÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
တရားနာတယ် တရားအားထုတ်တယ် တရားလေ့လာတယ်ဆိုတာ .....
မိမိခန္ဓာမှာ ရှိတဲ့တရားနဲ့ အသိတရား ထပ်သွားဖို့ လိုတယ်နော်။
အရှိနဲ့ အသိနဲ့ ထပ်သွားဖို့ လိုတာပေါ့။
တရားထိုင်တယ်ဆိုတဲ့ အချိန်ကာလမှာလည်း..
မိမိခန္ဓာကိုယ်ကြီးကို အမျိုးသားတွေက ယောက်ျားများ တင်ပလ္လင်ခွေပြီးတော့ ထိုင်ရမှာပေါ့။
အမျိုးသမီးတွေက မိန်းမထိုင်ပေါ့နော်။။
ထိုင်တဲ့အခါ ခန္ဓာကိုယ်ကြီးကို မတ်မတ်မားမား ...
တင်းပါးရယ် ခါးရယ် ပခုံးစွန်းရယ် လည်ပင်းရယ် ဦးခေါင်းရယ် ကျောက်ဖယောင်းတိုင်များ စိုက်တဲ့အခါ မတ်မတ်မားမား ဖြစ်သွားအောင် ...
အဲသလို ထိုင်ရမယ်နော်။
ဘေးကို ယိမ်းမယ် ရှေ့ကို ငိုက်မယ် ဆိုရင် ... သွေးလွှတ်ကြော သွေးပြန်ကြော ဖြစ်ပြီးတော့ မူးပြီးတော့ မေ့ပြီးတော့ လဲသွားတတ်တယ်နော်။
အဲဒါ သတိမပြုရပေဘူးလား။ သတိပြုရမယ်နော်။
အဲဒါ ကြာကြာထိုင်နိုင်တယ်ဆိုတာ... ကိုယ့်ခန္ဓာကိုယ်ကို မတ်မတ်မားမား ဖြစ်တော့ကာ ကြာကြာထိုင်လို့ ရတယ်နော်။
ကြာကြာမထိုင်နိုင်တာ ဘယ်သဘောလဲ...
ပြန်စိစစ်ဖို့ မကောင်းလား။
ဟောဒီ ခန္ဓာကိုယ်ကြီးက မတ်မတ်မားမား မဖြစ်သေးလို့ပေါ့။
အဲဒါ မတ်မတ်မားမား ဖြစ်အောင် မသိမသာလေး ပြင်ပေးရမယ်နော်။
အဲဒါ ထိုင်ပုံ ထိုင်နည်းတွေပေါ့။
ဒါ..မိမိက လေ့လာဖို့ရာက ...
အနန္တော အနန္တ ငါးပါး ဘုရား တရား သံဃာ အမိအဖ ဆရာသမားနော်။
အဲဒါကို အာရုံပြုပြီးတော့ ကန်တော့ရမှာပေါ့။
အဲဒါပြီးတဲ့အခါ....
မေတ္တာပို့ .. မေတ္တာ မပို့ရပေဘူးလား။
အားလုံး မေတ္တာ ပို့ရမယ် နော် ... လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းပေါ့။
မေတ္တာ ပို့ပြီးကာ မိမိခန္ဓာကိုယ်ကြီးကို ဘုရားကို လှူနော်။ အဲဒါ အပိုင်း အခြား မရှိဘူးပေါ့။
မလှူရပေဘူးလား။
လှူရမယ်နော်။
အဲဒါ နှာသီးဝ တံခါးက စပြီးတော့ အဲဒါ ဝင်တာကို သိဖို့ ထွက်တာကို သိဖို့နော်။
နှာသီးဝက စပြီးတော့ အဲဒီ ဝါယောဓာတ်ဆိုတာလေး ဟာ အကြည် ဓာတ်ရှိရင် ထိပြီးတော့ ဝင်သွားမှာပေါ့။
ထွက်တဲ့အခါလည်း ထိပြီးတော့ ထွက်သွားမယ်နော်။
ထိရင် သတိမပြုရပေဘူးလား။ ထိသိ သတိပေါ့။
အဲဒါ ထိသိ သတိ ဆိုတော့ကာ...
ထိတာ သက်သက်လေးက... သူတွေငါတွေလား ဝါယောဓာတ်လား။
သိတာက ... သူငါလား ကာယဝိညာဏ်လား။
သူက နာမ်တရား ရတယ်နော်။
ဝါယောက...ရုပ်တရား မရဘူးလား။ နာမ်ရုပ် နှစ်ပါးပေါ့။
အဲသလောက် သိရင် တော်ပြီနော်။
အဲဒီ နှာသီးဝကနေပြီးတော့မှ ဝင်လိုက်တဲ့ကိစ္စ
ရင်ချိုင့် ၊ ရင်ချိုင့်က ချက်တိုင်မှာ သွားဆုံးတယ်နော်။
ချက်တိုင်က ပြန်ပြီးတော့ ထုတ်တော့ ချက်တိုင်က အစ ရင်ချိုင့်မှာ အလယ် နှာသီးဝမှာ သွားဆုံးတယ်နော်။
ဤသုံးချက် မိအောင် မလိုက်ပါနဲ့
ထိသိ သတိ အဲဒါ နှာသီးဝတင်ဘဲ တော်လောက်ပြီ
သေချာချာလေ့လာနော်။
ဟိုဘက်ကို ရောက်သွားတဲ့အခါ သမထနိမိတ်တွေ ဖြစ်ပြီးတော့.. .
စိမ်းတာတွေ ဝါတာတွေ အမျိုးမျိုးတွေ ပေါ်တတ် နတ်သမီးတွေနဲ့တွေ့ နတ်သားတွေနဲ့တွေ့ ဖြစ်တတ်တယ် အဲသလောက်ဆို တော်ပြီနော်။
မင်းတို့ ခန္ဓာ ဒီလိုကြည့်တော့ ထိသိ သတိပြုလိုက်တဲ့အခါ...သူတွေ ငါတွေလား နာမ်နဲ့ရုပ်လား။
ဖြစ်တာ သက်သက်က သူငါလား ဝါယောဓာတ်လား။
သိတာက သူငါလား ကာယဝိညာဏ်လား။
နို့မို့ ငါမပါဘူးနော်။
အသိခံ သူတွေ ငါတွေ ဟုတ်ကဲ့လား ။ နာမ်နဲ့ရုပ် ဘဲတွေ့တယ်နော်။
အဲသလောက်ရတော့ နာမ်နဲ့ရုပ် တရားနှစ်ပါးလို့ သိလိုက်တဲ့ အချိန်ကလေးဟာ သူငါက သိတာလား မဂ္ဂသစ္စာလား။
မဂ္ဂသစ္စာက သိတာနော်။ သမာဓိမဂ်လို့
အမည်နာမ ပေးထားတယ်နော်။
နာမ်ရုပ် ကိုသိတဲ့အချိန်....
ပုဂ္ဂိုလ် သတ္တ၀ါ တွေ့သေးရဲ့လား။
မြို့ရွာတိုင်းပြည်တွေ တွေ့သေးရဲ့လား။
သေချာချာ လေ့လာနော် ။
အာရုံတပါး စိတ်သွားသေးရဲ့လား။
ဥဒ္ဓစ္စ ပြန့်လွင့်တယ်လို့ ရှိသေးရဲ့လား။
အေး အဲဒါ နာမ်ရုပ်ကို ထိထိမိမိ သိရင် သမာဓိမဂ်က သိတာပေါ့။
အဲတော့ နှာသီးဝကနေပြီးတော့မှ ဖြုတ်ကြည့်လိုက်နော်။
ဖြုတ်ပြီးတော့ မိမိက ခန္ဓာကိုယ်ကြီးကို ပြန်ပြီးတော့ လေ့လာကြည့်ရမှာပေါ့။
တော်တော်ကြာ ယားတယ် ယံတယ် ကျင်တယ် ကိုက်တယ် ဒီလိုတွေ မပေါ်ဘူးလား။
သူတွေ ငါတွေ ဟုတ်ကဲ့လားဟေ့။
သေချာချာလေ့လာနော် ။
ကျင်တယ်လို့ မပြောရပေဘူးလား။
ညောင်းတယ် လို့ မပြောရပေဘူးလား။
အောင့်တယ်လို့ မပြောရပေဘူးလား။
တခါတခါ မူးတယ် ဝေတယ်လို့ မပြောရပေဘူးလား။
စင်စစ်တော့ အောင့်တာလား ဖောက်ပြန်တာလား။
မူးတာလား ဖောက်ပြန်တာလား။
ယားတာလား ဖောက်ပြန်တာလား။
ကျင်တာလား ဖောက်ပြန်တာလား။
(...... တိပ်ခွေ အသံကား ဤတွင် ရပ်သွားလေသည်။......)
ကျေးဇူးတော်ရှင် မုံလယ်တောရ ဆရာတော်ကြီး
ရှေးတိပ်တရားတော် နံနက်၎နာရီ သီလပေးနှင့် အလုပ်ပေး နာရီဝက်တရားမှ စာစီပူဇော်ပါသည်။
တပည့် မုံလယ်ဇ
No comments:
Post a Comment