======================================
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ စေတနာအတိုင်း အကျိုးပေးတယ်တဲ့ ဗျာ့။ စေတနာအတိုင်း အကျိုးပေးတယ်။
မကြားစဖူး ကြားဖူးထပ်မံ။ ရှေးထက်ကျော်ကာရီက တိုင်းပြည် အုပ်ချုပ်တဲ့ ရှင်ဘုရင်ကြီး တောလည် ခစားသွားတာ ရာသီဥတုက တန်ခူး ကဆုန် သစ်ရွက်တွေက ကြွေ။ မကြွေတာက သုံးပုံမှာ တစ်ပုံလောက် ကျန်နေတယ်။ ကြွေတာက များတယ်။ အဲဒီမှာ သီလမရှိတဲ့ ရဟန်းကြီး ဒုဿီလပုဂ္ဂိုလ်လို့ ခေါ်တယ်။ သူ့ကို လူတွေ မြင်ကာ အကြည်ညိုပျက်မှာ စိုးလို့ လူသူလေးပါး အရောက် အပေါက်နည်းတဲ့ ချောင်းထဲ မြစ်ထဲမှာ ငါးသွားမျှားတာ။ အဲသည် ရဟန်းကြီးကလေ လူတွေမြင်မှာ စိုးတာကိုး။ ဒုဿီလပုဂ္ဂိုလ်ကြီး ငါးမျှားတာ။
ငါးမျှားတော့ ချွတ်ချွတ်သံကြားတော့ နားထောင်။ အဲသည် ချွတ်ချွတ်သံဟာ လူဆိုရင် ခြေထောက်က မပြီးတော့ ဒီလိုကြွသွားတာ နှစ်ချောင်း။ တိရစ္ဆာန်ဆိုတော့ လေးချောင်း ခတ်မသွားဘူးလား။ ကဲ လေးချောင်းခတ်တာနဲ့ နှစ်ချောင်းကြွတာနဲ့ အသံချင်း တူရဲ့လား။ သင်္ကေတ အမှတ် ဟောဒီအသံ လူသံပဲ။ ငါးမျှားတုတ်တံကို ဖွက် သစ်ပင်အရင်းမှာ ထိုင် ဖလသမာပတ် ဝင်တဲ့ပုံပေါ့ဟာ နေလိုက်တာ။ ရှင်ဘုရင်ကြီးတွေ့ ဦးတိုက်ရှိခိုး။ အရှင်ဘုရား အရှင်ဘုရား။ အရှင်ဘုရား ဘယ်မှာ သီတင်းသုံးသလဲဘုရာ့။ နေလို့ကောင်းရဲ့လား။ ထိုင်လို့ကောင်းရဲ့လား။ ဘယ်လိုပဲ လျှောက်လျှောက် မထူးဘူး။ ဘယ်လိုပဲ လျှောက်လျှောက် မထူးဘူး။
ဧကန်မုချ သည်တောထဲတောင်ထဲမှာ သာမန်ပုဂ္ဂိုလ်မဟုတ် အာသဝေါကုန်တဲ့ ရဟန္တာဖြစ်မှာ။ အရှင်မင်းကြီးစိတ်ထဲက ရဟန္တာလို့ မအောက်မေ့ဘူးလား။ သူ အဲသည်ပုဂ္ဂိုလ်က ရဟန္တာဟုတ်ကဲ့လား။ သီလမရှိတဲ့ ရဟန်းကွဲ့။ ဒုဿီလ လူသူလေးပါးသိမှာစိုးလို့ တောထဲမှာ လာပြီးတော့ ငါးမျှားတာ။ သီလမရှိဘူး။ သို့သော် ဒီလိုနေတော့ သူ့စိတ်ထဲမှာ ရဟန္တာလို့ အောက်မေ့တာနော်။ သွားတော့တာ။ နန်းတော်ရောက်တော့ ရွှေတောင် ငွေတောင်တွေ ပေါက်တော့တာဟေ့။ အကျိုးပေးတာ။ ရွှေတောင် ငွေတောင်တွေ ပေါက်တော့တာ ရှင်ဘုရင်မှာ ကြားရဲ့လား။
ပွဲတော် ဆက်သတာ ပွဲတော် ဆက်ကပ်တဲ့အခါကျတော့ ကဲ ငါ့ကိုနောက်မှ ပြန်အသစ် ချက်ကြဦး။ အဲသည်မှာ အာသဝေါကုန်တဲ့ ရဟန္တာရှိတယ်။ အဲဒါ ဆွမ်းကပ်ရမယ်။ ဆွမ်းကပ်ဘယ်သူ့လွှတ်ရမလဲ ရှင်ဘုရင်က စဉ်းစားတယ်။ ဝေဖန်တယ်။ ကျောင်းနေဖက် သူငယ်ချင်း။ အဲသည်လူက ကျောင်သားတုန်းကလည်း စကားပြောတဲ့အခါ အပို အလိုမရှိ တယ်တိကျတယ်။ အပို အလိုမရှိဘူး။ သူရှင်ဘုရင်ဖြစ်တော့ အဲသည်ပုဂ္ဂိုလ်ကို အမတ်ရာထူး ခန့်တာ သူ့ကို အယုံကြည်ဆုံး။ ကဲအဲဒီမှာ ဆွမ်းကပ်ချေလို့ လွှတ်တော့တာ။ မြို့က တောကိုသွားတာ။
မြို့က တောကိုသွားတော့ သစ်ရွက်က မရှိဘူး။ ချွတ်ချွတ်သံက မကြား အနားရောက်ခါမှ ချွတ်ချွတ်သံကြား လှည့်ကြည့်တော့ကာ ငါးမျှားတံတဲ့တုတ်တံက မဖွက်ခင်တော့ဘူး။ မဖွက်ခင်တော့ဘူး ကြားလား မိပြီ။ အမိန့်တော်ပါတဲ့အတိုင်း ဆွမ်းကပ်တယ် ကြားလား။ ဆွမ်းစား ဆီဦးထောပတ်တွေ ပွဲတော်စာ ဆိုတော့ အင်မတန် ကောင်းတာပေါ့။ စားလို့ပြီးတော့ စဉ်းစားတယ်။ အေး ငါတော့သေရမှာနဲ့ နေရမှာ သေရမှာက များတယ်။ ဧကန်မုချ ငါ့အကြောင်းကို သိပြီ။ သတ်တော့မှာ။ ဒါတော့ သေမယ့် အတူတူတော့ မထူးတော့ဘူး။ တရား အားထုတ်ပြီးတော့ သေတော့မယ်။ တစ်ခါတည်း ကြောက်သွားတော့တာ။ မကြောက်ဘူးလား။ ကြောက်သလား။ ရှင်ဘုရင် သတ်တော့မှာ ဒါတော့ကာ တရားအားထုတ်ရင်းနဲ့ သေမယ်။ ဟိုတုန်းက ခန္ဓာတို့ အာယတနတို့ ဓာတ်တို့ သစ္စာတို့ ပဋိစ္စသမုပ္ပါဒ် တရားတွေကို သညာနဲ့ သိလာခဲ့တာ မှတ်လာခဲ့တာ ကြားရဲ့လား။ အဲတော့ ရွတ်တတ်တယ် ဖတ်တတ်တယ်နော် ရတယ် စာကလည်း ရတယ်။ အဲဒီ ရပြီးတော့ သညာနဲ့ သိတာလေးကို နှလုံးသွင်း အားထုတ်တော့တာဗျာ့ ကြားလား။
အဲဒါနဲ့ ပန်းကန်ခွက်ယောက်တွေ သိမ်းသိုပြန်လာခဲ့။ မှန်တာကို သံတော်ဦး တင်စေ။ ငါးမျှားတုန်းကို တွေ့တယ်လို့ သံတော်ဦး တင်တယ်။ အာသဝေါကုန်တဲ့ ရဟန္တာကို သူယုတ်မာဖြစ်အောင် ပြောရမလား။ အလုပ်က ဖြုတ်ပစ်တော့တာဟေ့။ ကြားလား။ ဟိုက မှန်နေတယ် သူပြောတာနော်။ ကဲ ရှင်ဘုရင် စိတ်ဓာတ်ထဲက ရဟန္တာလို့ စွဲနေတာ။ ဘယ်နှယ် အာသဝေါကုန်တဲ့ ရဟန္တာကို သူယုတ်မာဖြစ်အောင် ပြောရမလား အမတ်ရာထူးက ဖြုတ်ပစ်တော့တာ။ ဖြုတ်။
လေးငါး ခုနှစ်ရက်လောက်ကြာပြီ။ အင်း ငါ့သူငယ်ချင်းအမတ်ဟာ ကျောင်းသားတုန်းကလည်း စကား အပိုအလိုမရှိ တိကျ အမတ်ရာထူး ခန့်တော့ကာလည်း သူ့လောက်မှန်တာ မရှိ အဲတော့ သူပြောတာ ဟုတ်မှာ ဟိုပုဂ္ဂိုလ်ကကြားလား သူပြောတာ ဟုတ်မှာ စိတ်ပြောင်းသွားမလာဘူးလား။ စိတ်ပြောင်း သူယုတ်မာဆိုတဲ့ စိတ်ကို ပြောင်းသွားတော့တာ ဟိုမှာတော့ ကြောက်ကြောက်နဲ့အားထုတ်တာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်သွားတော့တာဟေ့။ ဒုဿီလကြီးက ရဟန္တာဖြစ်သွားတော့တာ ကြားလား။ ရဟန္တာဖြစ်သွားတော့တာ။
ရဟန္တာဖြစ်ကာမှ နန်းတော်မှာ ရွှေတောင် ငွေတောင်တွေ ပျောက်သွားတော့တာ။ ရဟန္တာဖြစ်ကာမှ ပျောက်တာ။ ဘာ့ကြောင့် ပျောက်တာလဲလို့ စိစစ်ဖို့ မကောင်းလား။ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ စေတနာ အတိုင်း အကျိုးပေးတယ်လို့ မဟောဘူးလား။ ရှင်ဘုရင်စိတ်က သူယုတ်မာလို့ ပြောင်းမသွားဘူးလား။ အမ်း သူယုတ်မာလို့ ပြောင်းသွားတာ ကြောက်ကြောက်နဲ့ တရားအားထုတ်တာ ရဟန္တာ ဖြစ်သွားတော့တာ။ ဟိုတုန်းက ရဟန္တာက မဖြစ်ခင်ကတော့ ရှင်ဘုရင်စိတ်ထဲက ရဟန္တာလို့ မအောက်မေ့ဘူးလား။ ရဟန္တာလို့ အောက်မေ့တုန်းက ရဟန္တာဟုတ်ကဲ့လား။ သူယုတ်မာ။ ကဲ သူ့စေတနာက ရဟန္တာဆိုတော့ အကျိုးပေး မသန်ဘူးလား။ ရဟန္တာဖြစ်တော့ သူယုတ်မာလို့ ပြောင်းမသွားဘူးလား။ ရွှေတောင်ငွေတောင်တွေ ပျောက်ကုန်တော့တာဟေ့။ ဟိုမှာ ရဟန္တာဖြစ်ကာမှ ရွှေတောင်ငွေတောင်တွေက ပျောက်တာ။ သူယုတ်မာတုန်းက သူ့စိတ်က ရဟန္တာလို့အောက်မေ့တော့ ရွှေတောင်ငွေတောင်တွေပေါက်မလာဘူးလား။ အဲသလိုကွဲ့ ။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ ဒုဿီလကြီးက ကြောက်ကြောက်နဲ့ အားထုတ်တော့ ဒါရဟန္တာဖြစ်သွားတာ တရားအစ သံဝေဂ။ အဲသလို သုံးဆယ့်တစ်ဘုံ လောကသုံးပါးကို ကြောက်ပြီးတော့ အားထုတ်တော့ ပေါက်လွယ်တာ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment