Friday, July 10, 2015

ကြီးစွာသော တာဝန်....

နွားမွှေးတစ်ထောင် နွားချို နှစ်ခုတဲ့
ယောဆရာတော်ကြီး တရားတော်တစ်ခုမှာ နာလိုက်ရပါတယ်....
ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး ကတော့
တပည့်ရင်း တပည့်ဖျား မခွဲခြား တစ်သားတည်း
ကျောရင် မခြား ဝိပဿနာနှလုံးသွင်း နည်း တရား ဟောနည်း သာသနာပြုနည်း သင်ပြ ခဲ့တဲ့
ဥပဇ္ဈာယ်ခံ နိဿျည်းခံ တပည့်ပေါင်းများစွာ မွေးတော်မူခဲ့ ပါပေသည်။

ဆရာတော်ကြီးမှာ သာသနာ့မျက်နှာတစ်ခုသာကြည့်ပြီး
ဥပဇ္ဈာယ်ခံတပည့်လည်း အပြစ်ရှိရင် ရှိသလို...
နိဿျည်းခံတပည့်လည်း စွမ်းနိုင်ရင် စွမ်းသလို...
ချီးမြောက်တော်မူခဲ့တာ သမိုင်းက သက်သေတည်နေတာဘဲနော်။
ဆရာသခင်က မေတ္တာကြီးစွာ မည်မျှပင် ဟောပြ သင်ကြားခဲ့ပါသော်လည်း...
တစ်ထောင်ထဲဝင်မှာလား နှစ်ခုထဲဝင်မှာလား က ဆရာတော့်အဆုံးအမ၌ မိမိနာခံနိုင်သည်ပေါ်တွင် မူတည်နေမှာပင်မဟုတ်ပါလား။

ရံဖန်ရံခါ ဆရာ့တပည့်လို့ အားရဝမ်းသာဆိုချင်ပါလျက် မိမိ၏ ကိလေသာစရိုက် အမိုက်တိုက်ကြောင့် သုံးရမည်မှာ ရှက်ကြောက်မိပါသည်။ နေခဲ့ရတာ ထက် နေနိုင်တာဟာ ပို ဂုဏ်ယူစရာ မဟုတ်ပါလား။
ဘယ်လိုပင် တပည့်ဖြစ်ခဲ့ ဖြစ်ခဲ့
ဆရာမရှိငြားသော်လည်း ဆရာ့အဆုံးအမနှင့်အညီ
တပည့်အဖြစ် ဆက်လက်နေနိုင်တာ မှ ဂုဏ်ယူစရာပါ။

ဆရာကောင်း တပည့်... ဖြစ်ခဲ့သည် နောက်တွင် တပည့်ကောင်းဆရာ ဖြစ်ဖို့ရာမှာ
များစွာ တာဝန်ကြီးလှပါသည်ဟု သုံးသပ်မိပါဘိ...။

ပမာနည်းယူ ထို့အတူ သာလျှင် ဦးဆောင်လမ်းပြ သာသနာ့ခေါင်းဆောင် ဓမ္မပိုင်ရှင် ဘုရားသခင် မြတ်စွာဗုဒ္ဓ၏ တပည့်သားမြေး ဖြစ်ခဲ့ရပါသော ဦးဇင်းတို့မှာလည်း
တပည့်သားမြေးကောင်း ဆရာအဖအဘိုး ရယ်လို့  ဖြစ်ဖို့ရာ...
ဆုံးဖြတ်ချက် ကိုယ်စီ ချကာ ကံသုံးပါးမှာ ဒုမပါ​အောင်​ စိစစ်​​နေကြပါ စို့ရဲ့။

အရှင်တေဇနိယ မုံလယ်ဇ
*(အရေးအသား မှားယွင်းချွတ်ချော် သဘောတော်မတိုက်ဆိုင်ပါက သည်းခံခွင့်လွှတ်​ပါရန်​)

No comments:

Post a Comment