ကျေးဇူးတော်ရှင် နမ္မား ဆရာတော်ဘုရားကြီး၏ ဒေသနာ ပန်းခိုင်မှ
စာစီ ပူဇော်ပါသည်။
မင်္ဂလာ တရားတော်-၁/ အပိုင်း-၃
**************************
* လောကကြီးမှာ တရားဟာ ...
အကျ ဉ်းအားဖြင့် နှစ်ပါးပဲရှိတယ်။
နှစ်ပါးဟာ ဘယ်ဟာလဲ ဆိုတော့ သင်္ခတတရား အသင်္ခတတရားတဲ့ ။
သင်္ခတ တရားဆိုတာ... ပြုအပ်ပြင်အပ်သောတရား (ဝါ)
ပြု သလို ပြင်သလို ဖြစ်မည့်သဘော။
ဥပမာ ပေးရယင်... မြေပဲစေ့ထဲမှာ မြေပဲပင်ပေါက်မယ့် သဘောဟာရှိတယ်။ ရေမြေ နှင့် သာထိပါစေ၊ မြေပဲပင်ပေါက်တာပဲ၊ မီးနှင့်လှော်ယင် ရေနွေးနှင့်ပြုတ်ယင် မပေါက်တော့ဘူး။
အဲဒီမြေပဲစေ့ထဲမှာ ကိန်းပြီးရှိနေတဲ့ မြေပဲပင်ပေါက်မယ့် သဘောလေးဟာ သင်္ခတတရားပဲ။ ရေမြေနှင့်ထိ၍ မြေပဲပင်ပေါက်လာယင် သင်္ခါရတရားဖြစ်ပြီး သဗ္ဗေ သင်္ခါရာ အနိစ္စာဆိုတဲ့ စာရင်းထဲ ဝင်သွားပြီ။
အဲဒီ သင်္ခတတရား ဆိုတာ ပြု သလို ပြင်သလို ဖြစ်တာ၊
ကောင်းအောင်ပြု ပြင်ယင် ကောင်းတာဖြစ်မှာပဲ ။ မကောင်းအောင် ပြု ပြင်ယင် မကောင်းတာ ဖြစ်မှာပဲ။ ကောင်းအောင်ဆိုးအောင် ပြု ပြင်တဲ့ အကြောင်းတရားတွေ ကလဲ အမျိုးမျိုးရှိတယ်။
သမုဋ္ဌာန်ကြောင်းကျိုး ၊ သစ္စာကြောင်းကျိုး ၊ ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုး ၊ ပဌာန်းကြောင်းကျိုးတဲ့။
သမုဋ္ဌာန်ကြောင်းကျိုး ဆိုတာက ...
ကံကြောင့် ကမ္မဇရုပ်တွေဖြစ်တယ်၊
စိတ်ကြောင့် စိတ္တဇရုပ်တွေ ဖြစ်တယ်၊
ဥတုကြောင့် ဥတုဇရုပ်တွေဖြစ်တယ်။
အာဟာရကြောင့် အာဟာရဇ ရုပ်တွေဖြစ်တယ်၊
အဲဒါ သမုဋ္ဌာန် ကြောင်းကျိုးတွေ ဖြစ်တယ်။
သစ္စာကြောင်းကျိုးဆိုတာက ...
သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တယ်။
မဂ္ဂသစ္စာကြောင့် နိရောဓသစ္စာကို မျက်မှောက်ပြု ရတယ်။
အဲဒါသစ္စာ ကြောင်းကျိုးတွေ ဖြစ်တယ် ။
ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆိုတာက ...
အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် သဠာယတနဖြစ်တယ်၊ သဠာယတနကြောင့် ဖဿ ဖြစ်တယ်။ ဖဿ ကြောင့် ဝေဒနာဖြစ်တယ်၊ ဝေဒနာကြောင့် တဏှာဖြစ်တယ်၊ တဏှာကြောင့် ဥပါဒါန်ဖြစ်တယ်၊ ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်၊ ဘဝကြောင့် ဇာတိဖြစ်တယ်၊ ဇာတိ
ကြောင့် ဇရာ မရဏဖြစ်တယ်၊
အဲဒါ ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးတွေ ဖြစ်တယ်။
ပဋ္ဌာန်းကြောင်းကျိုးဆိုတာက...
ဟေတုပစ္စည်းကြောင့် ဟေတုပစ္စယုပ္ပန်ဖြစ်တယ်
အာရမ္မဏပစ္စည်းကြောင့် အာရမ္မဏ ပစ္စယုပ္ပန်ဖြစ်တယ်။
နှစ်ဆယ့်လေး ပစ္စည်းကြောင့် နှစ်ဆယ့်လေးပစ္စယုပ္ပန်ဖြစ်တယ် ၊
အဲဒါပဋ္ဌာန်းကြောင်းကျိုးတွေ ဖြစ်တယ်။
အဲဒီလို သင်္ခတလောက ဆိုတာ ...
အကြောင်းအားလျော်စွာ အကျိုးတရားများ ဖြစ်ကြရတယ်။
အဲဒီလို အကြောင်းအမျိုးမျိုး တွေကြောင့် အကျိုးတရား အမျိုးမျိုး
ဖြစ်နေတော့ ...
ကလိန်ခြုံ စာပေါင်းသိုက်လို ရှုပ်ပွေပြီးမနေပါလား။(ရှုပ်ပွေပြီး နေပါတယ်ဘုရား)။
အဲဒီလို ရှုပ်ပွေပြီး နေသည့်အတွက်ကြောင့် သတ္တဝါတွေဟာ သင်္ခတ
လောကမှ အသင်္ခတနယ်သို့ မထွက်မြောက်နိုင်ပဲ တဝဲလယ်လယ် ဖြစ်နေကြတာပေါ့။
ဝိပ္ပလ္လာသေန ကင်္ခန္တိ ၊ ကင်္ခါယ ဇဋိတာ ဇနာ ။
အလဒ္ဓါ တေနုဇုံမဂ္ဂံ ၊ မုယှန္တိ ဇဋသာဂရေ ။
****************
ဘောန္တော ၊ လောကီမှု အလုပ်တွေ ရှုပ်ပွေနေတဲ့ အခိုက်အတွင်းမှ မိုက် မလင်းမှောင်ကို ဖျက်မည်ဟု ရုန်းထွက်ကာ ငြင်းရှောင်၍ အလင်းရောင် ရှာမှီးလေ့ ရှိကြကုန်သော
အိုတရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့ ။
ဇနာ ၊ မဂ်စော်မနံ ဖိုလ်သံမကြား အမှားတွေ နယ်ကျယ်လျ က် ရယ်စဖွယ် ယောင်တတနှင့် မှောင်ကျ၍ နေကြကုန်သော အနန္တများစွာ သတ္တဝါ ပုထုဇဉ် အပေါင်းတို့ သည်။
ဝိပ္ပလ္လာသေန၊ အထင်မှား အမြင့်မှောက် တကောက်ကောက် တကွေ့ကွေ့ ဖောက်ပြန်တတ်သော အလေ့ဖြင့်။
ကင်္ခန္တိ ၊ တရှုပ်ရှုပ် တထွေးထွေးနှင့် ယောင်ငဲယုံမှား၍ နေကြလေကုန်၏။
ကင်္ခါယ ၊ သူစကားကိုလဲယုံ ငါစကားကိုလဲယုံ တထုံထုံ တပေပေ န
ဝေနဝါ နမူးနထူးနှင့် ပြူးကလူး ပြာကလာ ကင်္ခါယုံမှား ဝိစိကိစ္စာဆိုတဲ့ ထိုတရားကြောင့်။
ဇဋ္ဋိတာ ၊ အသိလဲမရှင် ၊ အမြင်လဲမရှင် ၊ရှုပ်ခြင်းကြီး လိန်ပွေ၍ အရှိန်မပြေအောင် ရှုပ်ထွေး၍ နေကြလေကုန်၏။
တေန ၊ ထိုရှုပ်ထွေ လွှတ်ထူ၍ သပွတ်အူ ကလိန်ခြုံ ကဲ့သို့  အရှိန်မကုန်အောင် ရှုပ်ပွေခြင်းကြောင့်။
ဥဇုံမဂ္ဂံ ၊အမိုက်မရှုပ် ခလုတ်ဆူးငြောင့် ရန်မနှောင့်ပဲ ဖြောင့်ဖြောင့်တန်းတန်း မဂ္ဂင်လမ်းကို ။
အလဒ္ဓါ ၊ ထိုဘဝ ဤဘဝ တကြိမ်မျှ မရပဲ လမ်းစကိုမတွေ့ တကွေ့ကွေ့ တကောက်ကောက် မှောက်မြဲတိုင်း မှောက်ကြကုန်လျက် ။
ဇဋ္ဋသာဂရေ ၊ လူ့ ဘဝကလဲရှုပ် နတ်ဘဝကလဲရှုပ် ၊ မြု ပ်လိုမြု ပ် မျှောလိုမျှော အရှုပ်သဘောနှင့် ဒုက္ခောဆိုတဲ့ သံသရာပင်လယ်အတွင်း၌ ၊ မုယှန္တိ ၊ တောင်မှန်မသိ မြောက်မှန်းမသိ တမှုံမှုံမှိုင်းမိလျ က် အတိုင်းမသိ ယောင်ငေး၍ မှောင်မဲတွေဝေကာ နေကြလေကုန်သတည်း။
*****************
ကလိန်ခြုံ ကြီး ဘယ်လိုပင် ရှုပ်ပွေသော်လဲ တနွယ်စီတနွယ်စီ ဓားကလေးနှင့် ခုတ်ပြီး ဖြေရှင်းယင် မရဘူးလား ။(ရပါတယ်ဘုရား)။
အဲဒီလိုပေါ့ ၊
သင်္ခတလောကကြီး.... ဘယ်လိုပင် ရှုပ်ထွေးသော်လဲ ရုပ်နာမ် အားဖြင့်၎င်း ၊ ခန္ဓာ အားဖြင့်၎င်း ၊အာယတန အားဖြင့်၎င်း ၊ ဓာတ်အားဖြင့်၎င်း၊ တခုစီတခုစီ ဉာဏ်ဓားလေးနှင့် ခုတ်ပြီးဖြေရှင်းယင် ရနိုင်ပါတယ်
မောင်စိန်ရဲ့(မှန်ပါဘုရား)။
ကဲ--ဉာဏ်ဓားလေးနှင့် ဓာတ်ခြောက်ပါးကို ဖြေရှင်းကြစို့ ။
(ရှင်းပြတော်မူပါ ဘုရား)။
မောင်စိန် ခန္ဓာကိုယ်ကို လက်မလေးနှင့် နှိပ့်ပြီးစမ်းကြည့်ပါ။ မာတဲ့နေရာမာပြီး နုတဲ့နေရာမှာ နုနေတာ မတွေ့လား။
( တွေ့ပါတယ်ဘုရား)။
အဲဒါ ပထဝီဓာတ်ကို တွေ့တာပဲ။
လက်ဝါးလေးနှင့် အုပ်ပြီးစမ်းသပ်တဲ့အခါ ....
ရံခါပူ၍ ရံခါအေးတာကို မတွေ့ရပါလား။
( တွေ့ရပါတယ်ဘုရား)။
အဲဒါ တေဇောဓာတ်ကို တွေ့တာ။
မင်းထိုင်နေတဲ့အခါ လဲမသွားအောင် ထောက်ကန်မှု ထသွားတဲ့အခါ လှုပ်ရှားမှုကို မတွေ့ရလား။
(တွေ့ရပါတယ်ဘုရား)။
အဲဒါ ဝါယောဓာတ်ကိုတွေ့တာ။
အေးတဲ့အခါ ချွေးတွေပိတ်ပြီး ၊ ပူအိုက်တဲ့အခါ ချွေးတွေ ယိုစီးနေတာကို မတွေ့ရလား။
( တွေ့ရ ပါတယ်ဘုရား)။
အဲဒါ အာပေါဓာတ်လို့ ခေါ်တယ်။
ပျ ဉ်ပြားလေးခုကို ပူးထားလိုက်ယင် အစပ်သုံးခု မပေါ်လား။
( ပေါ်ပါတယ်ဘုရား)။
အဲဒါ အာကာသဓာတ်လို့ ခေါ်တယ်။
လူ၏အရိပ်လိုဖြစ်တယ် ၊ ပရမတ်အတုလို့ မှတ်။
မင်းသန္တာန်မှာ အာရုံခြောက်ပါး ဒွါရခြောက်ဖုံ ပေါင်းစုံတဲ့အခါ ...
အာရုံကို သိမှု မဖြစ်လား။ ( ဖြစ်ပါတယ်ဘုရား)။
အဲဒါ ဝိညာဏဓာတ်လို့  ခေါ်တယ်။
ပေါင်းတော့.... မင်းသန္တာန်မှာ ဓာတ်ခြောက်ပါးပဲရှိတယ်။
အဲဒီ ဓာတ်ခြောက်ပါးထဲက ....
ပထဝီဓာတ်ကို ပုဂ္ဂို လ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ အသက်လိပ်ပြာ အတ္တ ဇီဝလို့  ဆိုနိုင်ပါမလား။
( မဆိုနိုင်ပါဘုရား)။
ပုဂ္ဂို လ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ ဆိုတာက ...
ပညတ်မျှ သာ။ သဘာဝမရှိဘူး။
အသက်လိပ်ပြာ အတ္တဇီဝဆိုတာက ....
ဒိဋ္ဌိ၏အစွဲအလမ်းမျှ သာ၊မရှိသေး သော အရာဖြစ်တယ်။
( မှန်လှပါဘုရား)။
အာပေါဓာတ်ကို ... ပုဂ္ဂို လ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ အသက် လိပ်ပြာ အတ္တဇီဝလို့  ဆိုနိုင်ပါမလား။(မဆိုနိုင်ပါဘူးဘုရား)။
တေဇောဓာတ်ကို ... ပုဂ္ဂို လ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ အသက် လိပ်ပြာ အတ္တဇီဝလို့  ဆိုနိုင်ပါမလား။( မဆိုနိုင်ပါဘုရား)။
ဝါယောဓာတ်ကို ... ပုဂ္ဂို လ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ အသက် လိပ်ပြာ အတ္တဇီဝ လို့ ဆိုနိုင်ပါမလား။( မဆိုနိုင်ပါဘုရား)။
အာကာသဓာတ်ကို .... ပုဂ္ဂို လ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ အသက် လိပ်ပြာ အတ္တဇီဝ လို့ ဆိုနိုင်ပါလား။(မဆိုနိုင်ပါဘုရား)။
ဝိညာဏဓာတ်ကို .... ပုဂ္ဂို လ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ အသက် လိပ်ပြာ အတ္တဇီဝလို့ ကော ဆိုနိုင်ပါမလား။ (မဆိုနိုင်ပါဘုရား)။
*****************
ပြောခဲ့ပြီးတဲ့ ဓာတ်ခြောက်ပါးကို ...
ပုဂ္ဂို လ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမလို့  မဆိုနိုင်ဘူး ။
အသက် လိပ်ပြာ အတ္တဇီဝလဲ မဟုတ်ဘူး။
ဘာကြောင့် မဟုတ်လဲ။
မမြဲလို့  .... ။ မဟုတ်ဘူး။
မမြဲပုံကို ပြောရဦး မယ် ။
ပထဝီဓာတ်ဟာ ခက်မာမှု နူးညံ့မှုကိုခေါ်တယ်။
ပကတိမြေကြီးဟာ နေပူလျှ င် မမာလား။ (မာပါတယ်ဘုရား)။
မိုးရွာတော့ ပျော့မသွားလား။( ပျော့သွားပါတယ်ဘုရား)။
အဲလိုနေပူသောအခါ မာပြီး ၊ မိုးရွာတဲ့အခါ ပျော့သွားတော့ ...
မာမှုနုမှုကို မြဲတယ်လို့  ဆိုနိုင်ပါ့မလား။( မဆိုနိုင်ပါဘုရား)။
အာပေါဓာတ်ဟာ ယိုစီးမှု ဖွဲ့စည်းမှုကို ခေါ်တယ်။
ဆောင်းရာသီ အအေးနှင့်ကြုံတဲ့အခါ ချွေးတွေပိတ်ပြီး ဖွဲ့စည်းမှု မဖြစ်
လား။ ( ဖြစ်ပါတယ်ဘုရား)။
နွေရာသီရောက်၍ အပူနှင့်ကြုံတဲ့အခါ ချွေးတွေ ထွက်ပြီး ယိုစီးမှု မဖြစ်ပါလား။(ဖြစ်ပါတယ်ဘုရား)။
အဲလိုဆိုတော့ အာပေါဓာတ်ကို မြဲတယ်လို့  ဆိုနိုင်ပါမလား။( မဆိုနိုင်ပါဘုရား)။
ဝါယောဓာတ်သည် ထောက်ကန်မှု လှုပ်ရှားမှု ကိုခေါ်တယ်။
ထိုင်နေတဲ့အခါ လဲမသွားအောင် ထောက်ကန်မှု မဖြစ်လား။(ဖြစ်
ပါတယ်ဘုရား)။
ထသွားတော့ လှုပ်ရှားမှုဝါယော ဖြစ်မလာပါလား။( ဖြစ်ပါတယ်
ဘုရား)။
အဲဒီလိုဆိုတော့ ဝါယောဓာတ်ကို မြဲတယ်လို့ ဆိုနိုင်ရဲ့လား။( မဆိုနိုင်ပါဘုရား)။
မင်းခန္ဓာကိုယ်ကြီးဟာ ရံခါပူ၍ ရံခါမအေးပါလား။( ရံခါပူ၍ ရံခါအေးပါတယ်ဘုရား)။
ဒီလိုဆိုတော့ တေဇောကို မြဲတယ်လို့  ဆိုနိုင်ပါ့မလား။( မဆိုနိုင်ပါဘုရား)
အာကာသဓာတ်ဆိုတာ လူ၏အရိပ်နှင့် တူတယ်။
လူသွားရာကို လိုက်သလို အာကာသဓာတ်လည်း ဓာတ်ကြီးလေးပါးရဲ့ အရိပ်ပဲ။
ဓာတ်ကြီးလေးပါးပြောင်းတိုင်း သူလဲပြောင်းတယ်။
ဓာတ်ကြီးလေးပါး မမြဲယင် သူလဲမမြဲဘူးပေါ့။( မှန်ပါဘုရား)။
ဝိညာဏဓာတ် ဆိုတာက ...
မျက်စိနဲ့ ရူပါရုံ ပေါင်းဆုံလိုက် စက္ခု ဝိညာဏ်ဖြစ်လိုက် ၊
မျ က်စိကို မှိတ်လိုက် ပျောက်လိုက်နှင့် သူကိုကောမြဲတယ်လို့  ဆိုနိုင်ပါ့မလား။( မမြဲပါဘုရား)။
အဲဒီလို ကျန်ဝိညာဏ်တွေလဲ ဒွါရအာရုံ ပေါင်းဆုံတဲ့အခါဖြစ်ပြီး
ပေါင်းဆုံမှု ပျက်သွားယင် သူလဲပျက်တာပဲ၊ မမြဲဘူး ။
ဒီတော့ ဘယ်ဓာတ်ကို ချမ်းသာတယ်လို့  ဆိုနိုင်မလဲ။
( ဘယ်ဓာတ်ကိုမှ ချ မ်းသာတယ်လို့  မဆိုနိုင်ပါဘုရား)။
မမြဲဘူးဆိုတာ ခိုင်မာတဲ့အတ္တဇီဝ သဘောမရှိလို့  မမြဲတာပေါ့။
ဒီတော့ ဒီဓာတ်ခြောက်ပါးကို အတ္တလို့ ဆိုနိုင်ပါ့မလား။
( မဆိုနိုင်ပါဘုရား)။
** အဲသလို ဉာဏ်ကလေးနှင့် ခန္ဓာကိုယ်မှာ ....
ဓာတ်ခြောက်ပါးကို တွေ့အောင်ရှာ၊
တွေ့လျှ င် လက္ခဏကို မြင်အောင်ရှု
မြင်လျှင် ငြီးငွေ့လိမ့်မယ် ။
ငြီးငွေ့လျှ င် သမုဒယအတွယ် ပြတ်လိမ့်မယ်။
ပြတ်လျှ င်ပြတ်ရာ နိရောဓသစ္စာကို မျ က်မှောက်ပြုရလိမ့်မယ်။
ဒါကြောင့် .... ဤလမ်းစဉ်အတိုင်း လိုက်၍ နိဗ္ဗာန်စခန်းသို့ 
ဆိုက်လွယ်ကြပါစေကုန်သတည်း။**
ကျေးဇူးရှင် နန်းမားဆရာတော်ဘုရားကြီး၏ မင်္ဂလာတရားတော်(၁)အား အပိုင်း -၃ပိုင်း ခွဲကာ ဤတွင်
စာစီကုသိုလ်ယူ ပူဇော်မှုပြီးပါပြီ။
ဒေါ်ညွန့် ပခုက္ကူ။
( ကုသိုလ် အမျှ အမျှ အမျှ )
သာဓု သာဓု သာဓု
No comments:
Post a Comment