Thursday, August 18, 2016

ပေါ့တာ ငန်တာ... ဘယ်လို ဖျောက်မလဲဟေ့။


################

စိတ်က အလွန် ဆန်းပြားတာကွဲ့ ကြားလား။
စိတ်ဆန်းပြားတာ ဉာဏ်ဆန်းပြားမှ ပြေတာ။
စိတ်ကို နိုင်မှ ချမ်းသာရတယ်လို့ မဟောဘူးလား။
ကဲ သေချာချာ စဉ်းစားနော်။

ဘုန်းကြီးတို့ လက်တွေ့ မျက်တွေ့။
အဲဒီ... ဘုန်းကြီး လူသားဘဝတုန်းက ချင်းတောင် လမ်းဖောက်တာ၊ ဘုန်းကြီး ကန်ထရိုက် အလုပ်ပါတယ်။
အဲဒီ... ဘုန်းကြီးရဲ့ သူငယ်ချင်းက ဦးကံမြင့်တဲ့။

သူ့သားက ဟော အလုပ်က အခု နည်းနည်း ပြုတ်သွားပြီ။ ဒုတိုင်းမှုး ဦးဆန်းမောင်ခင် တဲ့။
အဲဒီမှာ ဘုန်းကြီး တို့ စာရင်းတွေ ဘာတွေ ရှင်းပြီးတော့ နေတဲ့အခါ တရားသမားကြီးက ပေါ်လာတော့တာ။ တရားသမားကြီး။

အဲဒီတရားသမားကြီး ရောက်လာတဲ့အခါကျတော့ ထမင်းဟင်းတွေ အဆင်သင့် ပြင်ပြီးတော့ ကျွေးတာပေါ့။ ကျွေးတဲ့အခါကျတော့ စားတော့တာ။
သရက်သီး ကုလားတည် ပါတယ်။ ပဲဟင်း ပါတယ် ကြားလား။ တစ်မယ်ကတော့ ခရမ်းသီး ထင်ပါရဲ့။

အဲဒါ စားလို့ ပြီးတဲ့အခါ အိမ့်ရှင်များ စားကြတာပေါ့။
ပဲဟင်းက ချက်ကတည်းက ဆားထည့်တာ မဟုတ်ပဲကိုး။ ဆီချက် သတ်ကာမှ ထည့်ရတာ။
ဆားက မခတ်မိဘူး အိမ့်ရှင်က။
ဟိုက ဒီတိုင်းစားတာ။

အိမ်ရှင့် စားကာမှ .... ဘယ်နှယ့်လဲ အဘိုးရဲ့ အဘရဲ့
နင်တို့ဟာ ဆားမပါဘူး ဆားပေး လို့ ဘယ်နှယ့်ကြောင့် မတောင်းရသလဲတဲ့ မေ့သွားတဲ့ အကြောင်းကို ပြောပြတာပေါ့။

ငါက ဧည့်သည် ဟုတ်တယ်တဲ့၊ ကြားလား။
ဧည့်သည်ဆိုတာ အိမ်ရှင် ကျွေးသလို စားရတာတဲ့။
နင့်ဟာ ဆားမပါဘူးလို့ ပြောရင် ငါ ဧည့်ကျယ်တဲ့။
အဖိုးတန်လိုက်တဲ့ စကားကွာ။ ကြားလား။
ကဲ မှတ်လောက် သားလောက်နော်။

နင်တို့ဟာ ဆားမပါဘူးကွဲ့ ဆားပေးဦး ဆို ဒါ ဧည့် ကျယ်တော့တာတဲ့။ ဧည့်ကျယ်တဲ့။ ဧည့်သည် မဟုတ်ဘူးတဲ့။
ဧည့်သည်ဆိုတာ အိမ့်ရှင် ကျွေးသလို စားရတာတဲ့။
ကဲ ဘယ်လောက်များ အဖိုးတန်သလဲနော်။
ရာဂ ဒေါသ မောဟ ဖြစ်သေးရဲ့လား။မဖြစ်ဘူး။

အဲဒါ သူတို့ တရားသမားချင်း လေးငါးယောက် စားတဲ့အခါ ကြားဖူးတယ်။ ကြားလား။
အဲဒီ အဖွားကြီးဟာက တော်တော် အသက်ကြီးပြီ။
သူ့ချွေးမက ဒေါ်သာငွေတဲ့။ ဟင်းက ဆားပေါ့တော့...
ဟေ့ သာငွေ ဆားယူခဲ့စမ်း ဆား။တဲ့
တရားသမားကြီး က ဟော လင်တစ်ယောက် ရပြန်ပြီ။
ကြားလား။ လင်တယောက် ရပြန်ပြီတဲ့။

ဆားလိုတာ တဏှာ မဟုတ်လားဟဲ့။
လင်တယောက် ရပြန်ပြီတဲ့ ကွဲ့။
ကြားလား။ စဉ်းစား။ တရားရဲ့ အကွက်တွေ။ အကွက်တွေနော်။

ကဲ အဲဒီနေရာမှာ စိတ်ကို နိုင်လို့လား မနိုင်လို့လား။
စိတ်က ဆားတောင်းနေတာ။
လောဘတဏှာ။ ဆိုတာ လောဘစိတ်လို့ မဟောဘူးလား။ ကဲအဲဒီစိတ်ကလေးက ပေါ့နေတယ် သွား ဆားယူချေ စမ်း ဆားယူချေ ခိုင်းတာ။

စားသာ စားစမ်းပါကွာ ဒီတိုင်း။
တနပ်တလေတော့ ဒီတိုင်း မျိုသာ မျိုချလိုက်။
ဒီလို စစ်သွားရမှာ ။ ကြားလား။

မင်း ဒီမှာ ပဲဟင်းက ၅၀ ဖိုးလောက်ကွဲ့။ တန်ဖိုးက။ ဆားက ဘယ်လောက်မှ တန်ဖိုး မရှိဘူး သွား ယူသာ ယူချေ ။ စိတ်က ဒီလို မခိုင်းဘူးလား။
မျိုသာ မျိုလိုက်ကွဲ့။ ဒီလို လုပ်ပေါ့။
ဟော... လောဘနဲ့ အလောဘ စစ်ထိုးတာလေ။
အဲသလို နိုင်အောင် လုပ်ရမှာနော်။

ဟော လည်ချောင်းအောက်ကို ရောက်ကာ မင်း ပေါ့တာ ငန်တာ မပါဘူးပေါ့။
လျှာဖျားတင် စကားများနေတာ။
အဲဒါ သညာကွဲ့။

မင့် ဆားပေါ့တယ် ဆိုတာ သညာ ။ ဆားငန်တယ်ဆိုတာ သညာ။ ကဲ သညာနော်။
ငန်တယ်ဆိုတာ အဲဒီသညာကိုသာ ဖယ်ထား။
ငန်တာ ကား ရှိပါမလား။
ပေါ့တာကား ရှိပါ့မလား။ သညာကွဲ့။
ခန္ဓာ ငါးပါးထဲ... သညာက္ခန္ဓာ ။
သေချာချာလေ့လာနော်။

သို့သော် သူ့အကောင်အထည် ဖော်ဖို့ မလိုဘူးလား၊ ငန်တာတော့ ဘယ်လိုမှ မပျောက်နိုင်ဘူး ခင်ဗျ။
မပြောရဘူးလား။
ပေါ့တာလည်း မပျောက်နိုင်ဘူးလို့ မပြောရပေဘူးလား။
အဲဒါ ပျောက်အောင် ဖျောက်ရမှာ။ သေချာ...။
ဘယ်လို ဖျောက်မလဲဟေ့။

ငန်တာလည်း သညာ ။ ပေါ့တာလည်း သညာ။
အဲဒီထဲမှာ စိစစ်တော့...
ငန်တာလား ဖောက်ပြန်တာ...။
ပေါ့တာလား ဖောက်ပြန်တာ...။
ဖောက်ပြန်တာက လွဲလို့ ဘာမှ မရှိ။
သညာက ငန်တယ်လို့ မှတ်တာ။
ပေါ့တယ်လို့ မှတ်တာ။

ကဲတရားကိုယ်ကြည့်တော့ကာ သညာပဲ မတွေ့ဘူးလား။
သညာကလည်း မှတ်ပြီး မပျက်လား။
အနှစ်သာရ ရှိရဲ့လား။
စွဲစမ်းဟဲ့.... သညာ။
စွဲလို့ ရရဲ့လား ။

အနိစ္စလက္ခဏာ ဒုက္ခ သစ္စာ။
ဟော... သစ္စာ သိပြီနော်။ ကဲ သညာက္ခန္ဓာ ဘယ်မှာ ဆုံးသလဲ။ အနိစ္စမှာ လမ်းဆုံးတယ်။
စေတနာက စေ့ဆော်ပြုပြင်တာကလည်း အနိစ္စမှာ လမ်းဆုံးတယ်။

ဆိုးတယ်လို့ ခံစားတာကလည်း အနိစ္စ မှာ လမ်းဆုံးတယ်။ ကောင်းတယ်လို့ ခံစားတာကလည်း အနိစ္စမှာ လမ်းဆုံးတယ်။
သိတာကလည်း မကောင်းတာပဲသိသိ ကောင်းတာပဲ သိသိ.... သဗ္ဗေ သင်္ခါရာ.. ....?
ဟာ ဘာမှ အသုံးမကျဘူးဟေ့။

ဒီ ခန္ဓာ အသုံးကျသလား မကျသလား။
အဲဒီ အဓိပ္ပါယ် ဘာမှ အသုံးမကျတဲ့ ခန္ဓာ လို့ တကယ်သိကာ နောင်တဖန် ဒီ ခန္ဓာ မျိုး ရချင်သေးရဲ့လား။

ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ၊
ဘဒ္ဒန္တသံဝရ ။

Mc.01တိပ်တရားတော်မှ ထုတ်နှုတ် စာစီပူဇော်ပါသည်။
အရှင်တေဇနိယ မုံလယ်ဇ။

No comments:

Post a Comment