Wednesday, July 8, 2015

“မာပေါက်ရင် ငါပျောက်ပြီ။”(နှီး-တောင်းဥပမာပြ)


ကဲ တခါ ဥပမာတစ်ခု ပေးလိုက်ကြစို့။ လူတွေ အတော့်ကို မျက်စိလည်တာ။ မျက်စိ လည် ပျောက်အောင်လို့ တရားဟောရတာ။ အမှန်သိရင် အမှားပျောက်တယ်။ နှီးကောင်းကောင်း၊ နှီးသပ် ကောင်းကောင်း၊ တောင်းရက် ကောင်းကောင်း။ မကြားစဖူး ကြားဖူးထပ်မံ။ ရေနဲ့ဖြန်းလိုက်။ လူလေးငါးခြောက်ယောက်က ရပ် ကြည့်နေတာ။ ကဲ အဲဒီလို နေတဲ့အခါ နှီးကို မမြင်ရဘူးလား။ နှီးကို မြင်ရတယ်။ နှီးလေး အတော်လေးပျော့လို့ ထိုင်းတဲ့အခါ သုံးချောင်းချ နှစ်ချောင်းမ။ နှစ်ချောင်းချ သုံးချောင်းမ။ နာရီဝက်လောက် ကြာသွားကာ တောင်းတစ်လုံးပြီးသွားပြီ။ နှီးတွေ့တာလား တောင်းတွေ့တာလား။ နှီးက ဘယ်ရောက်သွားလဲ ဟေ့။ ဟင် စဉ်းစားနော် လူတွေ မျက်စိလည်တာ။ နှီးကို မတွေ့ဘူးကွဲ့။ တောင်းသာ တွေ့တော့တာ။ နှီးတွေ့သလား တောင်းတွေ့သလား။
အဲဒီတောင်း အစသတ်တဲ့နေရာက အကုန်လုံး ပြန်ပြီးတော့ အကုန် ဖြုတ်ချလိုက်။ အကုန်လုံး ဖြုတ်ပစ်တဲ့အခါ တောင်းတွေ့မလား နှီးတွေ့မလား။ ဟော တောင်းက ဘယ်ရောက်သွားပြန်ပြီလဲ ဟေ့။ အမ်  စဉ်းစား လူတွေ မျက်စိလည်တာ။ တောင်းကို ရှာလို့ မတွေ့  နှီးပဲ တွေ့တယ်။ ကဲ ပုံစံတစ်မျိုး ရက်လိုက်။ ရက်တော့ နာရီဝက်လောက် ကြာတော့ တောင်းတစ်လုံး ပြီးမသွားဘူးလား။ နှီးတွေ့တာလား တောင်းတွေ့တာလား။ စဉ်းစား လူတွေ မျက်စိလည်တာ။
ကဲ ဘုရားပေးတဲ့ ၀ိဇ္ဇာဆိုတဲ့ မျက်မှန်နဲ့ တပ်ကြည့်။ နှီးကို မြင်တာလား အဆင်းကို မြင်တာလား။ တောင်းကို မြင်တာလား အဆင်းကို မြင်တာလား။ သြော် အဆင်းကို မြင်တာကွဲ့။ စဉ်းစားနော် ။
အမှန်သိရင် အမှားပျောက်တယ် လို့ မဟောဘူးလား။ စိတ်က နှီးလို့ မထင်လား။ တောင်းလို့ မထင်လား။ ရှိတယ်လို့ မယူလား။ ဘုရားပေးတဲ့ ဉာဏ်လက်နဲ့ ကိုင်စမ်းကြည့်။ ကိုင်စမ်းကြည့်။ တောင်းတွေ့မလား မာတာတွေ့မလား။ နှီးတွေ့မလား မာတာ တွေ့မလား။ နှီးဘာဖြစ်လို့ မတွေ့တာလဲ။ တောင်း မတွေ့တာ ဘာဖြစ်လို့လဲ။ တွေ့တာက မာတဲ့သဘော။ မာတဲ့သဘော မာသဘော၊ မာဓာတ်၊ မာပရမတ်။ အဲဒီ မာ ပေါက်ဖို့လိုတယ်။ “မာပေါက်ရင် ငါပျောက်ပြီ။” ဟော အခု မာ မပေါက်တော့ နှီးက မပျောက် တောင်းကမပျောက်။ နှီးနဲ့ တောင်း မပျောက်တော့ လူကမပျောက်။ သက္ကာယဒိဋ္ဌိ ။
အမှန်သိတော့ အမှားပျောက်တယ် မဟောဘူးလား။ ကဲ မာတယ်လို့ သိတာ သူ၊ငါလား နာမ်တရားလား။ ကာယအကြည်နဲ့ မာတာက ရုပ်တရား မရလား။ နာမ်ရုပ် နှစ်ပါး။ တောင်းလား နာမ်နှင့်ရုပ်လား။ နှီးလား နာမ်နှင့်ရုပ်လား။ လူလား နာမ်နှင့်ရုပ်လား။ ဗြဟ္မာလား နာမ်နှင့်ရုပ်လား။ နတ်လား နာမ်နှင့်ရုပ်လား။ သက္ကာယ တရား။ ကဲ ငါပါသေးရဲ့လား။ အဲဒါ ယုံကြည်ဖို့ လိုတာ။ ကဲ-အမှန်သိပြီ။ အမှန်သိတော့ လူလို့ နှလုံးသွင်း မှားတာတွေ မပျောက်လား။ နှီးလို့ မှားတာတွေ မပျောက်လား။
အဲဒီ နာမ်ရုပ်ပေါ်မှာ နှီးလို့တော့ မသမုတ်ဘူးလား။ တောင်းလို့တော့ မခေါ်ဘူးလား။ လူလို့တော့ မခေါ်ဘူးလား။ ချစ်သ္မီး ချစ်သားတို့လို့ မခေါ်လား။ ညီတော် အာနန္ဒာ မခေါ်လား။ သားတော် ရာဟုလာလို့ မခေါ်လား။ ခေါ်တာ ပယ်ရဲ့လား။ မပယ်ဘူး။ ဒါသမုတ်ရှိ။ ဘာတွေ ပယ်တာလဲ စိစစ်ဖို့ မကောင်းလား။ ညီတော် အာနန္ဒာလို့ မထင်ဘူးလား။ ရှိတယ်လို့ မယူလား။ ကဲ ဘုရားပေးတဲ့ ဉာဏ်လက်နဲ့ ကိုင်စမ်းကြည့်။  ညီတော် အာနန္ဒာလို့ ထင်တာ။ ဆံဖျားက ခြေဖျား အရောက်ကို ကိုင်စမ်းကြည့်။ ညီတော် အာနန္ဒာတွေ့မလား ပူနွေးနွေးတွေ့မလား။ ပူတာ ဥဏှတေဇော။ တစ်နည်းအားဖြင့် ကိုင်စမ်းကြည့် အေးတာ မတွေ့လား။ ညီတော် အာနန္ဒာလား တေဇောဓာတ်လား။ အေးတာ သီတ တေဇော။ ပူတာ ဥဏှ တေဇော။ ပူတယ် အေးတယ် သိတာ သူ၊ငါလား ကာယ၀ိညာဏ်လား။ ကာယ၀ိညာဏ်က နာမ်တရား မရလား။ ပူတာအေးတာက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါး။
ညီတော် အာနန္ဒာလား နာမ်နှင့်ရုပ်လား။ ကဲနာမ်ရုပ်ပဲ တွေ့တယ်နော်။ ညီတော် အာနန္ဒာ မတွေ့တာ ရှိလို့လား မရှိလို့လား။ ယုံရဲ့လား။  မရှိရင် ဘယ်လို စွဲမလဲ။ ကဲ သက္ကာယဒိဋ္ဌိ မပြုတ်လားဟေ့။ နာမ်ရုပ်ပေါ်မှာ ညီတော် အာနန္ဒာလို့တော့ မခေါ်ရဘူးလား။ တွေ့တာက ညီတော် အာနန္ဒာလား နာမ်နှင့်ရုပ်လား။ “နာမ်ရုပ်လို့သိ သမုတ်တာသိ။” ခေါ်တာလည်း မပယ် တွေ့တာက နာမ်နှင့်ရုပ်။ ဘာတွေ ပယ်တာလဲ။ ညီတော် အာနန္ဒာလို့ ထင်တယ်။ ရှိတယ်လို့်ယူတယ်။ အထင်နဲ့အယူကို ပယ်တာ။ အဲဒါမှ မသိ ဘုန်းကြီးလည်း မတတ်နိုင်ဘူး။ ကြားလားဟေ့။ အဟမ်း ဟမ်း ဟမ်း။ စဉ်းစား ။
ကဲ တွေ့တာနဲ့ ထင်တာနဲ့ ပိုင်းခြားဖို့ မလိုဘူးလား။ ဉာတပရိညာ ။ အဲဒါကို ထပ်ကာ ထပ်ကာ ထပ်ကာ လေ့လာဖို့ လိုတယ်။ အခုတော့ ဒါ ခန္ဓာက ပြနေတာကို မသိဘူး။ လျှောက်ပြီးတော့ ဟိုတွေး ဒီတွေး…မတွေ့ဘူးဟေ့။ ၀င်းဝင်းကြီး ပေါ်လာတာဟေ့ လာပြီ ကြားလား။ အရိုးစုကြီးတွေကွာ၊ အရိုးစုကြီးတွေ ဟေ့ လာပြီ။ စဉ်းစားဖို့ မကောင်းလား။ အေး အေး အဲလို လေ့လာ။ ခန္ဓာပြတာကို လေ့လာရမှာ။ အဲဒါ သဘောပေါက်ဖို့ မလိုဘူးလား။ အဲဒါ ရှိတာနဲ့ သိတာနဲ့ ထပ်မသွားဘူးလား။ အေး အဲဒါ လိုတယ်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။

အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅) နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment