============
တရားနာတယ်တဲ့… တရားအားထုတ်တယ်၊ တရားလေ့လာတယ် ဆိုတာ မိမိခန္ဓာမှာ ရှိတဲ့တရားနဲ့ အသိဉာဏ်နဲ့ ထပ်သွားဖို့ လိုတယ်နော်။ ရှိတဲ့တရား ဆိုတာ အာရုံနဲ့ ဒွါရ တိုက်ပြီးတော့ ပေါ်လာတဲ့ ခန္ဓာငါးပါးကို ပြောတာနော်။
ဉာတပရိညာစာအုပ်ထဲမှာ အာရုံနဲ့ ဒွါရ တိုက်ပြီးတော့ ပေါ်တဲ့ ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုလို့ မပါလား။ အလေးချိန် သုံးဆယ် လေးဆယ်ရှုမရဘူးပေါ့။အလေးချိန် သုံးဆယ် လေးဆယ်ဆိုတာ အဖေ မိဘမွေးတဲ့ မျက်စိနဲ့မြင်တဲ့ ခြေလက်အင်္ဂါ သုံးဆယ့်နှစ်ကောဋ္ဌာသ ကိုယ်ကောင်ကြီးကိုပြောတာ။ ဒါ ၀ိပဿနာ မထိုက်ဘူးနော်။ ရုပ်နှစ်ခုတိုက်မှ ပေါ်တဲ့ခန္ဓာငါးပါးကို ရှုရမယ် ကြားလား။
မျက်စိအကြည်ရှိရင် ရူပါရုံအဆင်း တိုက်မယ်၊ဆိုင်ရာ ၀ိညာဏ် မြင်သိစိတ် မပေါ်ဘူးလား။
နားအကြည်ရှိရင် အသံတိုက်မှာပေါ့။ ကြားသိစိတ် မပေါ်ဘူးလား။
နှာခေါင်းအကြည်ရှိရင် အနံ့တိုက်မယ်နော်။နံသိစိတ် မပေါ်ဘူးလား။
လျှာအကြည်ရှိရင် ချို၊ချဉ်၊စပ်၊ငန်၊ဖန်၊ခါး ရသာခြောက်ပါး မတိုက်ဘူးလား။ စားသိစိတ် မပေါ်လား။
ကာယအကြည်ရှိရင် ပထဝီဖောဋ္ဌဗ္ဗ၊ တေဇောဖောဋ္ဌဗ္ဗ၊ ဝါယောဖောဋ္ဌဗ္ဗ မတိုက်ပေဘူးလား။ ထိ သိစိတ် မပေါ်လားဟေ့။
မနောအကြည်ရှိရင် ဓမ္မာရုံတိုက်မယ်နော်။ကြံသိစိတ် ပေါ်မယ်။
ပေါ်ရင် တစ်ဝိညာဏ်ထဲ ပေါ်လို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့ သဟဇာတဖြစ်တဲ့ ဝေဒနာ၊သညာ၊ စေတနာ မပါလား။
မျက်စိနဲ့ ဆိုင်ရာ ရူပါရုံအဆင်း တိုက်မှာပေါ့။ တိုက်ရင် မြင်သိစိတ် စက္ခုဝိညာဏ် မပေါ်လား။ ပေါ်ရင် တစ်ဝိညာဏ်ထဲ ပေါ်လို့ ဖြစ်သလား။ မဖြစ်ရင် သူနဲ့ သဟဇာတဖြစ်တဲ့ ဝေဒနာ၊သညာ၊ စေတနာ မပါလား။အဆင်းလို့ ခံစားတာ လူလား ဝေဒနာလား။နတ်လား ဝေဒနာလား။ ဗြဟ္မာလား ဝေဒနာလား။ ဝေဒနာ နော်။ အဆင်းလို့ မှတ်တာ လူ၊နတ်၊ ဗြဟ္မာလား သညာလား။ ခံစားနိုင်အောင် စေ့ဆော်တာ၊ မှတ်သားနိုင်အောင် စေ့ဆော်တာ လူ၊နတ်၊ ဗြဟ္မာလား စေတနာလား။
ဝေဒနာ၊သညာ၊ စေတနာ သုံးခု ပေါင်းတော့ နာမက္ခန္ဓာလေးပါး မပြည့်လား။ ဤလေးပါး ပြည့်စုံမှ မြင်သိစိတ်ဖြစ်တာနော်။ လူ၊နတ်၊ ဗြဟ္မာလား နာမက္ခန္ဓာလေးပါးလား။ မျက်စိအကြည်က လူ၊နတ်၊ ဗြဟ္မာ ဟုတ်ကဲ့လား။ ရူပါရုံအဆင်းက လူ၊နတ်၊ ဗြဟ္မာ ဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည့်တော့ ရူပက္ခန္ဓာ မရလား။နာမက္ခန္ဓာလေးပါးနဲ့ ရူပက္ခန္ဓာပေါင်း။ ဒါမျက်စိမှာ ပေါ်တာနော်။
ကိုယ်ထင်တာက လူ၊နတ်၊ ဗြဟ္မာ။ မြင်နေ တွေ့နေတာက ခန္ဓာငါးပါးပေါ့။ ဒါသက္ကာယတရားလို့ မဟောဘူးလား။ ကဲ ငါလို့ ယူဦးမလား။ လူ၊နတ်၊ ဗြဟ္မာ လို့ ယူဦးမလား။ အမှန်သိတော့ အမှား မပျောက်လား။ အဲဒါ လိုရင်း အချက် ကွဲ့နော်။ မြင်ဆဲ လူ၊နတ်၊ ဗြဟ္မာ လား ခန္ဓာငါးပါးလား။ ကြားဆဲ မြို့ရွာ တိုင်းပြည်လား ခန္ဓာငါးပါးလား။ ခန္ဓာငါးပါးလို့ အမှန်သိ... ဤ ခန္ဓာငါးပါး တရားပေါ်မှာ လူ၊နတ်၊ ဗြဟ္မာ သတ္တဝါ လို့ အမှတ်မှား အသိမှား အယူအဆမှားတွေ မပျောက်လား။ အမှန် သိတော့ အမှား ပျောက်တယ်နော်။ အမှားပျောက်ရင် သက္ကာယဒိဋ္ဌိ မပြုတ်လား။ ဤခန္ဓာငါးပါးက မြင်ပြီးရင် မပျက်လား။ ကြားပြီးရင် မပျက်လား။ အပျက်ကို သိတော့ ခိုင်တယ် မြဲတယ်လို့ ယူဦးမလား။ အပျက်ကိုသိတော့ ခိုင်တယ် မြဲတယ်လို့ ယူတဲ့ သဿတဒိဋ္ဌိ မပြုတ်လား။ နောက်ခန္ဓာ အစားထိုးတာ သိတော့ ဘဝပြတ်တယ်လို့ ယူဦးမလား။ အစားထိုးတာ သိတော့ ဘဝပြတ်တယ်လို့ ယူတဲ့ ဥစ္ဆေဒအယူ မပြုတ်လား။ ခန္ဓာငါးပါး ခန္ဓာငါးပါးလို့ အမှန်သိရင် သက္ကာယဒိဋ္ဌိ ပြုတ်တယ်နော်။ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ သက္ကာယဒိဋ္ဌိပြုတ်ရင် သောတာပန်ပေါ့။ သောတာပန် ဖြစ်ရင် ချမ်းသာစစ်ကို ရပြီနော်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅) ည (၇) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment