ထွေးခံ မတွေ့တာ ရှိလို့လား မရှိလို့လား
O﹏oO﹏oO﹏oO﹏oO﹏oO﹏oO﹏o
ပကတိမျက်စိနဲ့ ကြည့်မယ်ဆို ဒါ ထွေးခံမြင်တယ်လို့ အဖြေမပေးဘူးလား။
စဉ်းစားနော်။
ဘုရားပေးတဲ့ ဝိဇ္ဇာတည်းဟူသော မျက်မှန်နဲ့ တပ်ကြည့်လိုက်တဲ့အခါ
အမြင်ခံက ထွေးခံလား အဆင်းဓါတ်။
အဆင်းကိုသာ ထွေးခံဆိုရင် အမြင်ခံဟူသရွေ့ ထွေးခံလို့ ခေါ်ရတော့မှာပေါ့။
မြင်စရာ အမြင်ခံဟူသရွေ့ ထွေးခံ ဒီလိုလည်း ခေါ်လို့ ဖြစ်ပါ့မလား။
အဲဒါကြောင့် စိစစ်ဖို့လိုတယ်နော်။
ဝိဇ္ဇာတည်းဟူသော မျက်မှန်နဲ့ ကြည့်တဲ့အခါ အဆင်းမြင် တယ်။
မြင်သိစိတ် စက္ခုဝိညာဏ်လို့ မဟောဘူးလား။
မျက်စိအကြည်နဲ့ အဆင်းကရုပ်တရားမရလား။
ဝိညာဏက္ခန္ဓာက နာမ်တရားမရလား။နာမ်ရုပ်-၂ပါး။
ဖြန့်လိုက်တော့ ခန္ဓာ၅-ပါး ချုံ့လိုက်တော့ နာမ်နဲ့ရုပ်ပေါ့။
ထွေးခံလား နာမ်နဲ့ရုပ်။အဲဒီ နာမ်ရုပ်အပေါ်မှာ ဌာနူပစာရအားဖြင့် တင်စားပြီးတော့ ထွေးခံလို့ မခေါ်ဘူးလား။
အဲဒါသမုတ်တာခေါ်တာ ဘုရားပယ်ရဲ့လား။မပယ်ဘူးနော်။
ဘာတွေပယ်တာလဲလို့ မေးဖို့မကောင်းလား။
ထွေးခံရှိရင် စွဲဦးမှာပေါ့စိတ်က ထွေးခံလို့ မထင်ဘူးလား ရှိတယ်လို့ မယူဘူးလား။
တောင်. တောင် တောင်
(ထွေးခံကို လက်နဲ့တောက်ပြသည်။)
မြင်တာလား ကြားတာလား။
ထွေးခံလား အသံလား။စိတ်ကတော့ ထွေးခံလို့ မထင်လား။ အခုလို လေ့လာကြည့်တော့ ထွေးခံလား အသံလား။
အသံသာ ထွေးခံဆို အသံဟူသရွေ့ ထွေးခံလို့ ခေါ်ရမှာပေါ့။ဒီလိုကား ဖြစ်ပါမလား။
အသံလို့ကြားသိတာ သောတဝိညာဏ်နော်။ထွေးခံလို့ တွေးသိ ကြံ သိတာ မနောဝိညာဏ်။
အိပ်မက်နဲ့တူတယ် မျက်လှည့်နဲ့တူတယ် မဟောဘူးလား။
အဲဒါ မိုးကုတ်ဆရာတော်ဘုရားကြီးက ဝမ်းထဲမှာလို့ မပြောဘူးလား။
တွေးသိကြံသိတာ မနောဝိညာဏ်။ အသံလို့ကြားသိတာ သောတဝိညာဏ်။
သောတဝိညာဏ်က နာမ်တရားမရလား။အသံကရုပ်တရားမရလား။
ထင်တော့ထွေးခံလို့မထင်လား။ တွေ့တာက ထွေးခံလား နာမ်နဲ့ရုပ်။
ထွေးခံမတွေ့တာ ရှိလို့လား မရှိလို့လား။ မရှိရင် ဘယ်လိုစွဲမလဲ ။အဲဒါပယ်တယ်လို့ပြောရတာ။တွေ့တာကနာမ်နဲ့ရုပ် ပေါ့။ထင်တာကထွေးခံ။ ထင်တာနဲ့တွေ့တာ ပိုင်းခြားဖို့မလိုလား=ဉာတပရိညာ။
တခါ ပညတ်ပရမတ်ပိုင်းခြားဖို့ မလိုလား။နာမ်ရုပ်က ပရမတ် ထွေးခံကပညတ်။
ပညတ် ဆိုတာ ခေါ်တာပြောတာ။
အိမ်ထောင်ရက်သားကျလို့ သားတွေ သမီးတွေ ထွန်းကားတဲ့အခါ သားသမီး ၁၀-ယောက်/၁၁-ယောက် ရှိတဲ့ပုဂ္ဂိုလ်။
နာမည်တွေ၁၀- ယောက် ရှိ ၁၀-မျိုး/၁၁-ယောက်ဆိုတော့ ၁၁-မျိုး မနေလား။ အဲဒီ အမည်နာမတွေဟာ မွေးကတည်းကပါတာ ဟုတ်ကဲ့လား။ မိဘ၂-ပါးကပေးတဲ့နာမည်ကွဲ့။
သမုတ်ရှိကြားးလား။တကယ်ရှိဟုတ်ရဲ့လား။
တကယ် ရှိ အရှုခံတရားက ခန္ဓာ၅-ပါး၊ချုံ့လိုက်ရင် နာမ်နဲ့ရုပ်လို့ မဟောဘူးလား။
ကဲ ခေါ်တာတော့ မြတ်စွာဘုရားပယ်ရဲ့လား။
ထွေးခံလို့ မခေါ်ဘူးလား။ခေါ်တာဘုရားမပယ်ဘူးနော်။
ဘာတွေပယ်တာလဲလို့ ပြန်မေးဖို့မကောင်းလား။
ထွေးခံလို့မထင်ဘူးလား ရှိတယ်လို့ မယူ လား။ကိုင်စမ်းကြည့် ထွေးခံတွေ့တာလား-မာတာတွေ့သလား။
မာတာပထဝီ ။မာတယ်လို့သိတာ သူငါလားကာယဝိညာဏ်လား။
ကာယဝိညာဏ်က နာမ်တရားမရလား။ မာတာကရုပ်တရားမရလား။
နာမ်ရုပ်ပေါ့။
ထင်တော့ထွေးခံလို့မထင်လား
တွေ့တာကထွေးခံလား နာမ်နဲ့ရုပ်။
ထွေးခံမတွေ့တာရှိလို့လားမရှိလို့လား။
အဲဒါမရှိတော့ ပယ်တယ်လို့ ပြောတာကွဲ့။
နာမ်ရုပ်သိတော့ အမှန်သိပြီနော်။
ထွေးခံလို့ယူတာ အမှားသိ။
ခေါ်တာကြတော့ကား မပယ်ဘူး။သမုတ်ရှိကိုကွဲ့။
လောကကြီးမှာ ဒီလိုမှ မခေါ်မပြောရင် ပြောလို့ဆိုလို့ ဖြစ်ပါ့မလား။ကဲဟိုဟာယူခဲ့စမ်းကွဲ့ဆို ကျောက်တုံးကြီးယူခဲ့ ဘယ်နှယ့်လုပ်မလဲဟ။
အခုတံတွေးထွေးဖို့ လိုတာ၊ထွေးခံယူခဲ့လို့ မပြောရဘူးလား။
ရေသောက်ဖို့ရေခွက်ယူခဲ့လို့ မပြောရဘူးလား။ထမင်းစားဖို့ ပန်းကန်ယူခဲ့လို့ မပြောရဘူးလား။
အဲဒါသမုတ်တာကွဲ့။
ဒီလိုမှ မသမုတ်ဘူးဆိုရင်ပြောလို့ ဆိုလို့ ဖြစ်ပါ့မလား။
စဉ်းစားကွဲ့နော်။
ကဲ ဘယ်ဆီမှာထားတာလဲ ရှာလို့မတွေ့ဘူးပေါ့
အိမ်ရှေ့မှာ ဟော ရေအိုးနားမှာလို့ မပြောရဘူးလား။
အရှေ့မှာမပြောဘူးလားကွဲ့ တောင်နဲ့မြောက်လို့ မခေါ်ကြဘူးလား။ထက်အောက်ဖီလာလို့ မခေါ်ဘူးလား။သမုတ်ရှိကွဲ့။
မသမုတ်လည်းရှိ သမုတ်လည်းရှိက ခန္ဓာ၅-ပါး။ဘယ်ပုံရှိတာလဲ စိစစ်ဖို့မကောင်းလား။
အနိစ္စအနေနဲ့ရှိတယ် ဒုက္ခအနေနဲ့ရှိတယ် အနတ္တအနေနဲ့ရှိတယ်
အဲသလိုလေ့လာဖို့မကောင်းလား
ဒါကြောင့် ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ဆိုတာ ဒိဋ္ဌိဖြုတ်တာ။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး။
(မယ်တော်ကြီး ဒေါ်ညွန့်စုဆောင်းထားသော ရှေးတိပ်ခွေတရားတော်များmcမှ အသံတော်အတိုင်း စာရေးသားပူဇော်ပါသည်။
ချမ်းသာခြင်းလက်ငင်းရကြပါစေ-
မဂ် စခန်း တက်လှမ်းနိုင်ကြပါစေသော်။
မေတ္တာတွေ တပုံတပင်ဖြင့်
အရှင်တေဇနိယ မုံလယ်ဇ) — — —
🙏🙏🙏
ReplyDeleteသာဓုသာဓုပါဘုရား
မသမုတ်လည်းရှိ သမုတ်လည်းရှိက ခန္ဓာ၅-ပါး။ဘယ်ပုံရှိတာလဲ စိစစ်ဖို့မကောင်းလား။
ReplyDeleteအနိစ္စအနေနဲ့ရှိတယ် ဒုက္ခအနေနဲ့ရှိတယ် အနတ္တအနေနဲ့ရှိတယ်
အဲသလိုလေ့လာဖို့မကောင်းလား
ဒါကြောင့် ခန္ဓာဖွဲ့ ခန္ဓာဖွဲ့ဆိုတာ ဒိဋ္ဌိဖြုတ်တာ။
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး။