မကြားစဖူး ကြားဖူးထပ်မံ
ဘုန်းကြီးတို့ ဒေသန္တရမှာ အင်္ဂလိပ်လက်ထက်က ဦးဖိုးလှတို့ စိန်ကတုံးတို့ ရူးတဲ့ပုဂ္ဂိုလ် တွေ ပေါ့၊ သိပ်အရူးကြီးလည်းမဟုတ်လှဘူး။ အဲတာနဲ့ ဇရပ်မှာနေလို့ သမိုင်းဝင် စွယ်တော်ရှင် ဘုရားကြီးမှာ ရွာထဲက ဆွမ်းတော် ကပ်တဲ့အခါမှာ အဲတာ သူတို့ တောင်းပြီးတော့ စားကြတယ်။
တစ်နေ့သ၌ မင်းရွာနဲ့ ဘုန်းကြီးတို့ အနောက်ဂန့်ဂေါနဲ့ ဆယ့်ငါးမိုင် ဝေးတယ်။ မြစ်သာမြစ်၊ ရွာနဲ့ ဘုရားနဲ့က မြစ်သာမြစ်ခြားတယ်။ မြစ်မြောက်ဘက်မှာ မြသိန်းတန်ဘုရား ဆိုတာ သီရိဓမ္မာသောကမင်းကြီး တည်ခဲ့တာ။ အဲဒီမှာ ဆွမ်းတော်ကပ် သွားတဲ့အခါမှာ ဇရပ်မှာနေတဲ့ ဖိုးလှက အဲတာ တောင်းစားနေတာ ။
အဲဒီရွာမှာနေတဲ့ ဥပါသကာ တစ်ယောက်က အဲဒီ ဘုရားမြောက်ဘက်မှာ သူရဲ့လယ်တောရှိတယ်။ အဲဒီလူက ထန်းပင် တက်ပြီးတော့ သောက်တတ်တယ်။ ၀ယ်မသောက်ဘူး ထန်းရည်။ သူကိုယ်တိုင်တက်ပြီးတော့ သောက်တာ။ အပေါင်းအဖေါ်နဲ့လည်း မသောက်ဘူး။
အဲတာနဲ့ တောကိုသွားတဲ့အခါ ဇရပ်မှာ ဖိုးလှနဲ့တွေ့တော့၊ ဟေ့ ဖိုးလှ ထန်းရည် သောက်ချင် လိုက်ခဲ့ ထန်းရည် သောက်ချင် လိုက်ခဲ့လို့ ခေါ်တယ်။ အဲဒီ ရူးတဲ့ ဖိုးလှက ဘယ်လို ပြန်ပြောသလဲ တဲ့။ ငါ ဟိုဘ၀တုန်းက သောက်တာ အခုထိ အမူးမပြေသေးဘူးတဲ့။ ဟိုဘ၀တုန်းက သောက်တာ၊ အခုထိ အမူးမပြေသေးဘူးတဲ့ ကြားရဲ့လား။ အဲဒီ ရူးတဲ့လူတွေက အမူးပြေလို့လား၊ မပြေလို့လား။ ဟာ အားရပါးရ အတော်မူးတာကို ဟယ် ကြားလား။ ဟိုဘ၀တုန်းက သောက်တာ တောင်မှ အမူး မပြေပါလားဟဲ့။
ဟင် အဲဒီတော့ ဟိုလူက စဉ်းစားတယ်။ ခြေတစ်လှမ်းချင်း သွား၊ ကန့် ကန့် ပြီးတော့ သွားတဲ့အခါ တောကိုရောက် ထန်းပင်ပေါ်တက၊် အိုးတွေကို တစ်ခါတည်းခွဲ၊ထန်းစတွေ ချိုး။ အဲဒီနေ့ကစ အသောက် အစား ပြတ်သွားတော့တာ၊ ဘုန်းကြီးတို့ ဟောတုန်းက မကျွတ်ဘူး။ ဖိုးလှ ပြောကာမှ ကျွတ်တော့တာ ဟေ့ ။ ကြားလား-ဟ။
ငါ ဟိုဘ၀တုန်းက သောက်တာ အခုထိ အမူး မပြေဘူးတဲ့။
အခုလည်း ကား စီးတဲ့အခါ မူး၊ ရထား စီးတဲ့အခါ မူး၊ လေယာဉ် စီးတဲ့အခါ မူး ဒီလိုတွေကား မရှိဘူးလား။ အဲဒီ သူတွေဟာ အသောက်သမားလို့သာ အောက်မေ့။ အသောက်သမား၊ အသောက်သမား။ တရားဟောရတာလည်း အားတော့ နာတယ်ကွဲ့။ အားနာတယ်။ စဉ်းစားဖို့ မကောင်းလား ဟေ့။ ခေါင်းမူး ခဏ ခဏ ပေါ်တာ လူ အသိ မပေးနဲ့ ခေါင်းမူးတာ အသာလေး သာ မှိန်းနေ။ သို့မို့ အသောက်သမား မှန်း သိတယ်ကွဲ့။ စဉ်းစားဖို့ မကောင်းလား။ အဲလို လေ့လာ။
ကဲ- အဲဒီ သုရာမေရယကံ ဆိုတာ နည်းနည်း ပေါ့ပြီးတော့မှ မရူးငြားသော်လည်း ကျောင်းထားတဲ့ အရွယ် ရောက်လို့ ငါးနှစ်၊ ခြောက်နှစ်၊ ခုနှစ်-နှစ်ကြာတော့ ကျောင်းထား၊ ကျောင်းက အတန်းကျောင်းပဲ ဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းပဲ ဖြစ်ဖြစ်၊ ရှေ့စာသင် နောက်စာမေ့ ဆိုတာ ကြားဖူးသလား။ အဲ...အသက်အရွယ် ကြီးလို့သာ ကျောင်းက ထွက်ရတာ အတန်း အောင်တယ် လို့ မရှိဘူး။ မေ့လို့ဘဲ နေတော့တာ ကိုး။ စဉ်းစားဖို့ မကောင်းလား။ အမေ့အလျော့ အားကြီးတာတွေဟာ လည်း အသောက်သမား ပဲ ကြားလား။ခဏ ခဏ အမေ့အလျော့ ထူတာ မရှိဘူးလား။ အဲတာ အသောက်သမားတွေ ကွဲ့နော်။ အသက် အရွယ် ကြီးလို့ သာ ကျောင်းက ထွက်တော့တာ…
တောင်သူပဲ လုပ်လုပ်၊ အရောင်းအ၀ယ်ပဲ လုပ်လုပ်၊ တစ်ရွာနဲ့ တစ်ရွာ တစ်မြို့နဲ့ တစ်မြို့ သွားလာပြီးတော့ အရောင်းအ၀ယ် လုပ်။လမ်း ခရီး တထောက် ထမင်းဆိုင် တွေ့တော့ ဆာလောင်မွတ်သိပ်လို့ စားကြ၊ စားလို့ ခရီးဆက်ပြီးတော့ သွားတဲ့အခါ စားပြီးလို့ ခရီးဆက်တဲ့အခါ အဖိုးတန်တဲ့ ပစ္စည်းတွေ မေ့လို့ ဆုံးရှုံးတာ တွေကား မရှိဘူးလား။ အလိုလို ဖြစ်တာလား အကြောင်းကြောင့် အကျိုးတရားပေါ်တာလား။ သုရာမေရယကံ တွေ နော်။
ကဲတစ်ခါ နှမ်းကောက်ကျီပြတ်၊ စပါးကောက်ကျီပြတ်၊ ပဲကောက်ကျီပြတ်။ အရောင်းအ၀ယ်လုပ်လို့ ငွေချေတဲ့အခါ တစ်ထောင်ထုပ်၊ တစ်သောင်းထုပ်တွေ ထုတ်ထားတာ တစ်ထောင်ထုပ်ကို ပေးရမှာ တစ်သောင်းထုပ်ကို ပေးလို့ ဆုံးရှုံးတာတွေကား မရှိဘူးလား။ အလိုလိုဖြစ်တာလား အကြောင်းကြောင့် အကျိုးတရား ပေါ်တာလား။ ဟော မေ့လျော့တာဟာ သုရာမေရယကိုးကွဲ့။ အဲဒီလိုသိတော့ မရှောင်ရပေဘူးလား။ အေး ရှောင်ရမယ် ရှောင်ရမယ်။ အဲတာသိမှ ပယ်နိုင်တာနော်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅)၊နံနက်(၈) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်- မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ
No comments:
Post a Comment