နမ္မားမြို့ သိရီမင်္ဂလာမြို့မကျောင်းတိုက်ဆရာတော်ကြီး အရှင်ဉာဏ ။
'' ဓမ္မရုံးတော် ဉာဏ်မဟော်'' ကျမ်းစာမှ စာစီပူဇော်ပါသည်။
#############################################
'' ဓမ္မရုံးတော် ဉာဏ်မဟော်'' အပိုင်း-၆။
ဦးဖြူ ။ ။ ဟဲ့ ဟဲ့ မြကြည်တို့ မြရီတို့...
ဆွမ်းတို့ ဆွမ်းဟင်းတို့ ကျက်ကြပြီလား ။
မြကြည် ။ ။ ကျက်ခါနီးပါပြီ ။
ဘုန်းကြီးရောက် မှာ နဲ့တော့ အတော်ပါပဲ ဦးကြီး ။
ဦးဖြူ ။ ။ကဲ ကဲ ဦးထွန်းဘော် ဘုန်းကြီးပင့်ချေပါ
တရားနာကြရအောင် ။
ပရိတ်သတ် ။ ။ဟော ဟော-- ဘုန်းကြီး ဦးပညာ ကိုယ်တိုင် ကြွလာတယ်။
ခြေသုတ်စရာ ပြင်ကြ ။
ဦးပညာ ။ ။ပရိတ်သတ်.... စုံကြပြီတဲ့လား ။
ဦးဖြူ ။ ။စုံလောက်ပါပြီ ဘုရား ။
ဦးပညာ။ ။စုံရင်လည်း တရားနာကြ။
သတ္တိယာဝိယ သြမဋ္ဌော၊
ဒယှမာနောဝ မတ္ထကေ။
သက္ကာယဒိဋ္ဌိ ပဟာနာယ၊
သတော ဘိက္ခု ပရိဗ္ဗဇေ ။ ။
ဘောန္တော သပ္ပုရိသ၊ နိဗ္ဗာန် မဂ်ဖိုလ် ရပါလိုဟု မြွက်ဆို ဆုတောင်း .....
အို သူတော်ကောင်း အပေါင်းတို့။
သတော၊ အစီရဝတီ မဟီ ဂင်္ဂါ ယမုနာ ၌ စုကာ သဲတူ ပွင့်တော် မူသည့် ဆူဆူ သိန်းသောင်း ဘုရားပေါင်းတို့ ပွင့်ညောင်းကာလ ခါသမယလည်း လေးဝသစ္စာ တရားသာလျှင် ပဓာနစစ် ဧကန်ဖြစ်သည်ဟု
သနစ်ပိုင်ပိုင် သိနိုင်စွမ်းသော ။
ဘိက္ခု၊ သံသရာဘေး လာမည့်ရေးကို မျှော်တွေးကြောက်တတ် ချစ်သားမြတ်သည်။
သတ္တိယာ၊ အသွားထက်မြက် လှံလက်နက်ဖြင့်။
သြမဋ္ဌော ဝိယ စ၊ မြင်သူခပဲ မရှုရဲအောင် အသဲဖို လှိုက် တုန်တုန်ခိုက်မျှ ရင်ဝကိုလှံစူး၍ နေရသောသူကဲ့သို့ လည်းကောင်း။
မတ္ထကေ၊ ခန္ဓာကိုယ်တွင် အမြတ်ပင်ဟု လူရှင်မှတ်ကြောင်း ဦးထိပ်ခေါင်း၌ ။
ဒယှမာနောဝ၊ မီးရှိန်ဟူဟူး မြင်သူမူးမျှ ဦးခေါင်းတစ်ခုလုံး ကို မီးလောင်ခံ၍ နေရသောသူကဲ့သို့ လည်ကောင်း။
သက္ကာယဒိဋ္ဌိ ၊ငါ မဟုတ်သည့် နာမ် ရုပ် နှစ်ဖြာ ငါးခန္ဓာကို ငါ သူတစ်ပါး ယောက်ျား မိန်းမ ထင်မှားကြသည့် သက္ကာယဒိဋ္ဌိ တည်းဟူသော အပါယ်ဗီဇ ထိုလှံမကြီးကို။
ပဟာနာယ၊ ဂေါတမ မြတ်စွာ သာသနာတွင် မကြာ ချက်ချင်း လက်ငင်းမကွာ ပယ်သတ်ကြခြင်းငှာ။
ပရိဗ္ဗဇေ၊ ဝိပဿနာ ဉာဏ်ပညာဖြင့် ဘာညာအရေး မရှာသေးဘဲ
အိုဘေး နာဘေး အသက်ဘေး နှင့် အပါယ်ဘေးလွတ်ရာ အရေးသာလျှင် ဦးစွာမူလ ပဓာနဟု ကျနသေကွေ အားထုတ် ထိုက်လှပေသတည်း ။
ပရိတ်သတ် ။ ။ သာဓု သာဓု သာဓု။
ဦးဖြူ ။ ။ ဘုရား ။
ဦးပညာ ။ ရင်ဝ ကို လှံစူးနေတဲ့လူဟာ ... ဝတ်ရေး စားရေး သားရေး သမီးရေးထက် ဘာအရေးအကြီးဆုံးလဲ။
ဦးဖြူ ။ ။စူးတဲ့လှံကို နှုတ်ဖို့သာ အရေးအကြီးဆုံးပါဘုရား။
ဦးပညာ ။ ။အေး -- ဟုတ်တယ်၊
ဦးခေါင်းကို မီးလောင်ခံနေရသော သူကော .... သားမယားအရေး စီးပွားရေးထက် ဘာက အရေးကြီးလဲ။
ဦးဖြူ ။ ။လောင်တဲ့မီးကို ငြိမ်းသတ်ဖို့သာ အရေးကြီးပါတယ် ဘုရား။
ဦးပညာ ။ ။အေး--ဟုတ်တယ်၊
အဲဒီလိုပဲ၊
သတ္တဝါတွေဟာလည်း သားမယားအရေး စီးပွားရေးထက်
သက္ကာယဒိဋ္ဌိကို ပယ်သတ်ဖို့ အရေးကြီးတယ် ငဖြူရဲ့။
ဦးဖြူ ။ ။မှန်လှပါဘုရား ။
ဦးပညာ ။ ။အေး ဒါ့ကြောင့် သကာယဒိဋ္ဌိ ကွာရာ ကွာကြောင်း တရားကို ဟောရပေလိမ့်မယ် ငဖြူရဲ့။
ဦးဖြူ ။ ။ ဟောတော်မူပါဘုရား ။
ဦးပညာ ။ ။သက္ကာဒိဋ္ဌိက ၂၀ ရှိတယ်။
ခန္ဓာတစ်ပါးမှာ ၄ မျိုးစွဲတော့ ... ငါး လေးလီ ၂၀ ပေါ့ ။
စွဲပုံလေးမျိုးက ဒီလိုစွတယ်။
ရုပ်သည်ပင် ငါ ၊ ငါသည်ပင်ရုပ်ဟု စွဲတယ်။
အဲဒါ တနည်း ။ဥစ္ဆေဒဒိဋ္ဌိခေါ်တယ်။
ရုပ်ထဲမှာ ငါရှိတယ်၊ပုလင်း ထဲမှာ ပန်းပွင့်ရှိသကဲ့သို့ ထင်မှတ်မှု ပဲ။
ဒါက သ ဿတ ဒိဋ္ဌိ။
ငါထဲမှာ ရုပ်ရှိတယ်၊ပန်းမှာ အနံ့ ရှိသကဲ့သို့ ထင်မှတ်မှု ပဲ။
ငါနဲ့ရုပ်တစ်ခြားစီ၊ပန်းပွင့်နဲ့အသီး တခြားစီနေသလိုပေါ့ ။
ဒါလည်း သ ဿတ ဒိဋ္ဌိပဲ။
အဲဒီလိုနဲ့ရုပ်မှာ ၄ မျိုးစွဲတယ်။
ဒါ့ကြောင့် ယခုကာလ လူတွေ ပြောကြတာဟာ ....
ဘယ်သူ အသက်ထွက်သွားပြီလို့ ပြောကြတယ်။
အဲဒါက အသက်က တစ်ခြား ရုပ်ကတစ်ခြား ထင်လို့ ပြောတာပေါ့။
တစ်ချို့ အရပ်ဒေသမှာ ...
ကလေးသူငယ်များ လန့်ပြီးငိုတဲ့ အခါ ...
လိပ်ပြာစင်သွားတယ်ဆိုပြီး စကောကို ပုတ်၍
လိပ်ပြာ ကိုပြန်ခေါ်ကြတယ် ။
ဒါတွေ ဟာလည်း အသက်လိပ်ပြာ ခေါ် ငါက တစ်ခြား ရုပ်ကတစ်ခြား ထင်မှု တွေပဲ။
သေတဲ့အခါ ... ကူးတို့ခထည့်မှု တွေ
သင်္ချိုင်းကျတော့ ... ပုဝါ ကလေးနဲ့ထည့်ပြီး လိပ်ပြာကို အိမ်သို့ပြန်ခေါ်မှုတွေ၊
တွင်းထဲမှာ ခေါင်းရင်းက လှေခါးက လှေကားကလေး ထောင်မှုတွေ ၊
အချို့ အရပ်တွေမှာ ....
လူသေကောင်နဲ့ ဘုန်းကြီး ရှေ့က ကန်တော့ပွဲတွေမှာ
ချည်မျှင်တန်းမှုတွေ၊
ပြီးတော့ တရုတ်များ မသာချတဲ့အခါ ...
လိပ်ပြာစီးပြီး ရွာကိုပြန်စေဖို့ ကြက်ကို မသာခေါင်းပေါ်မှာ တင်ခဲ့မှုတွေ၊ခေါင်းရင်းစာထည့်မှု တွေ ၊
အိမ်မှာ ခုနှစ်ရက်လည်အောင် နေတယ်လို့ထင်မှုတွေ၊
အဲဒါတွေဟာ ....ရုပ်ကတခြား ငါကတခြား ထင်မှု တွေကြောင့် လုပ်တာချည်းပဲ ငဖြူရဲ့။
ဦးဖြူ ။ ။မှန်လှပါ ဘုရား။
ဦးပညာ ။ ။နင်တို့ကော ဒီမသာမှာ ကူးတို့ခ ထည့်သေးသလား။
မြရီ ။ ။"ရှေးထုံးလည်း မပယ်နဲ့"ဆိုလို့ ထည့်လိုက်ပါတယ်ဘုရား ။
ဦးပညာ ။ ။ရှေးထုံးတိုင်း မှန်တာ မဟုတ်ဘူး မြရီရဲ့ ။
ရှေးက မိန်းမကြီးတွေရဲ့ ဘုရားရှိခိုးကို ငါဆိုပြပါ့မယ်၊နားထောင်ကြ၊ ''အရှေ့ဘက်မှာ နှင်းနဲ့ဝေဝေ နေနဲ့ဝင်းဝင်း ကျောင်းတော်ရင်းမှာ
မြောက်လက်ကင်းပုံ စပယ်ချုံကို အုတ်အုတ်သဲသဲဠ ဆုတော်ကျဲ၍
ငရဲတကာအပေါင်း လွတ်ပါစေသော မြတ်ရှင်စော
သြကာသ သြကာသ '' တဲ့။
ကိုင်း ဘာအဓိပ္ပါယ်ရှိသလဲ။
ဘုရားဂုဏ်တော်လည်း မဟုတ်၊
ဒါဟာ ရှေး အဖွားကြီးတွေ ငါတို့ ၆ နှစ်သား အရွယ်က ရှိခိုးကြတာပဲ။ ဒီဘုရား ရှိခိုးဟာ ရှေးက ရှိခိုးတာပဲ ဆိုပြီး
ယခု ရှိခိုးလို့ ကောင်းပါ့မလား ငဖြူရဲ့။
ဦးဖြူ ။ ။မကောင်းပါဘုရား ။
ဦးပညာ ။ ။အဲဒီလိုပေါ့။
ရှေးက ဟာပေမယ့် ကောင်းတာ မှန်တာမှ ယူရတယ်။
မကောင်းတာ မမှန်တာကို ပယ်ရတယ်။
ရှေးက လုပ်တိုင်းတာ မှန်ရင် ... ဘုရားပွင့်စရာတောင် မလိုပါဘူး။
ရှေး အမှားတွေကို ပယ်ရအောင် လို့ .... ဘုရားပွင့် တာ ဟဲ့ ငဖြူရဲ့။
ဦးဖြူ ။ ။မှနှ်ပါဘုရား။
ဦးပညာ ။ ။ရုပ်သည် အတ္တမဟုတ် ( ဝါ )
ငါမဟုတ် အသက်လိပ်ပြာ မဟုတ် ။
ဘာကြောင့်ဆိုတော့ မမြဲလို့ပေါ့ ။
မမြဲပုံ စီစစ်ကြရအောင်၊
မိမိတို့ ရဲ့ နှာခေါင်းကို အာရုံပြုကြ၊
ထွက်လေကို အသညထုတ်ကြည့်ကြ ၊
၎င်း လေသည် နှာခေါင်း မှထွက်လာပြီး
နှာခေါင်းနဲ့ လက်တစ်ဝါးခန့် မှာ ပျောက်ပျက် ကုန်ခန်းသွားလိမ့်မယ်။
စိတ်နဲ့မြင်အောင် ကြည့်ကြ၊ကုန်ခန်းသွားတာကို တွေ့ကြရဲ့လား။
ပရိတ်သတ် ။ ။ တွေ့ပါတယ် ဘုရား။
ဦးပညာ ။ ။ ကဲကဲ ရှိုက်ပြီး...ကြည့်ကြဦး ။
၊နှာဝ မှာဝင်ပြီး ဝမ်းထဲမှာ ပျောက်ပျက် ကုန်ခန်းသွားလိမ့်မယ်။
စိတ်နဲ့ မြင်အောင် ကြည့်ကြ၊မြင်ကြရဲ့လား။
ပရိတ်သတ်။ ။မြင်ကြပါတယ် ဘုရား။
ဦးပညာ ။ ။၎င်း ထွက်လေ ဝင်လေသည် ... ဝါယော ဓါတ် ရုပ်တရား ၊
၎င်းရုပ်သည် ဖြစ်လိုက် ကုန်ခမ်း သွားလိုက် နဲ့နေတယ်။
ဒါ့ကြောင့် ခယတ္တေန အနိစ္စံလို့ ဘုရားက ဟောတော် မူတာပဲ။
ခယတ္တေန၊ကုန်တတ် ခမ်းတတ် သောကြောင့်။အနိစ္စံ၊အနိစ္စမည်၏။
၎င်းထွက်လေ နဲ့ဝင်လေသည် ကုန်ခန်း ပြီးသည့်နောက် ....
၎င်းတို့ ၏ အမွေ အနှစ်ဟူ၍ ဘာများပြစရာ ကျန်ခဲ့သလဲ။
ဦးဖြူ ။ ။ဘာမှ မကျန်ခဲ့ပါဘုရား။
ဦးပညာ။ ။ အေး-- ဒါ့ကြောင့် ''အသာရကတ္တေန အနတ္တာ''
အသာရကတ္တေန၊ ယူစရာ ရစရာ အနှစ်သာရဘာမှ မရှိခြင်းကြောင့်။ အနတ္တာ၊အတ္တမဟုတ် (ဝါ)ငါမဟုတ်၊
အသက်လိပ်ပြာ မဟုတ် ကုန်းခန်းပြီး သည့်နောက် ယူစရာ ရစရာ အနှစ်သာရ ဘာလို့ မကျန်တာလဲဆိုတော့
အိမ်ကိုမီးလောင်တဲ့အခါ ...ဘာတစ်ခုမှ မကျန်တော့ဘူး။
၊ပြောင်သွားတာပဲဟု ပြောကြသလို
ယခုလည်း ဇရာမီး မရဏမီး လောင်သည့် အတွက် ပြောင်တာ ရစရာ မရှိတာ ။
အဲ ဒီလို ဇရာမီး မရဏမီး အမြဲတမ်း လောင်နေသည့်အတွက် ...
"ဘယတ္တေန ဒုက္ခာ "တဲ့။
ဘယတ္တေန၊ ကြောက်ဖွယ် ခမန်း ဘေးဘျ မ်းဟူသော အနက် ကြောင့် ။ ဒုက္ခာ၊ ဒုက္ခ မည်၏။
အဲဒီလို အနိစ္စ ဒုက္ခ အနတ္တဖြစ်တဲ့... ရုပ် ကို
ငါ၊ငါ့ဟာ၊ ငါ့အတ္တလို့ စွဲလမ်း ကြတာ မမှားပေဘူးလား ငဖြူရဲ့။
ဦးဖြူ ။ ။မှားပါတယ် ဘုရား။
ဦးပညာ ။ ။ယခု ပြခဲ့တာက ရုပ်သည် ငါမဟုတ်ပုံ၊
ငါသည် ရုပ်မဟုတ်ပုံ ကိုပြတာ၊
ရုပ်ထဲမှာ ငါရှိတယ်။ငါ ထဲမှာ ရုပ် ရှိတယ် ။
ငါ နဲ့ရုပ် တခြားစီလို့ ယူတဲ့ အယူ မမှန်ပုံ ကိုပြော ဦးမယ် ၊
နားထောင်။
********************************************************
'' ဓမ္မရုံးတော် ဉာဏ်မဟော်'' အပိုင်း-၇။
ရုပ် အပြင် ငါရှိသေးတယ် ဆိုရင် ....
၎င်းငါသည် ဘာပြု၍ မိမိရုပ်ကို မအိုအောင် မနာအောင် မသေအောင် ...
မလုပ်နိုင်ရသလဲ၊ လုပ်နိုင်ရမယ်။
ရုပ်ကို ပိုင်တဲ့ ငါမရှိလို့သာ... အိုကြရ နာကြရ သေကြရတာပေါ့။
ဒါ့ကြောင့် ၄င်း အစွဲ သုံးပါးဟာလည်း မမှန်ကန်ဘူး ။
ပရမတ္ထ တရားကို စိုးသူ ပိုင်သူ မရှိဘူး ။
အကြောင်းထောက်ပံ့ မှု ရှိရင် ဖြစ်တာပဲ ။
ဖြစ်တဲ့နေရာ မှာ ချုပ်ပုံကို ရှင်းပြဦးမယ် ။
နားထောင် ။
ခြေ ထောက် နှစ်ဖက်ဟာ စုံရပ်နေတဲ့အခါ...
ထောက်ကန် ဝါယော ဖြစ်နေတယ် ။
မ, လိုက်တာနဲ့ တပြိုင်နက် ထောက်ကန်ဝါယောချုပ်ပြီး
လှုပ်ရှားဝါယော ဖြစ်လာတာပဲ ။
တဖန် မ,တဲ့ခြေထောက်ကို ချလိုက်တာနဲ့ တပြိုင်နက်
လှုပ်ရှားဝါယော ချုပ်ပြီး ထောက်ကန် ဝါယော ဖြစ်လာတာပဲ ။
ဒီလိုဆိုတော့ ပရမတ္ထတရားတွေဟာ နေရာရွှေ့ ကြရဲ့လား ။
ဦးဖြူ ။ ။မရွှေ့ပါဘူး ဘုရား ၊ ဖြစ်တဲ့နေရာမှာပဲ ပျက်ပါတယ်။
ဦးပညာ ။ ။အဲ ဒီလို ဆိုတော့ ပစ္စုပ္ပန်ဘဝမှ အနာဂတ်ဘဝသို့
ရွှေ့ပြောင်းတယ်လို့ထင်တဲ့ သဿတ အယူဟာ မမှားပေဘူးလား ။
ဦးဖြူ ။ ။မှားပါတယ် ဘုရား ။
ဦးပညာ ။ ။ ပစ္စုပ္ပန် ရုပ် နာမ် သည် ဖြစ်ရာ နေရာ မှာ ချုပ်ခြင်းကြောင့် အနာဂတ်ဘဝ မရှိတော့ဘူးလားဆိုတော့ ရှိတာပေါ့ ။
မရှိရင် ဥစ္ဆေဒ ဒိဋ္ဌိဖြစ်မှာပေါ့။
ဘယ်လိုရှိသလဲဆိုတော့ ငါက ချဉ်သီးကို စားပြီး မျက်နှာ ရှုံ့ပြလိုက်ရင် နင်တို့ ပါးစပ်ထဲ တံတွေးမဖြစ်ဘူးလား ။
ဦးဖြူ ။ ။ ဖြစ်လာပါတယ် ဘုရား ။
ဦးပညာ ။ ။ငါ့ ပါးစပ်ထဲက ချဉ်ရည် ဟာ.... နင်တို့ထံ လာသလား။
ဦးဖြူ ။ ။ မလာပါ ဘုရား ။
ဦးပညာ ။ ။အေး --- ဒီလိုပေါ့ ၊
ပစ္စုပ္ပန် ဘဝမှာ ကိန်းနေတဲ့ ကံဓါတ်ကြောင့်
အနာဂါတ် ရုပ် နာမ် ပေါ်ရတာ ။
ပစ္စုပ္ပန် ရုပ် နာမ် က အနာဂါတ် သို့ ရွှေ့သွားတာ မဟုတ်ဘူး ။
အဲဒီလို မြင်လာတော့ ဥစ္ဆေဒ ဒိဋ္ဌိလည်း လွတ် ၊
သဿတ ဒိဋ္ဌိကလည်း လွတ်တော့ တာပေါ့ ။
သမ္မာဒိဋ္ဌိ ဖြစ်တာပေါ့ ။
ဒါမှ ဗုဒ္ဓဘာသာ ဖြစ်တယ်။
မိလိန္ဒမင်းကြီးက ပစ္စုပ္ပန်ဘဝက မပြောင်းလဲဘဲ အနာဂတ် ပဋိသန္ဓေ ဘယ့်နှယ့်ဖြစ်မလဲ လို့ မေးလို့
ရှင်နာဂသိန်က ပထမမီးခွက် မှာ ဒုတိယမီးခွက်က လာညှိလို့ မီးစွဲတဲ့အခါ ....
၎င်း ဒုတိယ မီးခွက် မီးဟာ ပထမ မီးခွက်က ပြောင်းလာတဲ့မီးမဟုတ်ဘဲ
အကြောင်းအကျိုးဆက်၍ ဒုတိယ မီးခွက်မှာ မီးတောက်ရသလို၊
ပြီးတော့ ဆရာ့ ထံမှ ပညာသင်တဲ့အခါ ....
ဆရာ့ထံမှ အသိဥာဏ် မပြောင်းလဲသော်လည်း
အကြောင်းအကျိုးဆက်ပြီး တပည့်မှာ အတတ်ပညာတတ်သလို
ပစ္စုပ္ပန် ရုပ် နာမ် သည် ဘဝ တစ်ပါးသို့ မပြောင်းပါဘဲ
အနာဂတ်ဘဝ မှာ ပဋိသန္ဓေတည်ကြောင်း နှင့် ဖြေတော်မူပါတယ်။
တနည်း အားဖြင့် ပြောဦးမယ် မောင်ဖြူရဲ့။
ဦဖြူ ။ ။ ဟောတော်မူပါဘုရား။
ဦးပညာ ။ ။ရန်ကုန် အသံလွင့်ရုံကနေပြီး အသံလွှင့်လိုက်တော့
မြန်မာတစ်ပြည်လုံးရှိ ရေဒီယိုတွေမှာ အသံမပေါ်ဘူးလား ။
ဦးဖြူ ။ ။ ပေါ်လာပါတယ် ဘုရား။
ဦးပညာ ။ ။အဲဒါ ရန်ကုန် အသံလွှင့်ရုံက အသံဟာ...
ရေဒီယို ရှိရာသို့လာတာ မဟုတ်ဘူး ၊
မဓါတ် ဖိုဓါတ်ကြောင့် အသံပေါ်လာတာ။
အကယ်၍သာ အသံဟာ လာရင်...
တောင်လေတိုက်နေတဲ့အခါ
ရန်ကုန်ရဲ့တောင်အရပ်မှာက ရေဒီယိုတွေမှာ အသံမပေါ်နိုင်ပေဘူး။
မြောက်လေတိုက်တဲ့ အခါ
မန္တလေး မြစ်ကြီးနားက ရေဒီယိုတွေမှာ အသံမပေါ်နိုင်ပေဘူး ။
တစ်ခါ အလွန်ဝေးတဲ့ အမေရိကန် အလွန်နီးတဲ့ တရုတ်ပြည်မှ အသံကို တပြိုင်တည်းလွှင့်တဲ့အခါ ဝေးရာက နောက်ကျပြီး နီးရာကအရင် အသံပေါ်ရမယ်။
အခုတော့ ဒီလိုမဟုတ်ဘူး ။
ပြိုင်လွင့်ရင် ပြိုင်ပဲ အသံပေါ်တယ် ။
ဒါကို ထောက်ခြင်းအားဖြင့် မလာဘဲနဲ့ ဓါတ်ခိုက်ပြီး ပေါ်လာတာလို့ယူရမယ်။
ဓါတ်ခိုက်ပြီး ဘယ့်နှယ့်ပေါ်မလဲလို့ တွေးစရာရှိတယ် ။
ပြောဦးမယ် နားထောင် ။
ဦးဖြူ ။ ။မှန်ပါ၊ ပြောပါဦး ဘုရား ။
ဦးပညာ ။ ။မြစ်ကြီးနားက မိန်းမကြီးတစ်ယောက်ဟာ ...
ရန်ကုန်မှာ သူ့သားလေးကို ကျောင်းထားတယ် ဆိုပါတော့ ။
၎င်းသားလေး အသည်းအသန် ဖျားနေတဲ့အခါ ....
လူကြုံ နဲ့လည်း မပြော စာလည်း မရပေမယ့်
၎င်းအမေမှာ မကောင်းဆိုးဝါး အိမ်မက်မြင်မက်တယ်။
အဲဒီ အိမ်မက်ဟာ ဓာတ်ခိုက်ပြီး မက်တာဖြစ်တယ် ။
ရေဒီယိုတွေဟာလည်း ဒီသဘောပဲ။
ရန်ကုန် အသံလွှင့်ရုံ က လွှင့်တဲ့ ပစ္စုပ္ပန် ရုပ် နာမ် မှာရှိတဲ့ ကံ နဲ့တူတယ်၊
ရေဒီယိုမှာ ပေါ်တဲ့ အသံက အနာဂတ် ဘဝနဲ့တူတယ်။
အမေက ရေဒီယို နဲ့တူတယ် ၊
အဲဒီလို ပစ္စုပ္ပန်ရုပ်နာမ် နဲ့ အနာဂတ် ရုပ်နာမ်တို့ ရဲ့ အစပ်ကိုမြင်မှ အဒ္ဓါန အနိစ္စကိုမြင်တယ် ။
၎င်း အနိစ္စနဲ့ အကြောင်းအကျိုး ဆက်ပုံကိုမြင်မှ ဥစ္ဆေဒ သဿတ ၂- ပါးကလွတ်တယ် ။
လွတ်မှ ဗုဒ္ဓဘာသာ ဖြစ်မယ်။
ဒါ့ကြောင့် ဘုရားကလည်း ... အစပ်သုံးဖြာ အလွှာ လေးခုလို့
ပဋိစ္စသမုပ္ပါဒ် မှာ ဟောတော်မူတယ်။
အတိတ်ဘဝက ...
အဝိဇ္ဇာ ၊တဏှာ၊ဥပါဒါန်၊ကံ ၊သင်္ခါရ က တစ်လွှာ၊
ပစ္စုပ္ပန် ဘဝက....
ဝိညာဏ် ၊နာမ်ရုပ် ၊သဠာယတန၊ဖဿ ၊ ဝေဒနာက တစ်လွှာ၊
ပစ္စုပ္ပန်ဘဝက....
တဏှာ ဥပါဒါန်၊ကမ္မဘဝ၊ အဝိဇ္ဇာ သင်္ခါရ က တစ်လွှာ၊
အနာဂတ်ဘဝက...
ဝိညာဏ် နာမ်ရုပ် သဠာယတန ၊ဖဿ၊ ဝေဒနာက တစ်လွှာ
ပေါင်းလေးလွှာ ဖြစ်တယ်။
အစပ်ကတော့ ...
အတိတ်ဘဝက တဏှာ၊ဥပါဒါန်၊ကမ္မဘဝ၊အဝိဇ္ဇာ သင်္ခါရနဲ့ ပစ္စုပ္ပန်ဘဝ ဝိညာဏ် ၊ နာမ်ရုပ်၊သဠာယတန၊ ဖဿ ဝေဒနာက တစ်စပ်။
၎င်း ဝိညာဏ် နာမ်ရုပ်၊သဠာယတန ၊ဖဿ ဝေဒနာ နဲ့ ပစ္စုပ္ပန်ဘဝ တဏှာ ၊ဥပါဒါန်၊ကမ္မဘဝ အဝိဇ္ဇာသင်္ခါရ က တစ်စပ်။
တစ်ခါ ၄င်း တဏှာ ၊ဥပါဒါန် ၊ကမ္မဘဝ၊အဝိဇ္ဇာသင်္ခါရ နဲ့ အနာဂတ်ဘဝ ဝိညာဏ် နာမ်ရုပ် ၊သဠာယတန၊ဖဿ၊ ဝေဒနာက တစ်စပ်
၊ပေါင်းသုံးစပ် မဖြစ်ဘူးလား မောင် ဖြူရဲ့ ။
ဦးဖြူ ။ ။ဖြစ်ပါတယ်ဘုရား ။
ဦးပညာ ။ ။အဲဒီလို တစ်ဘဝ နဲ့ တစ်ဘဝတို့ ၏ အစပ်ကို မြင်တော့ ...
တစ်ဆက်တည်းလို့ ထင်တဲ့ သဿတ အယူ ပျောက်မသွားဘူးလား ။
ဦးဖြူ ။ ။ပျောက်ပါတယ် ဘုရား။
ဦးပညာ ။ ။အတိတ်ဘဝက အကြောင်းကြောင့် ပစ္စုပ္ပန်ဘဝဖြစ်၊
ပစ္စုပ္ပန်ဘဝက အကြောင်းကြောင့် အနာဂတ်ဘဝ ပေါ်တယ်လို့
အကြောင်းအကျိုးဆက်ကို မြင်တော့ ဘဝပြတ်တယ် ဆိုတဲ့
ဥစ္ဆေဒ အယူ ပျောက်မသွားဘူးလား ။
ဦးဖြူ ။ ။ပျောက်သွားပါတယ် ဘုရား ။
ဦးပညာ ။ ။''အယူ နှစ်ပါး ကင်းစင်ငြား ဆိုက်သွား မဂ်သောတာ" တဲ့။
လယ်တီဆရာတော်က ဆိုထားတယ် ။
အဲဒီ အယူ နှစ်ပါး စင်ကြယ်အောင် မြင်တဲ့ အမြင်ဥာဏ်ကို သမ္မာဒိဋ္ဌိ မဂ္ဂင်လို့ ခေါ်တယ်။
နေမင်းကြီးထွက်လာရင်....
အရောင်တွေလည်း တစ်ခါတည်း ပါခဲ့သလို ...
သမ္မာဒိဋ္ဌိ နေမင်းထွက်လာရင် ....
အရောင်နဲ့တူတဲ့ ကျန်မဂ္ဂင် ခုနစ်ပါးလည်း တစ်ပြိုင်တည်းပါလာတော့တာပဲ။
မဂ္ဂင် သစ္စာဖြစ်ရင် သစ္စာလေးပါးကို သိမှု ကိစ္စ ပြီးတော့တာပေါ့ ။
သစ္စာလေးပါးကို သိရင် သောတာပန်ဖြစ်တော့တာပဲ မောင်ဖြူရဲ့။
ဦးဖြူ ။ ။မှန်ပါ၊ဝမ်းသာစရာပဲ ဘုရား။
ဦးပညာ ။ ။ဒါ ပေမယ့် မောင်ဖြူရေ ---
''သညာသိ ပညာသိ''လို့ရှိသေးတယ် ၊
၎င်းအသိ နှစ်ခုကို ဘယ့်နှယ့်လုပ်ပြီး ခွဲမလဲဆိုရင် ....
ကိုယ့်ကိုယ် ကို ဆင်ခြင်ရမယ် ။
ငါဟာ ငါးပါးသီလ မြဲရဲ့လား လို့ ဆင်ခြင်လိုက် ။
မြဲရင် ပညာသိ ။
မမြဲရင် သညာသိ ပဲ ရှိသေးတယ်။
ကြိုးစားပြီး မပိုင် ပိုင်အောင် ရှု ကြ။
ငါးပါးသီလ မြဲပြီး သူတော်ကောင်း ဥစ္စာဖြစ်တဲ့ သဒ္ဓါ ၊ သီလ ၊ သုတ ၊ စာဂ ၊ပညာ ၊ ဟိရီ ၊ သြတ္တပ္ပ တို့ တိုးပွားမှ သောတာပန် ဖြစ်တယ် ။
ကြိုးစားရင် ဖြစ်နိုင်ပါတယ်ကွဲ့ မောင်ဖြူရဲ့ ။
ဦးဖြူ ။ ။မှန်ပါ ဘုရား ။
ဦးပညာ ။ ။ အဲ--- ယခု ပြခဲ့တာ က ...
ရူပက္ခန္ဓာ မှာစွဲတဲ့ အတ္တကိုခွါပြီး သောတာပန်ဖြစ်အောင် ပြတာဖြစ်တယ်။
ဝေဒနာက္ခန္ဓာ ကိုဆက်ပြီး ဟောဦးမယ် နားထောင်ကြ။
No comments:
Post a Comment