Wednesday, July 8, 2015

ဘုရားရှင်အားနာဖို့ကောင်းပုံ။

ကဲ အခု ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဘယ်လောက် ကုသိုလ် ကံကောင်းသလဲ။ ဘဒ္ဒကမ္ဘာ ဘုရားငါးဆူ ပွင့်တဲ့ ကမ္ဘာ။ တစ်ချို့ တစ်ဆူ ပွင့်တယ်၊ နှစ်ဆူ ပွင့်တယ်၊ တစ်ချို့ ပွင့်ကို မပွင့်ဘူး သုညကမ္ဘာတွေ။

ကဲ လူဖြစ်ငြား သော်လည်း ဘုရား မပွင့်တာနဲ့ ကြုံ သစ္စာတရား သိနိုင်ပါ့မလား။ ကဲ ဘုရားပွင့်တယ် ထားဦး ပစ္စန္တရစ် ဘုရား သာသနာ မပြန့်တဲ့နေရာတွေကျတော့ ဒီတရားတွေ ကြားရ နာရပ့ါမလား။ အဲ ဒီလိုလည်း စဉ်းစားဦးကွဲ့ စဉ်းစားကြဦး။ အဲဒါ လွယ်တာ မဟုတ်ဘူး။

အဲဒီ တရားသိဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကျင့်ရတာဗျ။ ပစ္စေကဗုဒ္ဓါ က နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းဗျ၊ အရှင်သာရိပုတ္တာနဲ့ အရှင်မောဂ္ဂလာန်တို့က တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းဗျ။ အဲဒီ တရားသိဖို့ရာ ကျင့်ရတာနော်။
ဘုန်းကြီးတို့ ဒကာ၊ဒကာမတို့က လွယ်လွယ်လေးနဲ့ ကြားရ နာရတာ။ လွယ်လွယ်လေးနဲ့ ကြားရ နာရတာ။

ဘာနဲ့တူသလဲလို့ ဘုန်းကြီးတို့ ဒေသန္တရ တောမြို့ တောရွာ တောဒေသန္တရတွေ ကျတော့ ဟော ကလေးလေးတွေ ငါးနှစ်၊ခြောက်နှစ် အရွယ်တွေ ဟော မိုးရွာတဲ့အခါ လမ်းကြားတွေမှာ ဆော့လို့ ရေထဲတွေမှာ။ မိုးရွာတုန်း ကြားလား။ မိုး မရွာတော့ကာ ဖုန်ထဲတွေမှာ ဆော့။ တစ်ယောက် တစ်ယောက် ပျော်ကြ၊ ပြုကြ။ မိဘက ထမင်းပြင်ပြီ။ လာခဲ့ကြဟေ့ ထမင်းစားရအောင် ခေါ်... ၊ မလာဘူး ဆော့နေတာကို။ ကြားလား၊ ရိုက်မယ် လာခဲ့ကြ နင်တို့ အတွက် ထမင်း မထားဘူး ဆိုတော့မှ လာ။ လက်ဆေးပြီးတော့ ၀င်စားတာ။

ကဲသူတို့က ထမင်းစားရာဖို့၊ ချက်ဖို့ ပြုတ်ဖို့တွေ ရှာရသေးရဲ့လား။ သူတို့က ထမင်း ဟင်းတွေ ချက်သေးရဲ့လား။ မိဘရှာလို့ ချက်ပြုတ်ပြီးသား လွယ်လွယ်နဲ့ စားရတာ။ သားသ္မီး။
အခု ဘုန်းကြီးတို့ ဒကာ၊ဒကာမတို့က ဘုရားရှာပြီးသားကို လွယ်လွယ်နဲ့ စားရတာ။ စဉ်းစားဖို့ မကောင်းလား။ ကဲ ဘယ်လောက်များ အားရစရာကောင်းလဲ နော်။

အဲဒီလိုအပင်ပန်း ရှာပြီးတော့ ကျွေးတာကိုမှ မစားဘူး ဆိုတော့ကာ ရှာတဲ့ပုဂ္ဂိုလ် အားနာစရာ မကောင်းလားဟဲ့။ အဲဒီလိုလည်း နှလုံးသွင်းကြဦးကွဲ့။ စဉ်းစား စဉ်းစားတာ အလုပ် လုပ်တယ်လို့ခေါ်တယ်။ သိ၊ပယ်၊ဆိုက်၊ပွား လေးပါးကိစ္စ မဂ်တစ်ခဏ။ သိမှ ပယ်နိုင်တာ၊ မသိ ပယ်နိုင်ပါ့မလား။ သိမှ ပယ်နိုင်တာ စဉ်းစား စဉ်းစားဖို့။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ

အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅)၊နံနက်(၈) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment