Wednesday, July 8, 2015

“မှတ်တယ် ဆိုတာ မသိခင် မှတ်ရတာ”။(အစိုးရ၀န်ထမ်း ဥပမာပြ)

  အမှတ် နာလို့ ခက်တယ်ဗျ။  အဲဒီ အမှတ်တွေကို ဖြတ်ရတာ အမှတ်တွေကို။ စဉ်းစားဖို့ မကောင်းလား။ မှတ်တယ် ဆိုတာ မသိခင် မှတ်ရတာ။ သိကာ မှတ်စရာ လိုသေးရဲ့လား။ ဘယ်လိုတွေ မှတ်တာလဲလို့။ ဥပမာအားဖြင့် ၀န်ထမ်း တစ်ယောက်။ အဲဒီ ၀န်ထမ်းက တရပ်တဒေသက အစိုးရ၀န်ထမ်း ရောက်လာတာ။ ဒီဒေသကို သူက မရောက်ဖူးဘူး။ အဲတော့ ကားလမ်းအတိုင်း သွားတော့ကာ မြို့က ထွက်သွားတော့ မိုင်နှစ်ဆယ်။ အဲဒီမိုင် နှစ်ဆယ် ရောက်တဲ့အခါမှာ လူလမ်းလေး တွေ့တယ် ညာဘက်ကို။ အဲဒီ လူလမ်း… တော မိုင်တိုင်တွေ စိုက်ထားတာ။ အဲဒီလမ်းက မိုင်နှစ်ဆယ်လောက်ကျတော့ကာ ရွာလေးတစ်ရွာမှာ ဆယ်မိုင်လောက် သွားရမယ်။ ငါးမိုင်လောက် ရောက်တဲ့အခါမှာ လမ်းနှစ်ခွ။ လမ်းနှစ်ခွက ညာဘက်ကိုလိုက်။
မရောက်ဖူးတဲ့သူ ဆိုတော့ကာ သွားဖူး ရောက်ဖူးတဲ့လူကို မမေးရဘူးလား။ သင်္ကေတ မှတ်ရတယ်။ ငါးမိုင်စေ့တဲ့အခါ လမ်းနှစ်ခွတွေ့မယ် ဘယ်ကို မလိုက်နဲ့ ညာကို လိုက်။ညာလိုက်ပြီးတော့မှ တစ်ပြလောက်သွားတဲ့အခါ  မော့ကြည့်တဲ့အခါ ပေပင်နဲ့ တဲစင်လေးတွေ့မယ်။ အဲဒီိဆီကို ရောက်တဲ့အခါ အနောက်ကို လှည့်ကြည့်။ လှည့်ကြည့်တဲ့အခါ ရွာမြင်ရလိမ့်မယ်။ အဲဒီရွာကို ရောက်တဲ့အခါ သူကြီးက ဦးဘဦး၊ အဲဒီအိမ်မှာ တည်း။ အင်မတန် သဘော ကောင်းတယ်။ မပြောရဘူးလား။ မေးမြန်းပြီးတော့ အဲဒီရွာ ရောက်သွားတော့တာ။ သူကြီးအိမ်မေး၊ သူကြီးအိမ်မှာတည်း ခြောက်လကြာတယ်။ သူ့အလုပ်တွေပြီးသွားပြီ ပြန်လာခဲ့ပြီ။
နောက်တစ်နှစ် ကြာတဲ့အခါ အဲဒီဆီ ပြန်ပြီးတော့ တာဝန်ကျတယ် သွားရမှာ။ အဲဒီအခါ မှတ်ဦးမလား။ ဘာဖြစ်လို့လဲ။ ဟော သိတော့ မှတ်စရာ မလိုဘူးပေါ့။ မသိခင် မှတ်ရတာကွဲ့။ကြားလား။  အင်း မှတ်ထား မှတ်ထား  အမှားထပ်နေတာ။ “မှတ်ထား မှားထပ်”။ အဟမ်း ဟမ်း ဟမ်း စဉ်းစား။ အင်း သိတော့ မပယ်ရဘူးလား။  ပထမ မမှတ်ရဘူးလား။မှတ်ရတယ်။ ကြားလား။
မှတ်တာ လူလား သညာလား။ ငါလား သညာလား။ လူလည်း မပါ ငါလည်း မပါကွဲ့ သညာတဲ့။ ကဲ စဉ်းစားဖို့ မကောင်းလား။ ခန္ဓာငါးပါးထဲမှာ သညာက္ခန္ဓာ မပါဘူးလား။ အဲ သညာက္ခန္ဓာ ကလည်း နာမ်တရား မရဘူးလား။ သူလည်း အနိစ္စ။ မဟောဘူးလား။ “သည် သင်နှစ်ခု ဓမ္မာနု ရှုလော အနတ္တာ” လို့ မဟောဘူးလား။ အဲလို စိစစ်ဖို့ မကောင်းလား။ လေ့လာ။ ကဲ သူတွေ ငါတွေ တွေ့သေးရဲ့လား။ တွေ့တာ နာမ် နှင့် ရုပ်ပေါ့ကွဲ့။ နာမ်ရုပ်ကို သိတော့ ဒိဋ္ဌိ ပြုတ်တယ်။ အနိစ္စသိတော့ တဏှာသေတယ်။ ဒီလို လေ့လာဖို့ မကောင်းလား။ အဲဒါ စဉ်းစား။ “စဉ်းစားတာ အလုပ်လုပ်တယ်လို့ ခေါ်တယ်။” ထိထိမိမိ သဘောပေါက်ဖို့လိုတယ်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။

အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၀-ရက်၊အင်္ဂါနေ့
(၁၇.၅.၂ဝဝ၅) နေ့လည် (၂) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment