ကဲ တစ်ခါပြန်ပြီးတော့ ဘုန်းကြီးမေးမယ် စဉ်းစားလို့ ဖြေကြ။ ကုသိုလ်အလုပ်နဲ့ အကုသိုလ်အလုပ်ဟာ ဘယ်က ခဲယဉ်းသလဲ။ ဘယ်က ခက်သလဲ။ ကုသိုလ်က ခက်တယ်နော်။ သြော် သုတအတော်ကို နည်းတာဟေ့။ သုတ အတော်နည်းတာ။ စဉ်းစားဖို့ မကောင်းလား။ ပြောမယ်နော် စဉ်းစားနော်။ ကဲ ဆင်ကောင်ကြီး တစ်ကောင်ကို သတ်မယ်။ ဆင်ကောင်ကြီး သတ်မယ်ဆိုတော့ကာ လူလေးယောက် ငါးယောက်ဟာ တစ်ယောက်ကို အနည်းဆုံး ငါးချက် ခြောက်ချက်တော့ မရိုက်ရပေဘူးလား။ အဲသလို ရိုက်တာ ထကြွတာ မပင်ပန်းဘူးလား။ ပင်ပန်းတယ်နော်။ ဟော အကုသိုလ်က ပင်ပန်းတယ်။ ငါ မသတ်ဘူးဆို ပင်ပန်းသေးသလား။ ကုသိုလ်က အဲလိုကွဲ့။ ချမ်းသာတာ။ ကဲ မသတ်ဘူးဆိုတော့ ကုသိုလ်ဖြစ်တော့တာနော်။ သတ်မယ် ဆိုတော့ အားစိုက်ရတာ အတော့်ကို ပင်ပန်းတာ။ ဒါအကုသိုလ်က ဆင်းရဲတယ်လို့ ဘုရား ဟောတာဗျာ့။ စဉ်းစားဖို့မကောင်းလား။
အိမ်တစ်အိမ်မှာ ခိုးမယ်။ ခိုးမယ်လို့ စိတ်ကူး ထည့်တယ်။ စဉ်းစားတယ်။ ငါဘယ်လို ခိုးရမလဲလို့။ ဟိုနေရာသွား လူမြင်ဦးမှာ။ ဟိုဘက်က သွားလည်း မြင်ဦးမှာ။ အဲတော့ကာ နေဝင်လို့ အပြီးမှာ သူငယ်အိပ်စက်လို့ ခေါ်တယ်။ အဲသည့်အခါ နည်းနည်း အမှောင်ကျလာပြီ။ ဟော သစ်ပင်ရိပ်မှာ ဝင်မှ။ သူတို့ အိပ်တာတွေ နားထောင်မယ်။ နားထောင်။ အိပ်တာ နားထောင်တယ်။ ခွေးက ဟောင်နေတယ်။ တထိတ်ထိတ်နဲ့ ချမ်းသာသလား ဆင်းရဲသလား။ ငါ့ကိုများ မြင်မှာလား ဟေ့။ ခွေးက တကယ် တယ်ဟောင်တယ်။ စိတ်ချမ်းသာမလား ဆင်းရဲမလား။ မဖြစ်ဘူး ကြာရင် မိချေရဲ့။ အသာ ထွက်သွားတော့တာ။ ကဲ အကုသိုလ်က မဆင်းရဲဘူးလား။ မခိုးပါဘူးလို့ နေလိုက်ရင် မချမ်းသာဘူးလား။ အဲသလို ကွဲ့။ အကုသိုလ်က ဆင်းရဲတယ်နော်။
ခု အကုသိုလ်က လွယ်တယ်။ ကုသိုလ်က ခက်တယ်လို့ ပြောနေတာ။ စဉ်းစားဖို့ မကောင်းလား။ အဲ အတော်ခက်တာ စဉ်းစားကြ။ ဘုရားက ကုသိုလ်ဟာ ချမ်းသာတာဆို… ကုသိုလ်က လွယ်တာဗျ။ ပါဏာတိပါတာ အစ သုရာမေရယ အဆုံးကို ရှောင်ကြဉ်ရင် လူ ပင်ပန်းသေးရဲ့လား။ ပိုက်ဆံရော ကုန်သေးလား။ ချမ်းသာတာကွာ သီလတရားများ။ ကဲ ကုသိုလ်လုပ်ရတဲ့ကိစ္စ ဒါနနဲ့ သီလကြည့်။ ဒါနကအားစိုက်ရတာ။ မစိုက်ရဘူးလား။ စားဖို့သောက်ဖို့ မရှာရဘူးလား။ အဝယ်အခြမ်း သွားရတယ်နော်။ ချက်ရ ပြုတ်ရတယ် ကြားလား။ ဘုရားတည်မယ်ဆို အုတ်ထမ်းရတာနဲ့ ဝယ်ရတာနဲ့ ငှားရတာနဲ့ သွားရတာ လာရတာနဲ့ ကြားလား။
ကဲ ဒါနတရားနဲ့ သီလတရားဟာ ဘယ်ဟာက အကျိုးများမလဲ။ သီလက ပိုက်ဆံ မကုန်ဘဲနဲ့ အကျိုးများတာကွယ့်။ ကြည့် စဉ်းစားဖို့ မကောင်းလား။ ကဲ ဒါနက ပိုက်ဆံ ကုန်ပြီးမှ ရတာနော်။ သီလက ပိုက်ဆံ မကုန်ဘဲနဲ့ရတာ။ အဲဒီ သီလထက် သမထက သာလို့ အကျိုးများသေးတာ။ သူက မြေလျှိုးနိုင်တယ် မိုးပျံနိုင်တယ်။ အောင်မြင်ရင်လေ။ အဲဒီ ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ်ထက် ဝိပဿနာဥာဏ် မဂ်ဥာဏ်က ချမ်းသာအစစ်ဗျ။ ချမ်းသာတယ်လို့ မဟောဘူးလား။ အဲဒါ ယုံကြည်ဖို့ လိုတယ်ကွဲ့  နော်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment