÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ရုပ်တရားကြီးကိုပြန်စိစစ်။ ထိထိမိမိ လေ့လာဖို့၊ ဘယ်လိုတွေလေ့လာရမှာလဲ။ ကိလေသာဖြစ်တာ မဖြစ်တာစိစစ်ဖို့လိုတယ်။
ဥပမာအားဖြင့်၊ အမျိုးသမီးလေးတယောက် အမျိုးသားလေးနဲ့ ဘဝရေစက်ဆုံပြီးတော့ လင်မယားဖြစ်သွားကြတယ်။ ခုနှစ်နှစ် ရှစ်နှစ်လောက်ပေါင်းသင်း ဆက်ဆံပြီးတော့၊ သားသမီးလေးငါးယောက် လောက်မွေးလာတယ်။ စားဝတ်နေရေးကမပြေ၊အစားတွေကတိုး အလုပ်ကလျော့၊ အစားတွေကတိုး အလုပ်ကလျော့ လင်မယား ရန်တွေ့တော့တာ။
ယောက်ျားလည်း လုပ်ရတာပင်ပန်းလို့ခံပြင်းပြီ။ ဥစ္စာဖြိုစားဖိုက။ ဥစ္စာဖြိုစားဖိုက၊ မီးဖိုက အားကြီးသုံးတာ။ မယားကလည်း မသုံးပဲနဲ့အသုံးလို့ပြောတော့-ခံပျင်းတာ။ မောင်ရယ် ဖျင်းလို့ အရှေ့အိမ်က ကိုဝတို့ကြည့် လူ-စားအိုးဆယ့်နှစ်ယောက်ရှိတယ်။ ငါတို့က ခုနှစ်ယောက်ရှိသေးတာ၊ သူတို့စားတာကြည့်စမ်း၊ မောင်ကဖျင်းလို့။ခံပြင်းတော့ ရန်တွေ့ပြီ။ လင်မယား ရန်တွေ့တာ ကွဲကြတော့တာဟေ့။ လင်မယားကွဲတာ ချစ်လို့လား၊ မုန်းလို့လား။ မုန်းလို့။
နှစ်လ၊ သုံးလကြာပြီ။ မိန်းမဘက်ကဆွေမျိုး ယောက်ျားဘက်ကဆွေမျိုး မိတ်သင်္ဂဟတွေ ။ကဲ ပြန်စေ့စပ်ရအောင်ဟေ့ မင်းကမိန်းမဘက်က တာဝန်ယူ၊ ငါက ယောက်ျားဘက်က တာဝန်ယူမယ်၊ ရေလည်ပတ်လည်ပြောရတာ။ မင်းတို့ရန်တွေ့တာ ဘယ်နှစ်ကြိမ် ရှိပြီလဲ။အခု တကြိမ်။ ငါတို့ လေးကြိမ် ရှိပြီကွဲ့။ ခုမှနေသားကျသွားတာ၊ မင်းတို့ တစ်ကြိမ်တစ်ခါတော့ သည်းခံဦးမှပေါ့၊ ငါတို့ လေးကြိမ်ရှိပြီ၊ ခုမှနေသားကျတာ။ တစ်ကြိမ်တစ်ခါတော့ သည်းခံမှပေါ့။
မင်းတို့ ထမင်းစားတဲ့အခါ လျှာနဲ့သွားမကိုက်မိဘူးလား-ဘာဖြစ်လို့ကိုက်တာလဲ။ မတော်လို့ဗျာ အခုလည်း မတော်လို့ဖြစ်တာတော့ သည်းခံဦးမှ။ အဲဒီလို ရေလည်အောင်ပြောတော့ကား ပြေပြစ်မသွားဘူးလား။ လင်မယားပြန်ပြီးတော့ မပေါင်းမိဘူးလား။
အဲသည့် အမျိုးသမီးနဲ့ အမျိုးသားမှာ မုန်းစရာပါရင် ပြန်ပေါင်းလို့ရ-မရ။ မုန်းစရာပါသလား၊ ဟော ချစ်စရာသာပါမယ်၊အမျိုးသမီးနဲ့ အမျိုးသားမှာ ချစ်စရာပါရင် ရန်တွေ့တယ်လို့ ဘယ်တော့မှမရှိဘူး။ ချစ်စရာကားပါရဲ့လား။ ချစ်စရာမပါလို့ရန်တွေ့တာ၊ ဟင်-ချစ်စရာပါ ရန်တွေ့ပါ့မလား။ မုန်း--- လင်မယားကွာတယ်ဆိုတာ။ ချစ်လို့လား-မုန်းလို့လား။ မုန်းစရာပါရင် ပြန်စေ့စပ်လို့ရပါ့မလား။ မုန်းစရာမပါဘူး။ သူ့စိတ်ကလုပ်တာ မုန်းတာ၊ ချစ်တာ သူ့စိတ်ကလုပ်တာ။ အဲဒီစိတ်ကို မြင်အောင်ကြည့်။ အဲဒီစိတ်ကိုမြင်ဖို့လိုတယ် စဉ်းစားဖို့မကောင်းလား။
အဲဒီစိတ်က ဘာနဲ့တူသလဲ။ အိပ်မက်ပမာဏ။ အိပ်မက်ထဲမှာ ရွှေအိုးရလို့ မက်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလား။ သိန်းထီပေါက်လို့မက်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလား ။မနိုးခင်ကြား စိတ်ကူးမယဉ်လား။ စိတ်ကူးယဉ်တာကွဲ့။ အမေရိကန်ဒေါ်လာ တစ်သိန်းလောက် ပေါက်ကြည့် ၊တစ်သိန်းဆုလေ။ ကဲ မနိုးခင်ကြား တိုက်ဆောက်ဖို့အစီအစဉ် မထားဘူးလား။ ကားကဘယ်ကားဝယ်မယ်၊ ဘယ်ဟာ ဘယ်လိုလုပ်မယ်၊ အချိုးကဘယ်လို။ လက်သမားတွေငှား၊ ပန်းရံသမားတွေငှား၊ စိတ်ကူးယဉ်။ အဲဒီထဲက ဘွားခနဲ နိုးသွားတော့တာ။ ကိုယ့်စိတ်ကူးအတိုင်း ဖြစ်ကဲ့လား။
ကဲ ဒါ တစ်ကယ်ရှိလို့လား၊ မရှိလို့လား။ ကဲခု မုန်းစိတ်၊ ချစ်စိတ် သူ့စိတ်မှာဖြစ်တာ အိမ်မက်ပမာဏ၊ မျက်လှည့် ပမာဏ၊ တကယ်ရှိတဲ့တရား ဟုတ်ကဲ့လား။ အဲဒီလို စဉ်းစားဖို့ မကောင်းလား။ ဒီလိုဆိုရင် ရာဂ၊ ဒေါသ၊ မောဟ ဖြစ်ဖို့လိုသေးသလား။ အဲဒါကြောင့် ချစ်စရာမပါ၊ မုန်းစရာ မပါတာ ယုံရဲ့လား။ ယုံရင် မြင်တိုင်းမြင်တိုင်း၊ နိဗ္ဗာန် တဒိုင်းဒိုင်း၊ ကြားတိုင်းကြားတိုင်း တဒိုင်းဒိုင်း
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
၁၅.၅.၂ဝဝ၅
No comments:
Post a Comment