Wednesday, July 8, 2015

ရုပ်နာမ် သုညတ။(ငါးသလောက်နဲ့ ပဲကြီးဟင်း ဥပမာပြ)

တစ်ခါပြန်ပြီးတော့ ရုပ်တလုံး နာမ်တလုံး သုညတ ဆိုက်ဖို့လိုတယ်။ ပညတ် ပရမတ်လည်း သိဖို့ ပယ်သင့်တဲ့တရားကို ပယ်ဖို့။ မပယ်သင့်တာ မပယ်ဖို့ စိစစ်ဖို့ မကောင်းဘူးလား။ ကဲ မိမိက နေပြီးတော့မှ ငါးကြီးကြော် စားကြည့်လိုက်။ ငါးသလောက်ကြော် ပေါ့ဟာ ရန်ကုန်မှာတော့ နာမည်ကြီးပါ့။ ငါးသလောက်။ မင်းအလှူက  ဘာကျွေးမှာလဲ။ ငါးသလောက်နဲ့ ပဲကြီးဟင်း။ ဟ လိုက်မယ်ဟေ့ ပဲကြီးဟင်းပါရင်။ ဟား ဟား ဟား။ ကြားလား။ ငါးသလောက်တဲ့ အဲဒီလို စားကြည့်လိုက်တဲ့အခါ ငါးသလောက် တွေ့တာလား ဆိမ့် အရသာတွေ့သလား။ ဆိမ့် ရသာတွေ့တယ်။ စဉ်းစားနော်။ အဲဒီ ဆိမ့် တဲ့ ရသာကို မျက်စိနဲ့ ကြည့် မြင်ရပါ့မလား။ မမြင်ရဘူး။ လက်နဲ့ကိုင်ကြည့် တွေ့ပါမလား။ နမ်းကြည့်ရင်ကား တွေ့ပါ့မလား။ တွေ့ဘူးကွဲ့။ စဉ်းစား။ လျှာနဲ့ကျတော့ မသိနိုင်ဘူးလား။ လျှာနဲ့ကျမှ သိနိုင်တာနော်။ ဆိမ့်တယ်ဆိုတာ အကောင်အထည် ဟုတ်ရဲ့လား။ သဘောအနေနဲ့ တော့ ထင်ရှားတယ်နော်။ အဲလို သိဖို့ လိုတယ်။ အဲဒါ စားသိစိတ် ဇိဝှါဝိညာဏ် ပေါ့။ သူက နာမ် တရား မရဘူးလား။ လျှာအကြည်နဲ့ ဆိမ့်တဲ့ ရသာက ရုပ်တရား မရလား။ ငါးသလောက်လား နာမ်နှင့်ရုပ်လား။ နာမ်ရုပ်ပဲ တွေ့တယ်။ 
အဲဒီ နာမ်ရုပ် အပေါ်မှာ ငါးသလောက်လို့တော့ မခေါ်ဘူးလား။ အဲတာ သမုတ်ရှိနော်။  ဒီလိုမှ မခေါ်ရင် မင်း ဟင်းခူးခိုင်းတော့ တခြားဟာတွေ ခူးခဲ့ ဘယ်နှယ့် လုပ်မလဲဟ။ ငါးသလောက်  ယူခဲ့ဦးလို့ ပြောရတာ။ဒီမှာ စွက်စမ်းဦးဟဲ့ ငါးသလောက်ဟင်း။  ပဲကြီးဟင်း စွက်စမ်းဦး မပြောရလား။ ခေါ်တာ ပြောတာတွေ မမှန်လား။ ဘုရား ပယ်ရဲ့လား။ တွေ့တာက ငါးသလောက်လား နာမ်နှင့်ရုပ်လား။ ပဲကြီးဟင်းလား နာမ်နှင့်ရုပ်လား။ ခေါ်တော့ ပဲကြီးဟင်းပေါ့ တွေ့တာက နာမ်နှင့် ရုပ်။ နို့မို့ ဘာတွေ ပယ်တာလဲ။ စဉ်းစားဖို့ မကောင်းလား။ ပဲကြီးဟင်းလို့ မစွဲဘူးလား။ ငါးသလောက်လို့ မစွဲဘူးလား။ အခု တွေ့နေတာက ဆိမ့်တဲ့ ရသာ နော်။ ဆိမ့်တဲ့ရသာလို့ စားသိစိတ်လေးက ဇိဝှါဝိညာဏ် နာမ်တရား မရလား။ လျှာအကြည်နဲ့ ဆိမ့်တဲ့ ရသာက ရုပ်တရား မရလား။ ငါးသလောက် တွေ့တာလား နာမ်နှင့်ရုပ်လား။ ပဲကြီးဟင်းတွေ့တာလား နာမ်နှင့်ရုပ်လား။ ကဲ ပဲကြီးဟင်းမတွေ့တာ ရှိလို့လားမရှိလို့လား။ ငါးသလောက်မတွေ့တာ ရှိလို့လား မရှိလို့လား။ အဲတာ ပယ်တာဗျ။ ခေါ်တာပယ်ရဲ့လား။ မပယ်တာလည်းသိ ပယ်တာလည်းသိ။  တွေ့တဲ့တရားကလည်း ပိုင်းခြား နာမ်နှင့်ရုပ်။ နာမ်ရုပ်ပဲ တွေ့တယ်နော်။ သိပယ်လို့ မဟောဘူးလား။ ရုပ်ထဲမှာရှာချင်တာရှာ ငါးသလောက်တွေ့ရဲ့လား။ နာမ်ထဲမှာ ရှာချင်တာရှာ ပဲကြီးဟင်းတွေ့ရဲ့လား။ တွေ့တာက နာမ်နှင့်ရုပ်။ ဒါတော့ ရုပ်နာမ် သုညတ လို့မဟောဘူးလား။ သုညတ ဆိုက်ဖို့ လိုတာ။ သုညတ ဆိုက်ဖို့လိုတာ။ ရုပ်နာမ် သုညတ။ အဲလို စိစစ်ဖို့မကောင်းလား။ ကဲတွေ့တဲ့တရားပေါ်မှာ နှလုံးသွင်းမှန်တာ လိုတာကွဲ့။ မှားတာ လိုတာကွဲ့။ ခေါ်ရုံ ကိုလည်း သိထား။ မရှိတာကြီး အရှိလုပ်ပြီးတော့ စွဲတာ။ ကဲ စားကြည့်တော့ကာ ဆိမ့်ဆိုတဲ့ ရသာပေါ်မှာ ငါးသလောက် ငါး အနေနဲ့ မစွဲဘူးလား။ ဆိမ့်ရသာ ပဲကြီးဟင်းအနေနဲ့ မစွဲဘူးလား။ စွဲတယ်နော်။ အဲဒီတော့ ဆိမ့်ရသာ ရူပက္ခန္ဓာတရားပေါ်မှာ ငါးကြီးသားအနေနဲ့ ငါးသလောက် အနေနဲ့ စားချင်မှု နှစ်သက်မှု စွဲလမ်းမှုက လောဘတဏှာ သမုဒယသစ္စာ။  ဆိမ့်ရသာ ရူပက္ခန္ဓာတရားပေါ်မှာ ပဲကြီးဟင်းအနေ ပဲကြီးဟင်းအနေနဲ့  စားချင်မှု နှစ်သက်မှု စွဲလမ်းမှုက လောဘတဏှာ သမုဒယသစ္စာ။ သမုဒယသစ္စာ အကြောင်းရှိရင် အကျိုးခန္ဓာ မရဘူးလား။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာနော်။ ခန္ဓာရတဲ့ ပုဂ္ဂိုလ် အို နာ သေ လွတ်ကဲ့လား။ ဘာသစ္စာလဲ ။သြော် သမုဒယ ဒုက္ခပေါ့။ဟော  ကဲ သမုဒယ ဒုက္ခလို့ မဟောဘူးလား။ သမုဒယ ဒုက္ခပဲ တွေ့တယ်။ ငါးသလောက် တွေကား တွေ့သေးရဲ့လား။ ပဲကြီးဟင်းကော တွေ့သေးရဲ့လား။ သူတွေ ငါတွေကား တွေ့သေးရဲ့လား။ တွေ့တာ သမုဒယ ဒုက္ခ။ ဒါ အကြောင်းရှိလို့ အကျိုးတရား ပေါ်တာနော်။ အလိုလို ဖြစ်တာလား။ အကြောင်းကြောင့် အကျိုးတရားပေါ်တာလား။ အဲလို စိစစ်ဖို့မကောင်းလား။ ကဲ ဆိမ့် ဆိမ့် ရသာ ရူပက္ခန္ဓာတရား၏ အဲလိုမျို  ကြည့် လိုက်တဲ့အခါမှာ ဆိမ့်ရသာကား တွေ့သေးရဲ့လား။ မတွေ့တော့ဘူးနော်။ ဆိမ့်ရသာ ရူပက္ခန္ဓာတရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဘာသစ္စာလဲ။ ဆိမ့်ရသာ ရူပက္ခန္ဓာတရား၏ ဖြစ်ခြင်း ပျက်ခြင်းက ဒုက္ခသစ္စာ။  ဒုက္ခသစ္စာလို့ ပိုင်းခြားလို့ သိတာက သမ္မာဒိဋ္ဌိ မဂ္ဂသစ္စာ။ သမုဒယသစ္စာ သေတာနဲ့ နောက် ခန္ဓာ မလာတာက နိရောဓသစ္စာ။ သစ္စာလေးပါး တစ်စုံ မဂ္ဂ၊နိရောဓ၊ သမုဒယ၊ ဒုက္ခ။  စားရင်းနဲ့ သစ္စာလေးပါး။
ကဲ အဲဒီ သစ္စာလေးပါး သိမှ သောတာပန်လို့ ဟော၊မဟော။ သစ္စာလေးပါး သိမှ သကဒါဂါမ်။ သစ္စာလေးပါး သိမှ အနာဂါမ်။ သစ္စာလေးပါး သိမှ ရဟန္တာ။ ဒီလို စိစစ်ဖို့ မကောင်းလား။ ကဲ အဲတာ ပယ် ရမည့် တရားက သမုဒယ ဒုက္ခပေါ့။ လက်ခံ သိမ်းပိုက်ရမှာ မဂ္ဂ နိရောဓလို့ မဟောလား။ ကဲ အဲတော့ ပယ်သစ္စာက နှစ်ပါး ပိုင်သစ္စာက နှစ်ပါး။ အဲလို သိမှ ပြင်မှာနော်။ အဲလို စိစစ်ဖို့ မလိုဘူးလား။ အဲတာ လိုရင်းအချက်တွေကွဲ့ ကြားလား။ စဉ်းစား ဒါကြောင့် ခန္ဓာဖွဲ့ သစ္စာဖွဲ့။ စာအုပ်မှာပါတယ်။ လေ့လာပါ။ စာဖတ်တဲ့ အချိန်က စပြီးတော့မှ ကဲ… ဥဒ္ဓစ္စ
ပျံ့လွင့်သေးရဲ့လား။ ဒ်ီထဲမှာ နေတဲ့အခါ ကျတော့ ကဲ ကုသိုလ်တွေ မဖြစ်ဘူးလား။ ကုသိုလ်တွေ လည်း ဖြစ်တော့ ဟော ခန္ဓာဖွဲ့နည်းလည်း ရမယ်။ သစ္စာဖွဲ့နည်းလည်း ရမယ်။ အဲဒီလို ခန္ဓာဖွဲ့ကြည့်တော့ ပယ်ရမည့် တရား သမုဒယ၊ ဒုက္ခ။  လက်ခံ သိမ်းပိုက်ရမည့်တရား  မဂ္ဂ၊ နိရောဓ။ အဲဒီလို သိမှ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်တာဗျ။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅) ည (၇) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment