.............................................................................
သူငယ်ချင်း နှစ်ယောက်
ထမင်းအတူတူ စားကြတာပေါ့နော်
လူတကာကြိုက်တဲ့ ကြက်သားဟင်း လည်း ပါတာပေါ့
အားရ ပါးရ စားနေတုန်း တယောက်က ငရုတ်သီး ဖတ်ကြီး ဝါးမိရော
အဲဒီ ပုဂ္ဂိုလ်က လည်း အစပ်မကြိုက်ဘူး ဆိုတော့ စပ်လွန်းလို့ မျက်နှာကြီး အို မလာဘူးလား
ဝါးနေတဲ့ ကြက်သားဖတ်ကြီး တောင် ထွေးပစ် လိုက်ချင်တော့တာနော်
အခြား ပုဂ္ဂိုလ် ကတော့ အစပ်ကြိုက်တော့ ငရုတ်သီးတောင့်လေးမှ မပါရင် စားရတာ ပေါ့သွပ်သွပ်ကြီး မ နေဘူးလား
ငရုတ်သီး တောင့်လေး ပေးစမ်းပါလို့ တောင်းရတော့တာ
ငရုတ်သီး တောင့်လေး ကို ရှာစားရတာ ငရုတ်သီး တောင့်လေး ဝါးလိုက်ရမှ လျှာပေါ်မှာ အရသာ တွေ့လိုက်တာလို့ မနေဘူးလား
တယောက်က ငရုတ်သီးကြိုက်တာပေါ့ ကျန် ပုဂ္ဂိုလ်က ငရုတ်သီး မကြိုက်ဘူး နော်
ကဲ အဲဒီ နှစ်ယောက်မှာ ဘယ်သူက မှန်သလဲ
ငရုတ်သီးမကြိုက်တာ အမှန် ဆိုရင် တပြည်လုံးမှာ ငရုတ်ပင် တပင်မှ စိုက်စရာမလိုတော့ဘူး
ဘယ်သူမှလည်း ငရုတ်သီး စားစရာ မလိုတော့ဘူး နော်
လျှာပေါ်မှာ တကယ်တွေ့တာက ငရုတ်သီး လား စပ်ရသာလား
ငရုတ်သီး ဆိုတာက ခေါ်ရရုံ ပြောရရုံ ရှိတဲ့ နာမည် ပညတ် နော်
မြန်မာလို ခေါ်တော့ ငရုတ်သီး ပေါ့ ကုလားလို ခေါ်တော့ တမျိုး တရုတ်လိုတော့ တမျိုး ပေါ့
အမှန် တကယ် လျှာပေါ်မှာ တွေ့တာ စပ်ရသာ စပ် တဲ့ သဘောလေး ပေါ့
အခုနက ထမင်းစားကြတဲ့ သူငယ်ချင်း နှစ်ယောက် အပေါ်မှာ
စပ်ရသာ ရူပက္ခန္ဓာ တရား သက်သက်က
တယောက် ကို ကောင်းစေ အခြား တယောက် ကို တော့ မကောင်းစေနဲ့လို့ ရှိရဲ့လား
စပ်တဲ့သဘောလေး သက်သက်က ဘယ်သူ့မျက်နှာမှ မလိုက်
စပ် တာ သက်သက် ပဲ ရှိတယ်
အဲဒီ စပ် တဲ့ သဘောလေးကိုမှ ကြိုက်တယ် ဆိုတာ....
ကိုယ့် စိတ်က လုပ်တာ
အလို ကျတယ် ဆိုတော့ သောမနဿ ဝေဒနာပေါ့
တခါ အဲဒီ စပ်တဲ့သဘောလေးကို အလို မကျဘူး ဆိုတာ လည်း
ကိုယ့် စိတ်က လုပ်တာ
အလိုမကျဘူးဆိုတော့ ဒေါမနဿဝေဒနာပေါ့
စပ် တဲ့ သဘောလေးပေါ်မှာ သဘော မကျဘူး သဘောကျတယ် ဆိုတာ စိတ်က လုပ်တဲ့တရားတွေ
စပ်ရသာ ကို လျှာပေါ်မှာ ခံစားတာ သက်သက်က သဘောကျတာလည်း မပါဘူး သဘောမကျတာလည်း မပါဘူး ဆိုးကောင်းနှစ်ပါးလွတ်နေတာ
ဆိုးကောင်း နှစ်ပါး လွတ်ပြီး စပ်ရသာ ကို လျှာပေါ်မှာ ခံစားတာ သက်သက်က ဥပေက္ခာ ဝေဒနာပေါ့
ကောင်းတယ် မကောင်းဘူး ဆိုတာ စိတ် မှာ ဖြစ်တဲ့တရားတွေ
သောမနဿဝေဒနာ စိတ် မှာ ပေါ် သည်
ဒေါမနဿ ဝေဒနာ စိတ်မှာ ပေါ်သည်
ဥပေက္ခာ ဝေဒနာ လျှာ မှာ ပေါ်သည်
တခါ စပ်ရသာနဲ့ လျှာအကြည် က ရုပ်တရား
စပ်ရသာ နဲ့ လျှာအကြည် တိုက်တော့ ခံစားတာက နာမ်တရား
နာမ်ရုပ် နှစ်ပါး မရဘူးလား
လျှာ ပေါ်မှာ စပ်ရသာကို ခံစားတဲ့ ဥပေက္ခာ ဝေဒနာက ဆိုးကောင်း ၂-ပါး လွတ်တယ်နော်
အခုတော့ အဲဒီ ဥပေက္ခာ ဝေဒနာကို မရှုတတ်တော့ ...
အလိုကျတဲ့ အခါ လောဘတဏှာ သမုဒယသစ္စာ ဖြစ်တာပေါ့
ဝေဒနာ ပစ္စယာ တဏှာ ပေါ့ ပဋိစ္စ သမုပ္ပါဒ် ဆက်ပြန်တော့တာ နော်
အဲဒီ ဥပေက္ခာ ဝေဒနာကိုပဲ မရှုတတ်တော့ ....
အလိုမကျဘူးဆိုတဲ့ ဒေါသ ကိလေသာ သမုဒယသစ္စာ ဖြစ်ပြန်တယ်နော်
အကြောင်းသမုဒယ ရှိနေသမျှ အကျိုးခန္ဓာ ဒုက္ခသစ္စာ ပေါ်ရတယ်နော်
တခါ သံပရာရည်လေး လျှာပေါ်တင်ကြည့် ခုန စပ်တာလေး ရှိသေးရဲ့လား
ချဉ်ရသာကို စားသိတဲ့ စားသိစိတ် ဇိဝှါ ဝိညာဏ်လေး အစားထိုး မလာဘူးလား
စပ်ရသာကို ခံစားတဲ့ ဥပေက္ခာဝေဒနာလေး မရှိတော့ဘူး နော်
ခုနက အလိုကျတဲ့ လောဘ အလိုမကျတဲ့ ဒေါသလည်း မရှိတော့ဘူး
မရှိတော့ဘူး ဆိုတော့ အနိစ္စ ပေါ့
ဥပေက္ခာ ဝေဒနာ အနိစ္စ လို့သိတော့ သာယာ စရာ လိုသေးလား
သာယာ စရာ မလိုတော့ရင် တဏှာသေတာပေါ့
ဝေဒနာ နိရောဓာ တဏှာ နိရောဓော ပေါ့
ပဋိစ္စ သမုပ္ပါဒ် ပြတ်တော့တာ နော်
ကျေးဇူးတော်ရှင်
မုံလယ်တောရ ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ...
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
(ရေးမှတ်ခဲ့မိသော ရှေးတိပ်ခွေတရားတော်မှ မုံလယ် တရား မှတ်စု)
♧♤♤♤♤♧
https://www.facebook.com/pages/ကျေးဇူးတော်ရှင်-မုံလယ်ဆရာတော်ကြီး-ဟောကြားတော်မူခဲ့သောတရားတော်များ/1596325990614582?ref=bookmarks
No comments:
Post a Comment