာ မှတ်သလဲ ၊
ဘေးပို ပိတ်ကန်လိုက်ရမလား ! ။
ဦးမဲ ။ ။ ဟေ့... တက်တိုး ဘေးကို ပိတ်ထိုးမယ် ။
လဲ ရော့ လဟယ် ! ။
ဦးတက်တိုး ။ ။ ဟေ့ ငမဲ ဘေးကို ပိတ်ကန်လိုက်မယ်။
မှောက်ရက် လဲရော လဟယ် ! ။
ပရိတ်သတ် ။ ။ လုပ်ကြပါဦး လုပ်ကြပါဦး၊ ဆွဲကြပါ ဆွဲကြပါ၊
လဲကုန်ပြီ လဲကုန်ပြီ ။
ဦးဖြူ ။ ကဲ တော်ကြ တော်ကြ ၊
မောင်မဲကလည်း ကွယ် ၊
မင်းမကျေနပ်လျှင် ...ပညာရှိထံမှာ စောဒက ဝင်လိုက် ရင်ပြီးတာပဲ၊
ကဲ လာကြ ၊
ပညာရှိ ထံ မှာ အဆုံး အဖြတ် ခံမယ်။
တရားသူကြီး ။ ။ဘာတုံးဟ ၊ နင်တို့ သုံးယောက်လာကြတာ။
ဦးဖြူ ။ ။မောင်မဲ နဲ့ မောင်တက်တိုးတို့...
တရားငြင်းရာက ရန်ဖြစ်ကြလို့ ဖျန်ဖြေပြီး
အဆုံး အဖြတ်ခံဖို့ လာပါတယ် ဘုရား။
တရားသူကြီး ။ ။ငမဲက ဘာတွေများ ပြောလိုက်လို့တုံး။
ဦးမဲ ။ ။ ကမ္မဋ္ဌာန်းပေးတာက နှပ်ချေးတွေ ထွက်အောင်
သေးတွေပါအောင် မူးအောင် တုန်ကုန်အောင်
ထွက်လေ ဝင်လေကို ပြင်းပြင်း အရှုခိုင်းတာနဲ့
သြော် -- ''လုပ်သမျှ ဒုက္ခ သစ္စာလို့''
ငါတို့ ဆရာတော်က ပြောတာ မှန်လိုက်တာ လို့
ညည်း မိသည့်အတွက် ရန်ဖြစ်ကြတာပါ ဘုရား။
တရားသူကြီး ။ ။ငမဲရယ် -- နင်ပြောလာရင် ...
တစ်ခြမ်းမှန် တစ်ခြမ်း မှားတွေ ချည်းပဲ၊
သစ္စာ လေးပါးကို မသိသေးဘဲ ...
ဝဋ်ဆင်းရဲ၌ လောကီ စည်းစိမ်တွေကို တမ်းတ၍ ပြုလုပ်ကြတဲ့ ကုသိုလ် အကုသိုလ် အတွက်တော့...
နင့်စကားက မှန်တယ်။
သစ္စာ လေးပါးကို သိပြီးလျှင် ...
ဒါနပဲလုပ်လုပ် ၊ သီလပဲစောင့်စောင့် ၊ ဘာဝနာပဲ ပွားပွား နိဗ္ဗာန် ဖို့သာဖြစ်၍ ....
နင့်စကား မှားတယ်။
သစ္စာ လေးပါးကို သိအောင် ပွားများဆင်ခြင်တာလည်း နိဗ္ဗာန် ဖို့ ပါပဲ။ ဒါ့ကြောင့် ငါ စကားပြင်လိုက်မယ် ။
''သစ္စာ မသိ သမျှ ဒုက္ခ သစ္စာ ၊ သစ္စာ သိက ဒုက္ခ ပြုတ်မှာ '' လို့ပြော။ ကဲ ကဲ တက်တိုး ပြောစမ်း ၊ နင့်တရားက ဘယ့်နှယ့်လဲ ။
ဦးတက်တိုး။ ။ တပည့်တော်က ...
ဒုက္ခ သစ္စာ နှင့် နိရောဓ သစ္စာ ကို လက်တွေ့ ပြမယ်လို့
ထွက်လေ ဝင်လေကို ပြင်းပြင်းထန်ထန် အရှု အရှိုက်ခိုင်းနေပါတယ် ဘုရား ၊
ဒါ ကို မောင်မဲ က သဘောမကျဘူး ။
ဒုက္ခ-- ဒုက္ခ လို့ ညည်းရာက စကားများကြတာပဲ ဘုရား ။
တရားသူကြီး ။ ။ထွက်လေ ဝင်လေကို ပြင်းပြင်း ရှု ရှိုက်တာနဲ့
ဒုက္ခ နိရောဓ ကို ဘယ့်နှယ့် တွေ့မှာလဲ။
ဦးတက်တိုး ။ ။ထွက်လေ ဝင်လေကို ပြင်းပြင်း ရှုရှိုက်လိုက်ရင် ...
ဒုက္ခ ဝေဒနာတွေ အမျိုးမျိုး ဖြစ်လာပါတယ်။
အောင့်သူ က...အောင့်၊တုန်သူက...တုန်၊ ဇက် ဇက် ဇက်နှင့် ကိုက်သူက ...ကိုက် ၊
အဲဒီလို ဒုက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတော့ ...
ဒုက္ခသစ္စာဆိုတာ ဟုတ်ပါကလား လို့ ယုံကြည်ပြီး တွေ့ကြပါတယ် ဘုရား။
အဲဒီအခါ ... ဆရာက ၄င်းတွေ့ရှိတဲ့ ဒုက္ခသစ္စာကို နာနာ မှတ်ပြီး
အရှုအရှိုက်ကို လျှော့လိုက်ရင်...
ဒုက္ခတွေ တပြုတ်ပြုတ်နဲ့ချုပ်သွားပါတယ်။
ချုပ်သွားတော့ ....
သက်သာရာ နိရောဓသစ္စာဖြစ်တဲ့ သန္တိသုခ ကို တွေ့ကြရပါတယ် ဘုရား၊
ဒီနည်းတစ်ခုသာ ... ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာကို လက်တွေ့ဖြစ်နိုင်သောကြောင့်
သတိပဋ္ဌာန် အကျင့်ကို ဘုရားက ''ဧကာယနော မဂ္ဂေါ'' လို့
ဟောတော်မူတာပါဘုရား။
တရားသူကြီး ။ ။သတိ ပဋ္ဌာန် အကျင့်ကို ဘာမှ ဝေဖန်နေစရာ မလိုဘူးကွဲ့၊
လုပ်ပုံ လုပ်ဟန်က သတိပဋ္ဌာန်နည်း မကျလို့ သာ ပြောရတာ ၊
နင့်ဟာက ဒုက္ခ သစ္စာနဲ့ နိရောဓသစ္စာ ကိုတွေ့တာ မဟုတ်ဘဲ
ဒုက္ခဝေဒနာ နဲ့ သုခဝေဒနာ ကို တွေ့တာပါကလား တက်တိုးရဲ့၊
ဒုက္ခသစ္စာ ဆိုတာ ဒုက္ခဝေဒနာ၊ သုခဝေဒနာ ၊ဥပေက္ခာဝေဒနာ နဲ့တစ်ကွ တေဘုမ္မက သင်္ခါရတရားအားလုံး ကိုခေါ်တယ်။
ဘာကြောင့်လဲ ဆိုတော့ ...
ဒီတရားအားလုံးဟာ ဖြစ်မှု ပျက်မှု ရှိတာတွေချည်းပဲ၊
ဖြစ်မှု ပျက်မှု ရှိရင် အနိစ္စရှိတော့တာပေါ့၊
အနိစ္စရှိရင်... ဒုက္ခ နဲ့ အနတ္တလည်း ရှိတော့တာပဲ။
ဒုက္ခသစ္စာမှာ သဘောလေးခုရှိတယ်။
ပီဠနသဘော ၊ သန္တာပသဘော၊ ဝိပရိဏာမ သဘော၊သင်္ခတသဘောတဲ့။
အဲဒီ လေးခုကိုမြင်မှ... ဒုက္ခသစ္စာကိုမြင်တယ် ။
အဲဒီသဘော လေးခု ဟာလည်း ဘယ်ဝေဒနာ မဆိုမှာ ရှိတာပဲ။
လက္ခဏာယာဉ် သုံးပါး ရှိ လျှင်... ဒီသဘော လေးခု ရှိတော့တာပေါ့ ။ အနတ္တ လက္ခဏာဟာ သင်္ခတ သဘော ၊
ဒုက္ခ လက္ခဏာဟာ ပီဠန + သန္တာပ သဘော ၊
အနိစ္စလက္ခဏာ ဟာ ဝိပရိဏာမ သဘောပဲ။
ဦးတက်တိုး ။ ။ တပည့်တော်တို့ နောက်ထပ် တရားအပြ မမှားရအောင် ဒီသဘောလေးခု စိစစ်၍ ပြစေလိုပါတယ် ဘုရား။
တရားသူကြီး ။ ။သုခဝေဒနာ ဆိုတာ ဣဋ္ဌာရုံ ကိုစောင့်မျှော်ပြီး
အမြဲရှိနေတဲ့တရား မဟုတ်ဘူး။
ကောင်းသော အာရုံ နဲ့ ဆိုင်ရာ ဒွါရ နဲ့ ပေါင်းဆုံပြုပြင်တဲ့အခါ မှ
လျှပ်စီး ပမာ ... လတ်တလော ပေါ်လာတာကွဲ့ တက်တိုးရဲ့။
မပြုခင်တုန်းက မရှိသေး။
ပြုပြင်ပေးမှ ပေါ်လာသည့်အတွက် သင်္ခတသဘော၊
အာရုံက မပြုပြင်လျှင် ဖြစ်ချင်သော်လည်း မဖြစ် ၊
သတ္တဝါ၏ အလိုကို မလိုက်သောကြောင့် အနတ္တ။
ပြုပြင်၍ဖြစ်လာသည်ဆိုရင် ...
ဇရာက ရင့်အောင်နှိပ်စက်တယ် ၊
မရဏက သေအောင် ပျက်အောင် နှိပ်စက်တယ်၊
အဲဒါ ပီဠနသဘော အနှိပ်စက် ခံရသောကြောင့် ....
ဒုက္ခ။
ဇရာ မရဏက နှိပ်စက်သည့် အတွက်သေမှာကို ပူရတယ်၊
ဥပမာ ပစ္စည်းဥစ္စာဟာ ရန်သူမျိုး ငါးပါး နှင့် ဆက်စပ် သည့်အတွက်
လူက အ၍ မပူသော်လည်း ...
ဇရာ မရဏမီးက လောင်နေသဖြင့် ပူအပ်တဲ့သဘောရှိတယ်။
အဲဒါက သန္တာပ သဘော၊ပူအပ်သောကြောင့် ဒုက္ခ။
ဇရာမီး မရဏမီးက လောင်နေသဖြင့် ပူအပ်တဲ့ သဘောရှိတယ် ။
အဲဒါက သန္တာပသဘော ။ပူအပ်သောကြောင့် ဒုက္ခ။
ဇရာမီး ၊မရဏမီးက လောင်သောကြောင့် ....ဘယ်လိုပင် ပူသော်လည်းမရ။ ပျက်စီး ကုန်ခန်းခြင်းသို့ ရောက်သွားတာပဲ။
အဲဒါ ဝိပရိဏာမ သဘော၊ဖြစ်ပြီးရင်ပျက်တတ် သောကြောင့် အနိစ္စဟဲ့- တက်တိုးရဲ့။
ဦးတက်တိုး ။ ။မှန်လှပါ ဘုရား ။
တရားသူကြီး ။ ။ဒုက္ခဝေဒနာကို လူတိုင်းသိနိုင်ကြသော်လည်း
ဒုက္ခ သစ္စာ အနက် သဘောလေးခုကို လူတိုင်း မြင်နိုင်ပါ့မလား။
ဦးတက်တိုး ။ ။မမြင်နိုင်ပါ နက်နဲလှပါတယ် ဘုရား။
တရားသူကြီး ။ ။အဲဒီလို နက်နဲတဲ့ အတွက် ...
ဒုက္ခသစ္စာကို ပိုင်းခြား ၍ မသိနိုင်ကြ။
မသိနိုင်ကြလို့ သမုဒယ သစ္စာက မကွာ၊
သမုဒယ မကွာလို့ နိရောဓသစ္စာကို မျက်မှောက်မပြုနိုင်တာပေါ့ကွဲ့ တက်တိုးရဲ့။
ဦးတက်တိုး။ ။ မှန်လှပါ ဘုရား။
တရားသူကြီး ။ ။ ဒုက္ခသစ္စာ နဲ့ ဒုက္ခဝေဒနာ သည်ခြားနားသလို
သန္တိသုခ နဲ့ သုခဝေဒနာဟာလည်း ခြားနားတယ်၊
ခြားနားပုံကို ငါဆရာပြောပြမယ်။
ဦးတက်တိုး။ ။မှန်လှပါ၊ အမိန့်ရှိပါဦးဘုရား။
တရားသူကြီး ။ ။ပုထုဇဉ် မြန်မာတွေဟာ
ရုပ် နာမ် ခန္ဓာ တို့၏ ကုန်ပုံ ခန်းပုံကို မမြင်ကြဘဲ၊
သဿတ ဒိဋ္ဌိရှိကြသည့် အတွက် ...
အသက်လိပ်ပြာ ဝိညာဉ်လေးသည် သေသည့်အခါ ဘဝဟောင်းကိုစွန့်ပြီး ဘဝသစ်သို့ ထွက်သွားကြတယ်လို့ မယူကြဘူးလား။
ဦးတက်တိုး ။ ။ယူကြပါတယ် ဘုရား။
တရားသူကြီး ။ ။အဲဒီလိုယူကြသည့်အတွက် ...
ဘဝတစ်ပါးသို့ သွားရာ လမ်းခရီးမှာ သုံးစွဲဖို့လို့ ရည်ရွယ်ပြီး
ကူးတို့ခ ထည့်ကြတယ်။
အဲဒီအယူဝါဒဟာ ....
သဿတ ဒိဋ္ဌိ သမုဒယသစ္စာဖြစ်တယ်။
အဲဒီ သမုဒယသစ္စာ ရှိနေသည့်အတွက် မထည့်လိုက်ရလျှင်
ကူးတို့ခလေးမှ ပါမသွားရှာဘူးဆိုတဲ့ သောကဖြစ်မလာပါလား။
ဦးတက်တိုး ။ ။ဖြစ်လာပါတယ်ဘုရား။
တရားသူကြီး ။ ။အဲဒါ ဒုက္ခ သစ္စာဖြစ်တော့တာ၊
နောက်တော့ .... သပ္ပုရိသ နဲ့တွေ့တာနဲ့ ...
ရုပ် နာမ် အပြင် အသက်လိပ်ပြာ မရှိ၊
ရုပ်နာမ်လည်း အသက်လိပ်ပြာ မဟုတ် ၊
တကယ်ရှိတာက ရုပ် နာမ် ။
၎င်း ရုပ် နာမ်လည်း အကြောင်းမထောက်ပံ့ ခင် မရှိသေး ၊
ထောက်ပံ့ဆဲ ခဏမှာ လတ်တလော ပေါ်လာပြီးတော့ ...
ထိုနေရာတွင်ပင် ချုပ်ပျောက်ကုန်ခမ်းသွားတယ်။
နေရာရွှေ့တဲ့သဘောမျိုးမဟုတ်ဘူး
ဆိုတာကို သိလာတော့ ....
ဟာ--- ငါတို့ထင်နေတဲ့ အသက်လိပ်ပြာစွဲသည် မှားယွင်းနေပါလားလို့ အမှန်ကို မြင်လာတယ် ။
အဲဒီလို အမှန်ကို မြင်လာတော့ အမှားစွဲ ချုပ်သွားတာပဲ။
အမှားစွဲ ချုပ်တော့ အမှားစွဲကြောင့် ဖြစ်သော သောကလည်း အမြဲချုပ်နေတာပေါ့။
ဘယ်လိုပင် ဒီ အမှားစွဲ နဲ့ သောကဖြစ်အောင် ပြုကြ ပြင်ကြ လုပ်ဆောင်ကြသော်လည်း ဘယ်တော့ မှ ပြန်မပေါ်လာတော့ဘူး။
ပြန်မပေါ်လာတဲ့ အမြဲအေးတဲ့ သန္တိ သုခ ရနေတာပေါ့ တက်တိုးရဲ့။
ဦးတက်တိုး ။ ။ မှန်လှပါ ဘုရား။
တရားသူကြီး ။ ။ သုခဝေဒနာက ဒီလို မဟုတ်ဘူး ။
ဣဋ္ဌါရုံနဲ့ တွေ့လိုက်ဖြစ်လိုက်
အခြား အာရုံ ဝင်လာလိုက် ပျောက်လိုက်နဲ့
ဖြစ်ချီ ပျက်ချီ ဖြစ်နေတယ် ။
အဲဒီလို သုခ ဝေဒနာ နဲ့ သန္တိသုခ ခြားနားကြတယ် တက်တိုးရဲ့။
ဦးတက်တိုး ။ ။မှန်လှပါဘုရား။
တရားသူကြီး ။ ။ပြီးတော့ ထွက်လေ ဝင်လေ ကို ရှူကြ ရှိုက်ကြတဲ့ နေရာ မှာလည်း ...
ဒီလောက်ပြင်းပြင်းထန်ထန် ရှုရှိုက်စရာ မလိုပါဘူး ။
ပင်ကိုယ် ရှူမြဲတိုင်း ရှူပြီးတော့ ....
သတိကိုသာ ထွက်လေ ဝင်လေ နှင့် ကပ်ထားဖို့ လိုပါတယ် ။
ပင်ကိုယ် ရှူမြဲတိုင်း လေမှာ သတိမြဲလာရင် ....
ဒီထွက်လေ ဝင်လေကို နုအောင် ရှုပေးရမယ်။
ဒါမှ သတိ ကြီးမား သည် ထက်ကြီးမားလာတယ် ။
မင်းတို့ဟာက ပထမ ပြင်းပြင်းရှူလိုက်တော့... မောလာရော၊
ဒီတော့ ဒုက္ခဝေဒနာ ဖြစ်တာပေါ့။
လျှော့လိုက်တော့ သုခဝေဒနာ ဖြစ်တာပဲရှိတယ်။
သတိ လည်း ကြီးမလာပါဘူး ။
သန္တိသုခလည်း မဟုတ်ပါဘူး တက်တိုးရဲ့။
No comments:
Post a Comment