သင်္ခါရက္ခန္ဓာမှာ စွဲတဲ့ အစွဲ ၄-မျိုး။
************************************
'' ဓမ္မရုံးတော် ဉာဏ်မဟော် '' အပိုင်း-( ၁၀)
ဦးပညာ ။ ။သင်္ခါရက္ခန္ဓာမှာလဲ လေးမျိုး စွဲတယ်၊
သင်္ခါရက္ခန္ဓာ သည်ပင် ငါ ။ ငါသည်ပင် သင်္ခါရက္ခန္ဓာ တစ်မျိုး ၊
သင်္ခါရက္ခန္ဓာထဲမှာ ငါရှိတယ် တစ်မျိုး ၊
ငါထဲမှာ သင်္ခါရက္ခန္ဓာ ရှိတယ် တစ်မျိုး ၊
ငါ နဲ့ သင်္ခါရက္ခန္ဓာ တခြားစီ တစ်မျိုး
ပေါင်း လေးမျိုးတို့တွင် ပထမ အစွဲကိုရှေးစွာ ပြောရမယ် မောင်ဖြူရဲ့ ။
ဦးဖြူ ။ ။ပြောတော်မူပါ ဘုရား ။
ဦးပညာ ။ ။သင်္ခါရက္ခန္ဓာ (၅၀) ရှိတယ် ၊ ငါးဆယ်စလုံးတော့ မပြောနိုင်ဘူး ၊ နည်းနည်းပါးပါးပဲ ပြောနိုင်မယ် ၊
ဓမ္မကထိကပုဂ္ဂိုလ်က အပြောကောင်းကောင်း နဲ့ ဝေဿ န္တရာ အလှူ ပေးခန်းတို့ ၊ သီရိဓမ္မာသောကမင်း အလှူ ပေးခန်းတို့ကို ဟောတဲ့အခါ ....
လှူ ချင်တဲ့ စေတနာတွေ ဖြစ်မလာဘူးလား ။
ဦးဖြူ ။ ။ဖြစ်လာပါတယ်ဘုရား။
ဦးပညာ ။ ။အဲဒီလိုဖြစ်လာတဲ့ အခါ လူတွေဘာပြောသလဲဆိုတော့ တရားဟောတာကောင်းတယ် ငါ့ ကို လှူ ချင်လာတာပဲလို့ ပြောကြတယ် ။ အဲဒါ လှူချင်တဲ့ စေတနာကို ငါထင်တာ၊
လှူ ချင်တဲ့ အတိုင်း အလှူ ပေးလိုက်ပါရော ၊
လှူ ပြီးတော့ ငါလှူ လိုက်တာ အောင်သွားပြီ ၊ ဒီလိုပြောကြတယ် ။
အဲဒါ လှူ တဲ့ စေတနာကို ငါ-ထင်တာ၊
ဓာတ်ရှင်ကြည့်တဲ့အခါ ဇာတ်လိုက်မင်းသမီးက ချောလဲချော၊ အမူအရာလည်းကောင်းနဲ့ တစ်ဖက်သား မက်လောက်အောင် မူပြတဲ့အခါ ... တဏှာ၊ လောဘ ဖြစ်လာတယ်။
ထိုအခါ လူတွေ ဘာပြောသလဲ၊ ဒီမင်းသမီးကို ငါအတော်ကြိုက်တယ်လို့ ပြောကြတယ်၊ လူကြီးတွေကတော့ ပါးစပ်က မပြောဘူး။
အိမ်ကဟာက မကျေနပ်မှာစိုးလို့၊ ဒါပေမယ့် ဝမ်းထဲကကြိတ်ပြီး မင်းသမီးကို ကြိုက်နေတယ်၊ ဒီမင်းသမီးကို ငါ-အားကြီး ကြိုက်တယ်လို့ စိတ်ကိုဆုံးဖြတ်တယ်၊ အဲဒါ လောဘကို ငါ-ထင်တာ
ဇာတ်ပွဲကြည့်တဲ့အခါ ပုဏ္ဏားက မင်းသမီး မင်းသားကို နှိပ်စက်ခန်းကို ပြတယ်၊ ထိုအခါ လူတွေက ဒီပုဏ္ဏားကို ငါ-သိပ်မုန်းတာပဲလို့
ပြောကြတယ်၊
အဲဒါ ဒေါသကို ငါ-ထင်တာ၊
အဲဒီ စေတနာတို့၊ လောဘ၊ ဒေါသတို့ကို ဘာပြု၍
ငါ-ထင်တယ်ဆိုတာ သိရဲ့လား မောင်ဖြူရဲ့။
ဦးဖြူ ။ ။ မသိပါဘုရား။
ဦးပညာ။ ။ အာရုံ ဒွါရထိခိုက်မှ ဖြစ်လာတာ၊
မထိုက်ခိုက်မီက ရှိသေးတာမဟုတ်ဘူးဆိုတာ မသိလို့ဖြစ်တယ်၊
