Wednesday, July 8, 2015

နှစ်က သုံးကို မကူးပုံ။


==============

နှစ်က သုံးကို မကူးဖို့။ တစ်ကတော့ နှစ်ကို ရောက်လာတယ် ။ နောက်ဆုတ်လို့ မရတော့ဘူး။ နှစ်အကွက်မှာ မျိုးစေ့ကျနေပြီ။ အပင် ပေါက်နေပြီ ကြားလား။ နောက်ထပ် အဲဒီ အပင်ထဲက အပွင့် မပွင့်ဖို့ အသီး မသီးဖို့ လိုတာ။ စဉ်းစားဖို့ မကောင်းလား ။ ဝေဒနာနဲ့ တဏှာ ကြားမှာ တစ်စပ်။ ဝေဒနာနဲ့ တဏှာကြားမှာ… မှာ ထည့်သေးတာနော်။   ဝေဒနာနဲ့ တဏှာကြားမှာ တစ်စပ်။ ဒါဘယ်လိုစပ်တာလဲတဲ့။
အဲဒီဝေဒနာကို ပုဂ္ဂိုလ် သတ္တဝါ အနေနဲ့ နှလုံးသွင်း မှားတယ်။ သားအနေနဲ့ နှလုံးသွင်း မှားတယ်။ သမီးအနေနဲ့ နှလုံးသွင်း မှားတယ်။ အမျိုးသမီး အမျိုးသားလေးနဲ့ နှလုံးသွင်း မှားတယ်။ မင်းသမီး မင်းသားနဲ့ နှလုံးသွင်း မှားတယ်။ နှလုံးသွင်း မှားတော့ လိုချင်တဲ့ တဏှာ မလာဘူးလား ။ ဝေဒနာပစ္စယာ တဏှာလို့ မဟောဘူးလား ။
စင်စစ်တော့ကာ အမျိုးသမီးလား ဝေဒနာလား။ အမျိုးသားလား ဝေဒနာလား ။ ခံစားတာ လူလား ဝေဒနာလား ။ နတ်လား၊ ဝေဒနာလား ။ ဗြဟ္မာလား၊ ဝေဒနာလား ။ ကဲ ဝေဒနာ ဆိုတာ မထင်ရှားဘူးလား ။ ကဲ ဝေဒနာလို့ သိတော့ ဒိဋ္ဌိ မပြုတ်ဘူးလား ။  တွေ့တာက  အမျိုးသမီး တွေ့တာလား ဝေဒနာလား ။ အမျိုးသား တွေ့တာလား ဝေဒနာလား ။ မင်းသမီး မင်းသား တွေ့တာလား ဝေဒနာလား ။ကဲ အမျိုးသမီးမတွေ့ အမျိုးသားမတွေ့ ပုဂ္ဂိုလ် သတ္တဝါမတွေ့၊ တွေ့တာက ဝေဒနာ။ တွေ့တာကို အမှန်မယူရဘူးလား ။ ဆိုး ကောင်း နှစ်ပါးခံစားတာ ဝေဒနာ။ ကြားလား။ ကဲ ဝေဒနာ သိတော့ လူစွဲဒိဋ္ဌိ နတ်စွဲဒိဋ္ဌိ မပြုတ်ဘူးလား။ ဒိဋ္ဌိပြုတ်ရင် ဗြဟ္မာကြီး လေးဦးက ဖန်ဆင်းတယ်။ ထာဝရဘုရားက ဖန်ဆင်းတယ်။ ဗိဿနိုးနတ်က ဖန်ဆင်းတယ်လို့ ယူဦးမလား ။ ဝိစိကိစ္ဆာ မချုပ်ဘူးလား ။ အာသဝအနေနဲ့ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝချုပ်တယ် ကြားရဲ့လား။ စိစစ်ဖို့ မကောင်းလား ။
ကဲ အဲဒီဝေဒနာက ခံစားပြီးတော့ မပျက်လား ။ ပျက်တယ်ဆိုတော့ ဝေဒနာ တွေ့တာလား မရှိတာတွေ့တာလား ။ မရှိတာ အနိစ္စ သိတာမဂ္ဂ လို့ မဟောဘူးလား ။ ကဲ ဝေဒနာ မတွေ့တော့ဘူးနော်။ တွေ့တာက အနိစ္စ။ အနိစ္စ လက္ခဏာ ဒုက္ခသစ္စာ၊  ဒုက္ခလက္ခဏာ ဒုက္ခသစ္စာ၊ အနတ္တလက္ခဏာ ဒုက္ခသစ္စာ။ ချမ်းသာတဲ့တရားလား ဆင်းရဲတဲ့တရားလား ။ သြော် ခန္ဓာရတဲ့ ပုဂ္ဂိုလ်က အင်မတန် ဆင်းရဲတာကိုးကွဲ့။ ဝေဒနာလို့ အမည်တပ်လိုက်ရင် သူနဲ့ သဟဇာတဖြစ်တဲ့ သညာတို့ စေတနာတို့ ဝိညာဏ်တို့ ပါပြီးပြီ ကွဲ့နော်။ အဲဒီလို စိစစ်ဖို့ မကောင်းလား ။ ပေါ်လွင်တာက ဝေဒနာ။
ကဲ ဒီလိုဆိုတော့ ဒုက္ခသစ္စာပိုင်းခြားသိတဲ့အခါ နှစ်က သုံးကို ကူးသေးရဲ့လား ။ အဲဒါ ဝေဒနာ ကျော်တယ် လို့ ဟောတာ။ တဏှာမလာတာ။ အဲဒီလို လေ့လာ။ကြားလား။ အဲဒါ ဝေဒနာနိရောဓာ တဏှာနိရောဓော။ အဲလို စိစစ်ဖို့ မကောင်းလား ။ ဒါတော့ အာသဝ အနေနဲ့ ကာမာသဝနဲ့ ဘဝါသဝ ချုပ်တယ်။ ဒုက္ခသစ္စာ ပိုင်းခြားသိတော့ တဏှာ လာသေးရဲ့လား ။ ဥပါဒါန် လာသေးရဲ့လား ။ ကာမာသဝနဲ့ ဘဝါသဝ ချုပ်တယ်။ ဝေဒနာလို့ သိတော့ ဒိဋ္ဌိ မပြုတ်ဘူးလား ။ ဝိစိကိစ္ဆာ မချုပ်ဘူးလား ။ ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝချုပ်တယ်။ အနိစ္စလက္ခဏာ ဒုက္ခသစ္စာ ပိုင်းခြားသိတော့ ကာမာသဝနဲ့ ဘဝါသဝ ချုပ်တယ်။ အာသဝေါတရား လေးပါး မကုန်လား ။ ကုန်ရင် သမုဒယသစ္စာ မသေလား ။ နောက်ခန္ဓာ ဇာတ်မသိမ်းလား ။ နိရောဓသစ္စာလို့ မဟောဘူးလား ။ အဲဒီနေရာ ရောက်အောင် ကြိုးစားရမယ်ကြားလား။  ဒီလိုဆိုရင် နှစ်က သုံးကို ကူးသေးရဲ့လား ။ ဒါကြောင့် ဝေဒနာနဲ့ တဏှာကြားမှာ တစ်စပ်ဆိုတာ ကိလေသာဝင်ရင် မဂ္ဂသစ္စာလည်း ဝင် လို့ရတယ်။ စိစစ်ဖို့ မကောင်းလား ။ အဲဒါ မဂ္ဂသစ္စာ ဝင်ဖို့ လိုတာ။ ထိထိမိမိ ဒါ သဘောပေါက်ဖို့ လိုတယ်နော်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ လောကချမ်းသာဘုရားကြီး၌
၁၃၆၇ ခုကဆုန်လပြည့်ကျော် ၈ရက် တနင်္လာနေ့ (၃၀.၅.၂၀၀၅) ည(၇)နာရီ အချိန်တွင် ကျင်းပပြုလုပ်အပ်သော ဝိပဿနာ (၅) ရက်တရားစခန်း၏ စခန်းသိမ်းပွဲ၌ ဟောကြားဆုံးမတော်မူအပ်သော ခန္ဓာဉာဏ် ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment