Wednesday, August 24, 2016

ဓမ္မရုံးတော် ဉာဏ်မဟော်-၇

ဝိညာဏက္ခန္ဓာမှာ အစွဲ လေးမျိုး။
######################

'' ဓမ္မရုံးတော် ဉာဏ်မဟော် ''( ၁၁ )

ဦးပညာ။    ။ ဝိညာဏက္ခန္ဓာမှာလဲ လေးမျိုး စွဲတယ်၊
 ဝိညာဏ် သည်ပင် ငါ၊ ငါသည်ပင် ဝိညာဏ် တစ်မျိုး၊
ဝိညာဏ် ထဲမှာ ငါရှိတယ် တစ်မျိုး၊
 ငါထဲမှာ ဝိညာဏ် ရှိတယ် တစ်မျိုး၊
ဝိညာဏ် နဲ့ ငါ တခြားစီ တစ်မျိုး၊
 ပေါင်း လေးမျိုးရှိတယ်။

အဲဒီ လေးမျိုးထဲမှာ ပထမအစွဲဟာ အစွဲများကြတယ်။
ငါ- ဆိုတဲ့ ဝိညာဏ် သည် တစ်သက်လုံးတည်ရှိပြီး
ရူပါရုံကိုလဲ သူကပင် မြင်တယ်။
သဒ္ဒါရုံကိုလဲ သူကပင် ကြားတယ်၊
ဂန္ဓာရုံကိုလည်း သူကပင် နံတယ်၊
ရသာရုံကိုလဲ သူကပင် သိတယ်၊
 ဖောဋ္ဌဗ္ဗာရုံကိုလဲ သူကပင် ထိတယ်၊
ဓမ္မာရုံကိုလဲ သူကပင် ကြံစည်တွေးတောတယ်ဟု
ထင်မှတ်တယ်၊

အဲဒီ အထင်ကို ဟုတ်- မဟုတ် စိစစ်ရမယ် မောင်ဖြူရဲ့။

ဦးဖြူ။    ။ မှန်ပါ၊ စိစစ်မှသာ ခြေမြစ်ပါတယ် ဘုရား။

ဦးပညာ။    ။ မျက်စိနဲ့ အဆင်း မဆုံမီက ...
မင်းရဲ့ သန္တာန် မှာ မြင်မှု ရှိရဲ့လား။

ဦးဖြူ။    ။ မရှိသေးပါဘုရား။

ဦးပညာ။    ။ မျက်စိနဲ့ အဆင်း ပေါင်းဆုံတော့မှ...
 (လတ်တလော) မရှိရာမှ ဖြစ်လာတာမဟုတ်လား။

ဦးဖြူ။    ။ ဟုတ်ပါတယ် ဘုရား။

ဦးပညာ။    ။ မြင်ပြီးတော့ ပျောက်ပျက် ကုန်ခန်းမသွားပါလား။

ဦးဖြူ  ။     ။ ပျောက်ပျက်ကုန်ခန်းသွားပါတယ် ဘုရား။

ဦးပညာ။    ။ တစ်ဘဝလုံး တည်နေတယ်ဆိုတဲ့ အထင်ဟာ မမှားပါလား။

ဦးဖြူ ။   ။ မှားပါတယ် ဘုရား။

ဦးပညာ။    ။ မြင်ပြီး ပျောက်သွားတော့ ...
အခြားအာရုံကိုကော သိနိုင်ပါ့မလား။

ဦးဖြူ။    ။ မသိနိုင်ပါ ဘုရား။

ဦးပညာ။    ။ ဘယ်သိနိုင်မှာလဲ ငဖြူရဲ့၊
ဒီ မြင်မှုဟာ အကျိုးတရားပဲ၊ မျက်စိနှင့် အဆင်း ပေါင်းဖက်ကာ ထောက်ပံ့ခြင်းကြောင့်သာ ဖြစ်လာရတာကလား၊ သူ့သတ္တိနှင့် သူ ဖြစ်ပေါ်လာတာမှ မဟုတ်ဘဲ၊