ငါ-ကလေးဟာ အမြဲရှိနေပြီး၊ ဒါနပြုလဲ ငါကပြုတာပဲ၊ လိုချင်တာလဲ ငါကလိုချင်တာပဲ၊ မုန်းတာလဲ ငါက မုန်းတာပဲ၊
စေတသိက်ငါးဆယ်၏ ကိစ္စလုပ်ငန်းတွေကို ငါက အားလုံးလုပ်တာလို့ ထင်နေတယ်၊
လောဘဟာ ဒေါသမဟုတ်၊ ဒေါသဟာ ပီတိမဟုတ်၊ ပီတီဟာ ဣဿ မစ္ဆေရ မဟုတ်ဆိုတာကို မသိဘူး (ဝါ) မကွဲပြားဘူး၊
လောဘက တစ်အာရုံ၊ ဒေါသက တစ်အာရုံ၊ ပီတိက တစ်အာရုံ၊ ဣဿဿဿ မစ္ဆေရက တစ်အာရုံ၊
ဆိုင်ရာဆိုင်ရာ အာရုံနဲ့ကြုံ မှ ဆိုင်ရာဆိုင်ရာ စေတသိက်များ ပေါ်ကြရတာကွဲ့ မောင်ဖြူရဲ့။
ဦးဖြူ ။ ။ မှန်ပါဘုရား။
ဦးပညာ။ ။ ဆိုင်ရာ အာရုံက ထောက်ပံ့ပေးမှ ဖြစ်နိုင်တယ်၊
မိမိဘာသာမိမိ မဖြစ်နိုင်ဘူးဆိုတာ .... ကိုယ်စွမ်းကိုယ်စ အတ္တသတ္တိ ကာရကသတ္တိ မရှိဘူးပေါ့။
အဲဒီ မရှိတာကို မမြင်တဲ့ အတွက် ငါ-ထင်ကြတာပဲ။
ပြီးတော့လည်း ဆိုင်ရာအာရုံနှင့် ကြုံ ၍ ဖြစ်လာဦး၊
ဖြစ်ပြီးလျှင် ပျက်စီးသွားတာပဲ။
ပျက်စီးတဲ့နောက်လည်း ဘာမှပြစရာ အနှစ်သာရ မကျန်ခဲ့ဘူး။
အဲဒီလိုဖြစ်တဲ့အတွက် မြတ်စွာဘုရားက 'အနတ္တ'၊ 'အတ္တ' မဟုတ် (ဝါ) ငါမဟုတ် အသက်လိပ်ပြာ မဟုတ်၊
ဆိုင်ရာ အာရုံဒွါရ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသော စေတသိက်များသာ ဖြစ်တယ်။
ကမ္မဿ ရကော နတ္တိ၊ ဝိပါကဿ စ ဝေဒကော။
သုဒ္ဓဓမ္မာ ပဝတ္တ န္တိ၊ ဧဝံ တံသမ္မဒဿနံ။
ကမ္မဿ၊ ကုသိုလ်ကံ အကုသိုလ်ကံ ထိုနှစ်တန်ကို
ကာရကော၊ ပြုလုပ်တတ်သော ပုဂ္ဂိုလ်, သတ္တဝါ, ငါ-သူတစ်ပါး, ယောက်ျား, မိန်းမ, အတ္တဇီဝသည်။
နတ္ထိ၊ မုချ ပုံသေ မရှိလေ။
ဝိပါကဿ စ၊ ကုသိုလ် အကုသိုလ်၏ အကျိုးဝိပါက် ထိုနှစ်ချက်ကိုလည်း။
ဝေဒကော၊ ခံစားတတ်သော ပုဂ္ဂိုလ်, သတ္တဝါ, ငါ-သူတစ်ပါး, ယောက်ျား, မိန်းမ, အတ္တဇီဝသည်။
နတ္ထိ၊ မုချ ပုံသေ မရှိလေ။
သုဒ္ဓဓမ္မာ၊ သက်သက်သော ရုပ်, နာမ်, ဓမ္မ သင်္ခါရတရားတို့သည်။ ပဝတ္တန္တိ၊ အကြောင်းဆက်ကာ ဖြစ်ပေါ်၍ လာကြကုန်၏။
ဧဝံ၊ ဤသို့ သင်္ခါရတရားတို့၏ ဖြစ်ပုံပျက်ပုံ သနစ်စုံကို။
ဒဿနံ၊ သိမြင်တတ်သော
တံဉာဏံ၊ ထိုဉာဏ်သည်သာလျှင်။
သမ္မဒဿနံ၊ ဥစ္ဆေဒ သဿတ ကင်းလွတ်ကြ၍ သဘာဝအမှန် ဟုတ်တိုင်းမြင်သော ဉာဏ်မြတ်ပါပေတည်း။
ပရိတ်သတ်။ ။ သာဓု၊ သာဓု၊ သာဓု။
ဦးပညာ။ ။ မောင်ဖြူရေ။
ဦးဖြူ ။ ။ ဘုရား။
ဦးပညာ။ ။ မင်း တောထဲများသွားတဲ့အခါ၊ တောင်ခြေရင်းက နေပြီး တစ်စုံတစ်ရာကို အော်၍ ပြောလိုက်ရင်
မင်း ပြောတဲ့အတိုင်း တောထဲက အသံတစ်ခု ပြန်မပြောလား။
ဦးဖြူ။ ။ ပြောပါတယ်ဘုရား။
ဦးပညာ။ ။ အဲဒီအသံဟာ လူစကားအတိုင်း ပြောသည့်အတွက်
သတ္တဝါလို့ ဆိုနိုင်ပါ့မလား။
ဦးဖြူ။ ။ မဆိုင်နိုင်ပါ ဘုရား။
ဦးပညာ။ ။ အေး - ဟုတ်တယ်။
ပဲ့တင်သံခေါ် အသံပရမတ်သာဖြစ်တယ်၊ သတ္တဝါမဟုတ်ဘူး၊
အဲဒီလိုပဲ အာရုံဒွါရ ထိခိုက်ကြရင် ဆိုင်ရာဆိုင်ရာ နာမ်ဓာတ်တွေ ဖြစ်လာတယ်၊
ဒိဋ္ဌာနုသယသည် ဖြစ်လာတိုင်းသော နာမ်ဓာတ်များ ကိန်းပြီးပါလာခဲ့သည့်အတွက်
ဖြစ်သမျှ ရုပ် နာမ်တွေကို ငါ- ငါ- ဟု စွဲမှတ်တယ်။
အဲ့ဒီလို စွဲတာလဲ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မမြင်လို့ စွဲတာပဲ။
ဒါကြောင့် ဒီလက္ခဏာတွေကို ဟောပြောကြရတယ်။
ယခု အနတ္တကို ပြပြီးပြီ။ အနိစ္စကို ပြဦးမယ်၊
ဒီစေတနာတို့ လောဘ ဒေါသတို့သည် အမြဲ ရှိနေတာ မဟုတ်၊
အကြောင်းထောက်ပံ့မှ ဖြစ်ပြီး ပျက်စီးသွားတဲ့အတွက် အနိစ္စပေါ့ မောင်ဖြူရဲ့။
ဦးဖြူ။ ။ မှန်ပါတယ် ဘုရား။
ဦးပညာ။ ။ ပျက်စီးတယ်ဆိုတာ ... ဇရာမီး မရဏမီး လောင်လို့ ပျက်စီးရတာ၊ ဒီလို မီးလောင်အမြဲခံရတယ်ဆိုတော့.... ကြောက်စရာ ကောင်းသောကြောင့် ဒုက္ခပေါ့ မောင်ဖြူရဲ့။
ဦးဖြူ။ ။ မှန်ပါတယ် ဘုရား။
ဦးပညာ။ ။ အဲဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မမြင်လို့
စွဲတဲ့ အတ္တဟာ မြင်လာရင် ပြုတ်ရောပေါ့၊
ဒါကြောင့် မြင်အောင် ဉာဏ်နဲ့ ကြည့် ကြည့်ကြကွဲ့ မောင်ဖြူတို့ရဲ့။
ဦးဖြူ ။ ။ မှန်ပါ၊ ကြည့်ပါတယ် ဘုရား။
ဦးပညာ။ ။ ဒီ စေတနာတို့ လောဘ ဒေါသတို့အပြင် ....
၎င်းတို့ကိုပိုင်တဲ့ ငါလဲမရှိတော့ပါဘူး၊
အကယ်၍ ရှိရင်....
လောဘတို့ ဒေါသတို့ကို မကောင်းကျိုး မပေးနိုင်အောင် တတ်နိုင်ရမယ်။
ပိုင်တဲ့ ငါ- မရှိ၍ လောဘ၊ ဒေါသတို့ဟာ မကောင်းကျိုးကို ပေးတာပေါ့။
၊ တောထဲက သစ်ပင်တို့သည် ပိုင်သူ မရှိတဲ့အတွက်၊
ပွင့်ချိန်တန်ပွင့်၊ သီးချိန်ကျသီး၊ ကျချင်တဲ့နေရာကျ၊ ပေါက်ချင်တဲ့နေရာ ပေါက် ။
ဘာသာဘာဝ ဖြစ်ချင်သလို ဖြစ်ကြသကဲ့သို့
ယခုလဲ အာရုံ ဒွါရ ထိခိုက်တိုင်း ဖြစ်၊ ဖြစ်တိုင်း၊ အကျိုးပေး၊
အဲဒီလို ဖြစ်တာ ပိုင်သူ ငါ- မရှိလို့ဆိုတာ သိရမယ် မောင်ဖြူရဲ့။
ဦးဖြူ ။ ။ မှန်ပါ ဘုရား။
နမ္မားမြို့ သိရိမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ ၏
'' ဓမ္မရုံးတော် ဉာဏ်မဟော် ''ကျမ်းစာမှ စာစီ ပူဇော်ပါသည်။
No comments:
Post a Comment