======================
ဒုက္ခဝေဒနာ ကိုယ်မှာ ပေါ်သည်။ သုခဝေဒနာ ကိုယ်မှာပေါ်သည်။ သောမနဿဝေဒနာ စိတ်မှာပေါ်သည်။ ဒေါမနဿဝေဒနာ စိတ်မှာပေါ်သည်။ သူ့စိတ်မှာဖြစ်တာ လေ့လာဖို့မကောင်းလား။ ဥပေက္ခာဝေဒနာ မျက်စိမှာ ပေါ်သည်။ ဥပေက္ခာဝေဒနာ နားမှာ ပေါ်သည်။ ဥပေက္ခာဝေဒနာ နှာမှာ ပေါ်သည်။ ဥပေက္ခာဝေဒနာ လျှာမှာ ပေါ်သည်။ ဆိုးကောင်း နှစ်ပါး မပါဘူး။ ပါရဲ့လား။ အခါတိုင်းက ဟောခဲ့တယ်။ ပြန်ပြီးတော့မှ စားမြုံ့လွှဲသလို၊ ကျွဲများ၊ နွားများ တစ်နေကုန် စားတဲ့ အစာ ညကျတော့ ချည်တိုင်မှာ မစားရဘူး။ တစ်မိုးချုပ် စားတာကို အစာကြေအောင်လို့ စားမြုံ့လွှဲတယ်။ ကြားလား။ ကိုင်း အခုလည်း အဲဒီလို စားမြုံ့လွှဲသလို ကိုယ်လေ့လာ ခဲ့တဲ့ တရားတွေကို ပြန်နှလုံးသွင်းဖို့ မကောင်းဘူးလား။ စဉ်းစားကြည့်နော်။ အဲဒီလို စစ် ကြည့်တဲ့ အခါကျတော့ကာ ထိထိမိမိ အမြင်ခံ အဆင်းရူပက္ခန္ဓာထဲမှာ ချစ်စရာ ပါ ပါမလား။ ချစ်စရာမပါရင် မုန်းစရာကော ပါရဲ့လား။ (သို့မဟုတ်ရင်) ချစ်စရာ သူ့စိတ်ကလုပ်ထားတာ။ မုန်းတာ သူ့စိတ်ကလုပ်တာ။ အမြင်ခံ အရှု့ခံထဲမှာ ချစ်စရာမပါဘူး မုန်းစရာမပါဘူး၊ အဲဒါယုံကြည်ဖို့ မကောင်းဘူးလား။
ကဲတစ်ခါ ပြန်ပြီးတော့မှ ဆန်းစစ်ဦး။ လင်မယားရန်တွေ့လို့ ကွဲတယ်ဆိုတာ ချစ်လို့လား၊ မုန်းလို့လား။ မုန်းလို့ကွဲတာ။ ကွဲတယ် ဆိုတာ ပြန်ပြီးတော့ စေ့စပ်၊ သူ့ဘက် ငါ့ဘက် ရေလည်အောင်၊ အကွက်လည်အောင် စိတ်ကျေနပ်လောက်အောင်၊ ပြေအောင် စိတ်ဆိုးပြေအောင် ပြောတော့၊ ပြေလို့ လင်မယား ပြန်လို့ မပေါင်းမိဘူးလား။ တကယ် စိတ်ဆိုးစရာပါရင်၊ မုန်းစရာ ပါရင် ပြန်ပေါင်းလို့ဖြစ်ပါ့မလား။ အဲဒါ ယုံရဲ့လား။ တကယ်သာ ချစ်စရာ ပါရင်လဲ လင်မယား ရန်တွေ့တယ်လို့ ရှိပါ့မလား။
ရန်တွေ့တာ ထောက်ကြည့်တော့ ချစ်စရာ မပါဘူးကွဲ့။ ကြားလား။ ပြန်ပေါင်းမိတာ တွေ့တော့လည်း မုန်းစရာ မပါဘူးကွဲ့။ အဲဒါကိုစဉ်းစား ဒါ အလုပ်လုပ်တာ။ ဟော ကိုယ့်စိတ်မှာဖြစ်တာ သောမနဿဝေဒနာ စိတ်မှာပေါ်သည်။ ဒေါမနဿဝေဒနာ စိတ်မှာပေါ်သည်။ စိတ်မှာဖြစ်တာပါလား။ ကဲ အမြင်ခံမှာဖြစ်တာ ဟုတ်ကဲ့လား။ အဲဒီလို စိစစ်ဖို့ မကောင်းဘူးလား။
အဲဒီလိုစိတ်ကို ဝေဖန် စိစစ်ကြစို့ဆိုတော့…. ရှေးကဆရာတော်တွေ ဘယ်လိုဥပမာ ပေးသလဲ။ ၀ိညာဏက္ခန္ဓာ အိမ်မက် ပမာဏ။ အိမ်မက်ထဲမှာ ရွှေအိုးရလို့ မက်တဲ့ ပုဂ္ဂိုလ်တွေ၊ သိန်းထီပေါက်လို့မက်တဲ့ ပုဂ္ဂိုလ်တွေ မရှိဘူးလား။ မနိုးခင်ကြား စိတ်ကူး မယဉ်ဘူးလား။ စိတ်ကူးယဉ် တယ်နော်။ နိုးလိုက်တဲ့ တစ်ချိန်တည်းကိုယ့် စိတ်ကူးအတိုင်း ဖြစ်မဖြစ်။ ဒါတကယ်ရှိလို့လား၊ မရှိလို့လား။ အခုလည်းသူ့ စိတ်မှာဖြစ်တာ တကယ် ရှိတာမဟုတ်ဘူးကွဲ့။ အဲဒီလို လေ့လာဖို့ မကောင်းဘူးလား။
တနည်း အားဖြင့် မျက်လှည့်ပမာဏလို့ မဟောဘူးလား။ မျက်လှည့်ပြတဲ့ ရွှေတွေ၊ ငွေတွေ သုံးလို့ စွဲလို့ရသလား။ မျက်လှည့်ပြတဲ့ ဆန်တွေ ချက်လို့ ပြုတ်လို့ရသလား။ (မရဘူး)။ ဘာဖြစ်လို့ မရလဲ၊ တကယ်ရှိတာ မဟုတ်ဘူး တူတော့ တူမနေဘူးလား။ အခုလည်း တူတယ်ကွဲ့။
ဘယ်လို တူတာလဲလို့ စဉ်းစားဦး။ (ဥာဏ်)၃ အလုပ်။ အခုဓါတ်ပုံရိုက်မယ် အဲဒီ ဟိုက ဓါတ်ပုံ ရိုက်တော့ မိမိ ခန္ဓာကိုယ်ကြီးက ဖလင်ထဲကို ၀င်သွားသလား။ မ၀င်ဘူးနော်။ ဒီက ကိုယ်ကောင်ကြီးက ဟိုထဲကို မ၀င်ဘူး။ သို့သော်လည်း အဲဒီထဲမှာ ကိုယ်နဲ့တူတဲ့ အလား သဏ္ဌာန် ပုံတူ မပေါ်ဘူးလား။ အလားတူ ဒီက ဟိုဘက်ကို မရောက်ဘူး။ ဒီဟာမဟုတ်ဘူး ကြားလား။ စဉ်းစားဖို့ မကောင်းဘူးလား။ တူတော့ မတူဘူးလား။ တကယ့် ကိုယ်ကောင်ကြီး ဟုတ်ကဲ့လား။
ကဲ တစ်ခါပြန်ပြီးတော့ စဉ်းစားဦး။ တောထဲ တောင်ထဲ သွားဖူးတဲ့အခါ အပေါင်းအဖော်နဲ့ သွားကြ။ ပြန်ခါနီး ကျတော့ တစ်ယောက်နဲ့ တစ်ယောက် လူစုရတယ်။ (အောင်မော်)၂ ပဲ့တင်သံက (အောင်မော်)၂ ။ ဒီက (အောင်မော်)၂ ဟိုက(အောင်မော်)၂ ပဲ့တင်သံ မလာဘူးလား။ ကဲဟိုက အသံ ဒီက ဟုတ်ရဲ့လား။ မဟုတ်ဘူးနော်။ ကဲ ဒီက အသံကို ကင်းလို့ကော ဟိုမှာ ဖြစ်ပါ့မလား။ ဒီက အသံကင်းလို့ ဖြစ်ပါ့မလား။ ဒီက အသံကား ဟိုက အသံ ဟုတ်ကဲ့လား။ ကဲ ဒီကအသံက ဒီကအသံပဲ။ ဟိုက ပဲ့တင်သံ လို့မပြောကြဘူးလား။ တူတော့ မတူလား။ ဒီကအသံ ဟုတ်ကဲ့လား။
အခုလည်း လူသေတဲ့အခါ ဒီက မြင်တဲ့ဆီမှာ ချုပ်တယ်လို့ ဘုရား မဟောဘူးလား။ ဘ၀ပြန်တဲ့အခါ မပြောနိုင်ဘူးလား။ အကုန် ပြောနိုင်တာကွဲ့။ သူ ထားတာတွေလေ။ ဟော သူထားခဲ့တာတွေ ပေသီးတွေ၊ ဒိုးတွေ သေတ္တာထဲမှာ ထားခဲ့တာ။ အကုန်လုံး ပြောတာ။ ဟုတ်တယ်ဟေ့။ အကုန် သူပြောတဲ့အတိုင်း ကိုက်တယ်။ မပြောဘူးလား။ ကဲ မျက်မြင်ဘုရားက မြင်တဲ့ဆီမှာ ချုပ်၊ ကြားတဲ့ဆီမှာ ချုပ်လို့ မဟောဘူးလား။
ဘာ့ကြောင့် ပြောနိုင်တာလဲ။ ကမ္မသတ္တိ။ အဲဒီ ကမ္မသတ္တိ ကျန်လို့ပြောနိုင်တာဗျ။ စဉ်းစားဖို့ မကောင်းလား။ အဲဒီ ကမ္မသတ္တိ ကုသိုလ်ကံ၊ အကုသိုလ်ကံ။ ကဲ တစ်ခါ လူနှစ်ယောက် ရန် တွေ့တယ်။ ရန်တွေ့လို့ တစ်ယောက်နဲ့ တစ်ယောက် သေလောက်အောင် ကြံစည်တာ။ ရန်တွေ့လို့ပြီးတော့ တစ်ယောက်က မိုးကုတ် ကျောက်တွင်း တက်သွားတော့တာတဲ့။ နှစ်ပေါင်း နှစ်ဆယ်ကြာတယ်။ အဲဒီလူကို ရန်တွေ့တဲ့လူကို တစ်ခါမှ မမြင်ရဘူး။ မမြင်တော့ကာ ပေါ်သေးရဲ့လား၊ မပေါ်တော့ဘူးနော်။ သူကပြန်လာတော့ကာ သူ့ကိုမြင်တော့ ဟိုတုန်းက ရန်တွေ့တာတွေ ပြန်မပေါ်ဘူးလား။ ကမ္မသတ္တိ ကျန်တာကွဲ့။ ၀မ်းနုတ်ဆေး စားလည်း မပါဘူးဟေ့။ ကြားလား။ ၀မ်းနုတ်ဆေး စားလည်း ပါမသွားဘူး။ ဒါ ကမ္မသတ္တိ။ အဲဒီလို ယုံကြည်ဖို့မကောင်းလား။ အဲဒီ သတ္တိ ကျန်တာဗျ။
ဒါမို့ စက္ခုဝိညာဏံ အနိစ္စံ၊ မြင်ပြီးရင် ချုပ်တယ်။ မျက်စိမှာ မြင်တာ၊ မျက်စိမှာ ချုပ်တယ်။ ဆံချည် တစ်ချောင်းစာမျှ ရွှေ့လို့မရဘူး။ နားက ကြားတာ၊ နားမှာ ချုပ်တယ်။ ဘယ်မှ မရွှေ့ ဘူး။ ကြားရဲ့လား။ အဲလိုသိဖို့လိုတာဗျ။ အခုတော့ ဟိုဘဝ ရောက်သွားပြီလို့ ယူတော့တာ ကြားလား။ ခြောက်တယ်ကွဲ့။ တစ္ဆေပူး ပြောတာကွဲ့။ ဆွမ်းသွတ်ဦးစို့။ မလာဘူးလား။ ပူးပြောတာတဲ့ ကြားရဲ့လားဟေ့။ စဉ်းစား။ ဒီက မြင်တဲ့စိတ်က ဒီမှာချုပ်တာ။ ဘာ့ကြောင့်လဲ သတ္တိက ကျန်လို့။ ကြားလား။ အဲဒီလို လေ့လာဖို့ မကောင်းလား။ အေး အဲလို စဉ်းစားရတယ်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment