------------------------------------------------------------------------------------------
လင်မယားနှစ်ယောက် အိမ်ထောင်ပြုလို့ သားမွေးတာ၊ သားယောက်ျားပဲ လေးယောက်ဆက်မွေးတာ။နှစ်နှစ်ခြား နှစ်နှစ်ခြား။ အဦးဆုံးသားကို ဘဦး၊ ပထမဆုံးမွေးတဲ့သား ဘဦး၊ ဒုတိယသားကို ဘအောင်၊ တတိယသားက ဘမောင်၊ စတုတ္ထက ဘထွေး။
အဲဒါ ဘဦးတို့၊ ဘအောင်တို့်၊ ဘမောင်တို့၊ ဘထွေးတို့- မွေးကတည်းက ပါတာလား၊ မိဘကပေးတာလား။ ယုံရဲ့လား- ယုံတယ်နော်။ အဲဒါယုံတာဟာ အဲဒီ ဘဦး--- ဘဦးလို့ စွဲတဲ့ပုဂ္ဂိုလ် ဟာဒါယုံရင် ဘဦးပျောက်အောင် ဘယ်လိုရှုမလဲ။ ဘဦးရှိသမျှတော့ စွဲမှာပါ့ကွ၊ ဘအောင်လည်းရှိရင်စွဲမှာ၊ ဘမောင်ရှိ-စွဲမှာ၊ ဘထွေးရှိ-စွဲမှာ-။ အဲဒီအစွဲကို ဘယ်လိုလုပ် ဖြုတ်မလဲ။ ဒါအလုပ်ပေးနေတာ။ ဘယ်လိုဖြုတ်မလဲ ၊ စဉ်းစား- အင်း-။ စဉ်းစားနော်။
ကဲ ဘဦးလို့ မထင်ဘူးလား။ ရှိတယ်လို့ မယူလား။ ဘုရားပေးတဲ့ ဝိဇ္ဇာမျက်မှန်ကို တပ်။ ဘဦးကိုမြင်တာလား အဆင်းကိုမြင်တာလား၊ အဆင်းကိုမြင်တာနော်၊ ဘအောင်ကိုမြင်တာလား၊ အဆင်းကိုမြင်တာလား၊ဘမောင်ကိုမြင်တာလား၊အဆင်းကိုမြင်တာလား၊ ဘထွေးကိုမြင်တာလား၊အဆင်းကိုမြင်တာလား။သြော်- ကဲထင်တာတွေ မတွေ့ပါကားဟေ့၊ တွေ့တာက အဆင်း၊
ကဲ-ဘဦးလို့ မထင်ဘူးလား။ရှိတယ်လို့ မယူလား။ လက်နဲ့ပုတ်ကြည့် -လက်နဲ့ပုတ်ကြည့်။(ဘုတ်-ဘုတ်၊ဘုတ်-ဘုတ်။)ဘဦးလား၊အသံလား။ယုံရဲ့လား။ စိတ်ကတော့ ဘဦးလို့ မထင်လား။ လက်နဲ့ပုတ်ကြည့်တော့ အသံပဲ ကြားတယ်နော်။ ဘဦးလား အသံလား။ ဘအောင်လား အသံလား။ ဘမောင်လား အသံလား။ ဘထွေးလား အသံလား။ဟော ပညတ်-ပရမတ် ပိုင်းခြားဖို့လိုတယ်။ အသံက ပရမတ် ၊ ဘဦးက ပညတ် အသံက ပရမတ် ၊ ဘအောင်က ပညတ်၊ အသံက ပရမတ် ၊ ဘမောင်က ပညတ်၊ အသံက ပရမတ် ၊ ဘထွေးက ပညတ်၊ ပညတ်ဆိုတာ သမုတ်တာ၊ ရှိတာမဟုတ်ဘူး။ အသံက ပရမတ်၊ သူကရှိတယ်၊ ဘယ်ပုံရှိတာလဲ။ ကြားပြီးမပျက်လား။အနိစ္စအနေနဲ့ရှိတယ်၊ဒုက္ခအနေနဲ့ရှိတယ်။အနတ္တအနေနဲ့ရှိတယ်။
ဘဦးထင်လို့ နမ်းကြည့်- ဘဦးတွေ့မလား၊ အနံတွေ့မလား၊ ဘအောင်ထင်လို့ နမ်းကြည့်- ဘအောင်တွေ့မလား၊ အနံတွေ့မလား၊ ဘမောင်ထင်လို့ နမ်းကြည့်- ဘမောင်တွေ့မလား၊ အနံ့တွေ့မလား၊ ဘထွေးထင်လို့ နမ်းကြည့်- ဘထွေးတွေ့မလား၊ အနံ့တွေ့မလား။ အနံ့ကပရမတ် ဘဦးကပညတ်။ အနံ့ကပရမတ် ဘအောင်ကပညတ် ။အနံ့ကပရမတ် ဘမောင်ကပညတ်၊ အနံ့ကပရမတ် ဘထွေးကပညတ်။
ပညတ်ဆိုတာရှိတာမဟုတ်ဘူး။ပရမတ် ကရှိတာ၊ဘယ်ပုံရှိတာလဲ အနိစ္စ-အနိစ္စမမြဲတဲ့ အနေနဲ့ရှိတယ်၊ အနိစ္စ-မမြဲခြင်းတရားသည် ချမ်းသာတဲ့တရားလား၊ ဆင်းရဲတဲ့တရား။ ဆင်းရဲတဲ့အနေနဲ့ရှိတယ်။ အဲဒီဆင်းရဲတဲ့တရားကို ပိုင်သူရှိရဲ့လား။ သတ္တဝါအလိုသို့ လိုက်ကဲ့လား၊ အကြိုက်သို့ပါရဲ့လား။ အနတ္တ-အနတ္တအနေနဲ့ရှိတယ်။ အနိစ္စ၊ဒုက္ခ၊အနတ္တအနေနဲ့ရှိတယ်။စိစစ်ဖို့မကောင်းလား။
ဘဦးလို့မထင်ဘူးလား။ ရှိတယ်လို့ မယူလား။ ဘုရားပေးတဲ့ဥာဏ်လက်နဲ့ကိုင်စမ်းကြည့်။ ဆံဖျားကခြေဖျားအရောက် ကိုင်စမ်းကြည့်။ ဘဦးတွေ့မလား၊ မာတာတွေ့မလား။ ဘအောင်တွေ့မလား မာတာတွေ့မလား။ ဘမောင်တွေ့မလား မာတာတွေ့မလား။ ဘထွေးတွေ့မလား မာတာတွေ့မလား။ မာတာ -ပထဝီ။ တစ်နည်းအားဖြင့် ပျော့တာ မတွေ့ဘူးလား။ ဘဦး တွေ့မလား ပျော့တာတွေ့မလား။ဘအောင်- တွေ့မလား ပျော့တာတွေ့မလား။ ဘမောင် တွေ့မလား ပျော့တာတွေ့မလား။ဘထွေး တွေ့မလား ပျော့တာတွေ့မလား။ မာတာပျော့တာ ပထဝီ၊ ကိုင်စမ်းကြည့်တော့ မာတယ်ပျော့တယ်သိတာ ကာယဝိညာဏ်-သူက နာမ်တရားမရလား။ မာတာပျော့တာက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါး။ ကဲ ဘဦးလား၊ နာမ်နဲ့ရုပ်၊ဘအောင်လား၊ နာမ်နဲ့ရုပ်၊ဘမောင်လား၊ နာမ်နဲ့ရုပ်၊ဘထွေး လား၊ နာမ်နဲ့ရုပ်။ ဟော နာမ်ရုပ်ပဲတွေ့တယ်။ ဘဦးမတွေ့၊ဘအောင်မတွေ့၊ဘမောင်မတွေ့၊ဘထွေးမတွေ့ ဘာဖြစ်လို့မတွေ့တာလဲ-မရှိဘူး။ဒါ-ယုံကြည်ဖို့မကောင်းလား။ ယုံကြည်ရင်-ကဲ-ဒိဋ္ဌိမပြုတ်ဘူးလား။ပြုတ်ပြီ
။တွေ့တဲ့မာတာနဲ့ပျော့တာကလည်း မာပြီးရင်ဖောက်ပြန်ပြီးတော့ မပျက်လား၊ပျော့တာကလည်း ဖောက်ပြန်ပြီးတော့ မပျက်လား။ နိစ္စလား-အနိစ္စလား။ အနိစ္စလက္ခဏာ ဒုက္ခသစ္စာ၊ဒုက္ခလက္ခဏာ ဒုက္ခသစ္စာ၊ အနတ္တလက္ခဏာ ဒုက္ခသစ္စာ၊ ဆင်းရဲတာပဲ တွေ့တယ်နော်။ ဒါ အမှန်တွေ့နေပြီ။ အသိနဲ့ ရှိတဲ့တရားနဲ့ ထပ်သွားဖို့လိုတယ်လို့ မဟောဘူးလား။ ရှိတဲ့တရားနဲ့ အသိ ထပ်သွားဖို့လိုတာနော်၊
အခုတွေ့နေတာ ဆင်းရဲတဲ့တရားတွေ့နေတာ။မမှန်ဘူးလား။ ကဲ- ဆင်းရဲတယ်လို့သိတော့ လိုချင်သလား၊ဆင်းရဲတယ်လို့သိတော့မပယ်ရဘူးလား။ဆင်းရဲတယ်လို့သိကတည်းက သိလိုက်တဲ့တချိန်တည်း လိုချင်တဲ့တဏှာလာ-မလာ။ဒါပယ်တယ်လို့ပြောတာ၊ လာကို မလာတာ။ ဆင်းရဲတယ်လို့သိတာ တစ်ချက်နဲ့ လာကိုမလာတော့တာ။
အဲဒါကြောင့် မြတ်စွာဘုရားရှင်ဟောတဲ့တရား၊ မိုးကုတ်ဆရာတော်ဘုရားကြီးဟောတဲ့တရား အနုပ္ပါဒ နိရောဓ တဏှာကမလာပဲနဲ့ ချုပ်တာ။နာမ်ရုပ်က ရှိရာကချုပ်တာ- ဥပ္ပါဒနိရောဓ၊ တဏှာ၊ ဥပါဒါန် မလာပဲနဲ့ ---အနုပ္ပါဒနိရောဓတဲ့-။ သိတော့ပယ်တယ်လို့ မဟောဘူးလား။ ဆင်းရဲတယ်သိကတည်းက မလာဘူး။ ချမ်းသာတယ်ဆိုရင် ရောက်လာတာ၊ လိုချင်ပြီ၊ ဆင်းရဲတယ်ဆိုတော့ မလိုဘူး။
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ဘုရားကြီး
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
၁၅.၅.၂ဝဝ၅
No comments:
Post a Comment