အဲဒါကြောင့် ဝိညာဏ် မှာ အတ္တသတ္တိ မရှိဘူး၊
အနတ္တလို့ ဘုရားက ဟောတော် မူတာပေါ့၊
 မြင်ပြီး၍ ပျောက်သွားပြန်တော့လည်း
ဘာမှ အနှစ်သာရ ကျန်ခဲ့တာ မဟုတ်၊
အဲဒီလို အနှစ်သာရ မရှိသောကြောင့်လဲ အနတ္တလို့ ဆိုတာပဲ။

 ဖြစ်ပြီးလျှင် ပျက်စီးသွားတဲ့ အနိစ္စလို့ ဟောတော်မူတယ်၊
ဘာပြုလို့ ပျက်စီးရသလဲ၊
ဘာပြုလို့ ပျက်ပြီးနောက် အမွေအနှစ် မကျန်ခဲ့သလဲဆိုတော့ ဇရာမီး မရဏမီး လောင်သည့်အတွက် ပျက်စီးရတယ်၊

အဲဒီလို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်တဲ့ မြင်စိတ်ကို ....
အတ္တ ငါ- လို့ ဆိုနိုင်ပါ့မလား ငဖြူရဲ့။

ဦးဖြူ။    ။ မဆိုနိုင်ပါ ဘုရား။

ဦးပညာ။    ။ ကျန်တဲ့ ကြားစိတ်, နံစိတ်, လျက်သိစိတ်, တွေ့သိစိတ်, တွေးသိစိတ်တို့လဲ ဒီလိုပဲ၊

အာရုံဒွါရ ထိခိုက်မှ ဖြစ်ပြီးတော့ ပျက်စီးသွားကြတာပဲ၊
အဲဒီလို အာရုံဒွါရ မထိခိုက်ပါဘဲ မိမိတို့ ဘာသာ ဖြစ်နိုင်သော ...
အတ္တအစွမ်း မရှိသည့်အတွက် အနတ္တ၊
 ဖြစ်ပြီး၍ ပျက်စီးသွားပြန်တော့လည်း ဘာမှ အမွေအနှစ် မကျန်ခဲ့သောကြောင့် အနတ္တ၊
 ဖြစ်ခြင်း-ပျက်ခြင်းဖြင့် မမြဲသောကြောင့် အနိစ္စ၊
ဇရာမီး မရဏမီး အမြဲတမ်း အလောင်ခံရသောကြောင့် ဒုက္ခဖြစ်တယ်။

အဲဒီလို အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်သောကြောင့် ငါလဲ မဟုတ်၊ ငါ့ဟာလဲ မဟုတ်၊ ငါ့အတ္တလဲ မဟုတ်၊
အာရုံဒွါရ ထိခိုက်မှ ဖြစ်ပေါ်လာသော အသိ ဝိညာဏ် သာ ဟုတ်၏။

ဥပမာပေးရလျှင် မီးခြစ်ဆံနှင့် မီးခြစ်ခွံယမ်းတို့ မထိခိုက်မီက မီးတောက်မရှိသေး။ ပွတ်တိုက်မှသာ မီးတောက်ပေါ်၏၊
 ပေါ်ပြီးနောက် မီးခြစ်ဆံကုန်လျှင် မီးတောက်သေ၍ ကုန်ခန်း ပျောက်ပျက်သွားသည်နှင့် တူပေသည်။

သူ့မီးခြစ်ဆံနှင့် သူ့မီး အသီးသီး သွားကြသကဲ့သို့ သူ့အာရုံနှင့် သူဝိညာဏ် အသီးသီး ဖြစ်ကာ ပျက်ကာ သွားကြကုန်၏။
မီးတစ်ခုတည်း မဟုတ်သကဲ့သို့ ဝိညာဏ် လဲ တစ်ခုတည်း မဟုတ်၊
အာရုံများသလောက် အကျိုးဝိညာဏ်များ၏၊
သို့အတွက် ဝိညာဏ် တစ်ခုတည်းက အာရုံအမျိုးမျိုးကို သိတယ်ဟု ထင်သော အသိသည် မမှားပါလား မောင်ဖြူရဲ့။

ဦးဖြူ။    ။ မှားပါတယ် ဘုရား။

ဦးပညာ။    ။ အဲဒါက ဝိညာဏ် သည် ငါ၊ ငါ- သည်ပင် ဝိညာဏ် လို့ ထင်တဲ့ အတ္တစွဲကို ခွာတာပဲ။

ဦးဖြူ။    ။ မှန်ပါဘုရား။

ဦးပညာ။    ။ ဝိညာဏ် ထဲမှာ ငါ-ရှိတယ်၊ ငါ- ထဲမှာ ဝိညာဏ် ရှိတယ်၊ ဝိညာဏ် နှင့် ငါနှင့် တခြားစီလို့ ဆိုတဲ့ အစွဲက
ဝိညာဏ် ကိုပိုင်တဲ့ ငါ- ကောင်ကလေး ရှိရဦးမလို ဖြစ်မနေဘူးလား။

ဦးဖြူ။    ။ ဖြစ်နေပါတယ် ဘုရား။

ဦးပညာ။    ။ သတ္တဝါတွေ သေကြရတာ ဝိညာဏ် ချုပ်၍ သေကြခြင်း ဖြစ်တယ်၊
ဝိညာဏ် ကိုပိုင်တဲ့ ငါ- ကလေးရှိနေရင် ဘာပြု၍ ချုပ်စေရသလဲ၊
မျက်စိမရှိဘဲလဲ မြင်စေနိုင်ရမယ်၊
နားပင်းသော်လည်း ကြားစေနိုင်ရမယ်၊
ယခုတော့ မျက်စိမရှိလျှင် မြင်ကြရဲ့လား။

ဦးဖြူ။    ။ မမြင်ပါဘုရား။

ဦးပညာ။    ။ နားပင်းရင် ကြားရရဲ့လား။

ဦးဖြူ။    ။ မကြားရပါ ဘုရား။

ဦးပညာ။    ။ အဲဒီလိုဖြစ်ရတာ ဝိညာဏ် ကိုပိုင်တဲ့ ငါ-မရှိ၍ ဖြစ်တယ်၊
မရှိပါဘဲ အရှိထင်လို့ ဒိဋ္ဌိခေါ်တာ၊
ဒီ ငါ-ကလေးဟာ မြဲတယ်လို့ ထင်လို့ သဿ      တ၊
ပေါင်းတော့ ဒီသုံးမျိုးလုံးသည် သဿဿ      တဒိဋ္ဌိ ဖြစ်တယ် မောင်ဖြူရဲ့။

ဦးဖြူ။    ။ မှန်ပါဘုရား။

ဦးပညာ။    ။ ယခုပြောခဲ့တာတွေဟာ သက္ကာယဒိဋ္ဌိ (၂၀) ကို စွဲပုံနှင့်တကွ အစွဲဖြေနည်း ဖြစ်တယ်၊
ရူပက္ခန္ဓာကို ဖြစ်စေတဲ့ အကြောင်းက ကံ စိတ် ဥတု အာဟာရ
နာမ်ခန္ဓာ လေးပါး ဖြစ်စေတဲ့အကြောင်းက အာရုံဒွါရ၊
အဲဒီလို အကြောင်းလေးပါးတို့ ပြုပြင်စီရင်ပေးမှ ဖြစ်နိုင်တဲ့ သဘောကြောင့် ၎င်းခန္ဓာငါးပါးကို သင်္ခတရားလို့ ဟောတော်မူတယ်၊

နိဗ္ဗာန်လို့ဆိုတဲ့ သန္တိသုခကတော့ ဘယ်အကြောင်းတရားမှ မပြုပြင်ရပါဘဲ ထာဝရအမြဲရှိနေတဲ့ သဘောကြောင့် အသင်္ခတလို့ ဟောတော်မူတယ်၊
"သင်္ခတနှင့် အသင်္ခတကို ကွဲအောင်လုပ်ကြ၊ "
ဥပမာ မောင်ဖြူကို စိတ်ဆိုးလောက်အောင် မဆိုသေးသမျှ
 မောင်ဖြူသန္တာန်မှာ ဒေါသ မရှိသေးဘူး မဟုတ်လား။

ဦးဖြူ။    ။ မှန်ပါ၊ မရှိသေးပါဘုရား။

ဦးပညာ။    ။ ဒါပေမယ့် စိတ်ဆိုးလောက်အောင် ဆိုတဲ့အခါ ...
ဆိုးမှာ မဟုတ်လား။

ဦးဖြူ။    ။ မှန်ပါ၊ ဆိုးမှာပါဘုရား။

ဦးပညာ။    ။ အဲဒါ သင်္ခတနယ်က မထွက်သေးတာလို့ ခေါ်တယ်၊
ဘုရား ရဟန္တာတို့ကတော့ ဘယ်လိုပင် စိတ်ဆိုးစရာ အာရုံနှင့် ကြုံတွေ့ရပေမယ့် စိတ်ဆိုးပါဦးမလား။

ဦးဖြူ  ။        ။ မဆိုးတော့ပါဘုရား။

ဦးပညာ။     ။ အဲဒါ သင်္ခတနယ်ကထွက်၍
အသင်္ခတနယ်ကိုရောက်လို့ပေါ့ကွဲ့ မောင်ဖြူရဲ့။

ဦးဖြူ  ။         ။ မှန်ပါ ဘုရား။

ဦးပညာ။      ။ ဟဲ့- ငမဲ။

ဦးမဲ။            ။ ဘုရား။

ဦးပညာ။      ။ နင်တို့က စိတ်ဆိုးစရာ အာရုံနှင့် မကြုံ ခင်
 ဒေါသမရှိတာကိုပင် နိဗ္ဗာန်ထင်သည့်အတွက်
ပင်ကိုယ်ငြိမ်းတဲ့အတိုင်းတိုင်း နေရမယ်လို့ ဆိုတာ မဟုတ်လား။

ဦးမဲ။            ။ ဟုတ်ပါတယ်ဘုရား။

ဦးပညာ။      ။ ဒီလိုဆိုရင် ခွေးသည် ပြာပုံမှာ ခွေခွေကလေး ကွေးနေပြီးနေတဲ့အခါ...
 ခွေးမှာ ဒေါသ ငြိမ်းမနေပါလား။

ဦးမဲ။             ။ နေပါတယ်ဘုရား။

ဦးပညာ။        ။ ဒေါသငြိမ်းနေရင် ခွေးလဲ နင်တို့ရဲ့ နိဗ္ဗာန်ကို ရောက်နေတာပေါ့ဟဲ့- ငမဲရဲ့၊
 ခွေးရတဲ့ နိဗ္ဗာန်ကို အရိယာတွေက မယူပါဘူး၊
အရိယာနိဗ္ဗာန်က အသင်္ခတနိဗ္ဗာန် သာဖြစ်တယ်၊

အကြောင်းတရားတို့ မထောက်ပံ့မီ မဖြစ်သေး မရှိသေးတာက ...
နိဗ္ဗာန်မဟုတ်၊
အာကာသ ပညတ် အဘာဝပညတ် နတ္တိဘော  ပညတ်မျှသာ ဖြစ်တယ်ဆိုတာကို မြဲမြဲမှတ်ကြ။

ဦးမဲ။          ။ အသင်္ခတ နိဗ္ဗာန်ကို အမိန့် ရှိပါဦး ဘုရား။

ဦးပညာ။    ။ သံပရာသီးမှာ ပွင့်ကင်းကတည်းက ချဉ်မယ့်သဘောသည် အပြီးပါလာခဲ့သလို ...
ငရုတ်သီးမှာလဲ စပ်မည့်သဘောသည် ပွင့်ကင်းကတည်းက တစ်ခါတည်း ပါလာခဲ့သလို ....
ပုထုဇဉ်၏ သန္တာန်မှာ သက္ကာယဒိဋ္ဌိသည် ဒိဋ္ဌာနုသယအဖြစ်ဖြင့် ဖြစ်တိုင်း ဖြစ်တိုင်းသော ခန္ဓာ၌ အမြဲကိန်းပြီး ပါနေတယ်၊

အဲဒီလို ပါနေသည့် အတွက် ခရစ်ယာန်တရားဟောဆရာနှင့် တွေ့လိုက် ခရစ်ယာန်ဖြစ်လိုက်၊
မဟာမေဒင်တရားဟောဆရာနှင့်တွေ့လိုက် မဟာမေဒင်အယူကို ယူလိုက်၊
ဥစ္ဆေဒ ဆရာနှင့် တွေ့လိုက် ဥစ္ဆေဒ အယူကို ယူလိုက်၊
သဿ      တဆရာနှင့်တွေ့လိုက် သဿ    တအယူကို ယူလိုက် ဖြစ်နေရတယ်။

ယခုဟောခဲ့တဲ့တရားကို ရိုရိုသေသေ ဆင်ခြင်သုံးသပ်လိုက်တော့...
 ‘ဩော်… ခန္ဓာငါးပါးဟာ အကြောင်းတရား ထောက်ပံ့ဆဲ ပစ္စုပ္ပန်ကာလတွင်သာ ခဏရှိ ရှိတာပါကလား၊
ဘာမှခိုင်မြဲတဲ့ သဘော မဟုတ်ပါလား’ လို့ ကိုယ်ပိုင်ဉာဏ်နှင့် မြင်လာတယ်၊

ဒီ ခန္ဓာငါးပါးအပြင် ၎င်းခန္ဓာငါးပါး ကိုပိုင်တဲ့ ငါကောင်လည်း မရှိပါကလား၊ အကြောင်းတရားတို့ ထောက်ပံ့သလို ပြုပြင်သလိုသာ ဖြစ်ရတာပဲလို့ ကွဲကွဲပြားပြား သန့်သန့်ရှင်းရှင်း ဉာဏ်အမြင် လင်းလာတယ်၊
အဲဒီလို ဉာဏ်အမြင် လင်းလာတော့ တစ်သံသရာလုံးက စွဲပြီးပါလာတဲ့ သက္ကာယဒိဋ္ဌိ သည် အနုသယပါ မကျန် ချုပ်ငြိမ်းသွားတော့တယ်၊

 နောက်ထပ်၍ အယူမှားယွင်းအောင် ဘယ်လို အမှားဆရာတွေက ဟောဟော အယူမမှားတော့ပြီး၊
အဲဒီလို အယူမမှားတဲ့ ဒိဋ္ဌိဘေးကြီး အမြဲအေးသောကြောင့် သန္တိသုခ လို့ ခေါ်တယ်၊
အမှားဆရာတွေက ဘယ်လိုပဲ ဟောဟော မမှားတော့သောကြောင့် အသင်္ခတတဲ့၊ ပေါင်းလိုက်တော့ အသင်္ခတ ပရမတ်၊
သန္တိသုခ နိဗ္ဗာန် ဓာတ်၊ အဲဒီ နိဗ္ဗာန်ကိုသာ အရိယာတွေ ယူတယ်။

နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ ။

'' ဓမ္မရုံးတော် ဉာဏ်မဟော် '' ကျမ်းစာမှ စာစီပူဇော်ပါသည်။

No comments:

Post a Comment