Friday, July 10, 2015

သြော်​ ရဟန်း ဘဝ

မိုးလေးကအေး... အတိတ်ကိုတွေးတော့...
ကျေးဇူးရှင် ဆရာသခင်
မုံလယ်ဆရာတော်ကြီး မိန့်​​တော်​မူခဲ့ဖူးတဲ့ရဟန်းဘဝ အကြောင်း အထွေထွေ တခါက သတိရမိတယ်။
သောဏ သူဌေးသား ဟာ အရှင်မဟာကစ္စည်း မထေရ်ရဲ့ တရားကို နာပြီး ကြည်ညိုလွန်းလို့ ရဟန်းပြုဖို့ တောင်းပန်တော့....

မထေရ်မြတ်က...
ရဟန်းဆိုတာ...တထပ်သာ စား တယောက်တည်း အိပ်
ကိုယ်စားချင်တာ မစားရ သူများလှူတာကို စားရ
ကိုယ်သွားချင်သလို မသွားရ
ကိုယ်နေချင်သလို မနေရ
ကိုယ်ပြောချင်သလို မပြောရ
သူတပါးကြည်ညိုအောင် နေရထိုင်ရ သွားရပြောရတယ် မလွယ်ဘူး လို့ မိန့်ပြီး ပယ်သတဲ့
နောက် ဒုတိယအကြိမ် ထပ်တောင်းပန် ထပ်ပယ်

တတိယ ကျတော့
အရှင်ဘုရား စားနိုင်ရင် တပည့်တော်လည်း စားနိုင်ရမယ်
အရှင်ဘုရား နေနိုင်ရင် တပည့်တော်လည်း နေနိုင်ရမယ်
အရှင်ဘုရား အိပ်နိုင်ရင် တပည့်တော်လည်းအိပ် နိုင်ရမယ်သာသနဘောင်သွင်းတော်မူပါ
လို့လျှောက်မှ ဝတ်ပေးသတဲ့
ဆိုတာကို အားရပါးရ မိန့်လေ့ရှိပြီး...
အဲလိုသာပြောရင် အခု တပါးမှ ကျန်မှာ မဟုတ်ဘူးကွဲ့ ချော့ရတာ ချော့ရတာ တဲ့

ဆရာ ... တပည့်တွေအပေါ် အေးမြတဲ့ မေတ္တာ နွေးထွေးတဲ့ ကရုဏာ နဲ့ မျက်နှာမလိုက် ဘဲ အပြစ်ရှိလည်း မညှာ မှတ်လောက်အောင် ဆုံးမသွန်သင် ရှာပုံများ ကို ပြေးသတိရမိတယ်။
ဆရာက ချော့ရတာတဲ့။  မှန်ပါတယ် ။
မျက်ရည်ကျ တာ ကိုယ့်အတွက်တွေး မျက်ရည်ကျတယ်ဆိုတာ တယ်မှန်ပါတယ် ။ဆရာသာရှိရင်.... ဆိုတဲ့ အတွေးကလည်း ကြားဖောက် ပေါ်ပေါ်လာတတ်သလို
ဆရာလွန်တာ ၄ နှစ်တောင် ကျော်ခဲ့ပြီ... လွန်တော်မူစဉ်က မျက်ရည်ကျ ရတဲ့ ခံစားမှုမျိုးလည်း ပေါ်ပေါ်လာဆဲပါဘဲ။
တပည့်တယောက်အတွက် ဆရာဟာ အင်မတန် မှ အရေးကြီးတာပါ။

ဆရာတော်ကြီးက ခဏခဏ မိန့်ပါတယ်။
ရဟန်းဆိုတာ ခြေပြတ် လက်ပြတ်နဲ့ တူတယ်တဲ့။
အနားမှာ မုန့်ရှိတယ် မကပ်ရင်မစားကောင်းဘူး မပင့်ရင် မကြွကောင်းဘူးတဲ့။

တခါကျတော့လည်း မိုးညှင်းဆရာတော်ကြီး မိန့်တော်မူတာနဲ့ ဆုံးမပြန်ပါတယ်။
စားစရာကလည်း ဒကာတွေကပ်တာ စားဖို့အတွက်မပူရ
ဝတ်စရာကလည်း ဒကာတွေလှူတာ
နေစရာကလည်း ဒကာတွေ ဆောက်လှူတာ ဝတ်ဖို့နေဖို့အတွက်မပူရ
နေမကောင်းထိုင်မသာဖြစ်ရင်လည်း ဒကာတွေဆေးဝါးလှူတာ
လုပ်တာကျတော့ သံသရာလွတ်ကြောင်း ကိုယ့်အလုပ်
ဒါထက်ကောင်းတဲ့ ဘဝ ဘယ်မှာ ရှိဦးမှာလဲ တဲ့။

တခါကျပြန်တော့လည်း စွန်းလွန်းထေရုပ္ပတ္တိက စွန်းလွန်းဆရာတော်ကြီး ရဟန်းမဝတ်ခင်က စဉ်းစားတယ်တဲ့
စီးပွားရေးနဲ့ ပတ်သက်လို့ အကုသိုလ် အပြစ်လွတ်ဖို့ကင်းဖို့ မလွယ်လှကြောင်း
လွတ်တာဆို ဘုန်းကြီးလုပ်ရင်လုပ် မလုပ်ရင် အရှုးလုပ်မှတဲ့။
ဂုန်နီအိတ် လေးဖက်ထောင့်ဖောက် လိုက်တောင်းစားရင် အရှုးကြီးဆို ပေးကြမှာလို့ သံဝေဂယူပုံကိုမိန့်တတ်ပါတယ်။

တခါ ကျတော့လည်း ကုံလုံဆရာတော်ကြီး ကမိန့်ဖူးတယ်တဲ့ ဘာလိုသလဲမေးရင် ပြည့်စုံပါတယ်လို့ပြောရတယ် ဘာလိုတယ် ညာလိုတယ်လို့ မိဘနဲ့ ပင့်ဖိတ်သူကလွှဲ အလှူမခံရဘူးမတောင်းရဘူးတဲ့
လိုတယ်ဆို လိုဘဲနေတော့တာ မပြည့်တော့ဘူးတဲ့
ပြည့်စုံပါတယ်ဆို ပြည့်လို့ဘဲနေတာတဲ့

တောင်တန်းသာသနာပြုဆရာတော်ကြီးစာအုပ်လာလှူတဲ့ ဆရာတော်တပါးက ရေးထားတယ်တဲ့
၆ဒွါရမှာ ဘာကိုမှ မလိုချင်တဲ့သူ ဖြစ်ရပါလို၏တဲ့ ဘယ်လောက်ကောင်းလဲတဲ့

မရှိတာ မရှာနဲ့ ရှိတာနဲ့ ရောင့်ရဲ့ရမယ်တဲ့
အရှင်သာရိပုတ္တရာ တို့ သူဌေးသားတွေ သဲခင်းလို့နေတာတွေ မရှိတာကို ရှာကို မရှာဘူး စိတ်ကို နိုင်တာတဲ့

ဆရာတော်ကြီး ဆုံးမခဲ့တာတွေ တွေးလို့  သတိရမိပါတယ်။

အရှင်တေဇနိယ မုံလယ်ဇ

No comments:

Post a Comment