နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ ။
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' ကျမ်းစာမှ စာစီ ပူဇော်ပါသည်။
**************************************
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' အပိုင်း ( ၁၂ )
ဦးဖြူ ။ ။ သစ္စာလေးပါးနှင့်ကိုက်ပြီး ပြစေလိုပါတယ် ဘုရား။
ဦးပညာ ။ ။ ခန္ဓာငါးပါးသည် မခိုင်မြဲပါကလား၊
ဘာမှ အနှစ်သာရ မရှိပါကလား၊
အမြဲတမ်း ဇရာမီး မရဏမီး အလောင်ခံနေရသော ဒုက္ခအစုပါကလားလို့
ပုံမှန်အတိုင်း မြင်တာသည် ....ဒုက္ခသစ္စာကို ပိုင်းခြား၍ သိသည်မည်တယ်၊
အဲဒီလို ပုံမှန်အတိုင်း မြင်သည့်အတွက် ...
သက္ကာယဒိဋ္ဌိ ချုပ်သွားတာသည် ...သမုဒယသစ္စာ ကွာသည်မည်တယ်၊
အမှားပျောက်၍ အမှန်ရောက်ကာ ဘယ်တော့မှ ပြန်ပြီး မမှောင်ဘဲ
အမြဲလင်းနေမှုသည် နိရောဓသစ္စာကို မျက်မှောက်ပြုသည် မည်တယ်၊
အမှန်ကို မြင်တဲ့ဉာဏ်သည် မဂ္ဂသစ္စာကို ပွားတာပဲ၊
အမြင်ရှင်းတော့ ပျော်သလိုလို ချမ်းသာသလိုလို ဖြစ်တာကတော့ ...
ဖိုလ်ဇောတွေ ဆက်ကာဆက်ကာ ဖြစ်တာပဲ၊
သစ္စာလေးပါး၏ ကိစ္စကြီးတွေ တစ်ခါတည်း ပြီးစီးသွားတော့တာပဲ၊
အဲဒီလို သစ္စာလေးပါးကို သိလိုက်တော့ ... သစ္စာလေးပါးကို အမြဲတမ်း ဖုံးကွယ်တဲ့ အဝိဇ္ဇာသေတယ်၊
အဝိဇ္ဇာသေတော့ .... တစ်သံသရာလုံးက တင်ရှိခဲ့တဲ့ အကုသိုလ် သင်္ခါရကြွေးတွေ ကျေကုန်တာပေါ့၊
အကုသိုလ် သင်္ခါရကြွေးကျေတော့ ... အပါယ် ပဋိသန္ဓေ ဝိညာဏ် မဖြစ်တော့ဘူး၊
အပါယ် ပဋိသန္ဓေ မဖြစ်ရင် ... အပါယ် နာမ်ရုပ် မဖြစ်၊
အပါယ် နာမ်ရုပ် မဖြစ်လျှင် အပါယ် သဠာယတန မဖြစ်၊
၎င်းမဖြစ်လျှင် အပါယ် ဖဿ မ ဖြစ်၊
ဖဿ မဖြစ်လျှင် ဝေဒနာမဖြစ်၊
ဝေဒနာမဖြစ်လျှင် တဏှာမဖြစ်၊
တဏှာမဖြစ်လျှင် ဥပါဒါန်မဖြစ်၊
ဥပါဒါန်မဖြစ်လျှင် ဘဝမဖြစ်၊
ဘဝမဖြစ်လျှင် ဇာတိမဖြစ်၊
ဇာတိမဖြစ်လျှင် ဇရာ မရဏ မဖြစ်ဘဲ ....
အပါယ်လေးပါး သံသရာ စက်ရဟတ်ကြီး ပျက်စီးသွားတာပေါ့၊
အဲဒီလို အပါယ် ဒုက္ခမှ အမြဲတမ်း စိတ်ချရတာကိုပင် ....
ပထမနိဗ္ဗာန်ကို ရသည်မည်ပါတယ်၊ သဘောပေါက်ကြရဲ့လား။
ဦးဖြူ ။ ။ ပေါက်ပါပြီ ဘုရား။
ဦးပညာ။ ။ အဲဒီလို ခန္ဓာငါးပါးကို မြတ်စွာဘုရား ဟောတဲ့အတိုင်း မြင်တော့...
မြတ်စွာဘုရားအပေါ်မှာ မတုန်မလှုပ် ယုံကြည်တဲ့ သဒ္ဓါတရားဖြစ်တာပေါ့၊
တရားတော်၏ အပေါ်မှာလည်း မတုန်လှုပ်သော ယုံကြည်မှုဖြစ်တာပေါ့၊
ဒီတရားအတိုင်း ကျင့်တဲ့ သံဃာအပေါ်မှာလည်း မတုန်လှုပ်သော ယုံကြည်မှု ဖြစ်တာပေါ့၊
ပုထုဇဉ် သူတော်ကောင်းတောင် ငါးပါးသီလ လုံခြုံရင် ...
ဒီလိုအမြင်မှန်ရတဲ့ အရိယာ သူတော်ကောင်း ဘာပြောစရာ ရှိတော့မလဲ၊ ပိုပြီး မြဲတော့တာပေါ့၊
ကိုင်း... သောတာပန် အင်္ဂါလေးပါးနှင့် မပြည့်စုံသေးဘူးလား ငဖြူရဲ့။
ဦးဖြူ ။ ။ ပြည့်စုံပါပြီဘုရား။
No comments:
Post a Comment