Wednesday, July 8, 2015

“မြင်တာကို သညာဖုံးတယ်။ သညာကို သင်္ကာရှင်းမှ သင်္ကာကင်းမယ်။”


===============================================

အခု တရားနာ ပရိသတ်တွေ အဝိဇ္ဇာမျက်လုံးနဲ့ တပ်ကြည့်တဲ့ အခါကျတော့ လူတွေ မမြင်ရပေဘူးလား ။ အမျိုးသမီးတွေ မြင်တယ်။ အမျိုးသားတွေ မြင်တယ်။ အဖေမိဘမွေးတဲ့ မျက်စိနဲ့ ကြည့်ရင် လူတွေ မြင်တာပေါ့။ ပုဂ္ဂိုလ် သတ္တဝါတွေ မြင်တယ်။

ဘုရားပေးတဲ့ ဝိဇ္ဇာ တည်းဟူသော မျက်မှန်ကို တပ်ပြီးတော့ အကြည့် ခိုင်းတော့တာနော်။ အဲဒီလို ကြည့်တဲ့အခါကျတော့ လူကိုမြင်တာလား အဆင်းကို မြင်တာလား ။ အဆင်းကိုသာ လူဆိုရင် မြင်သမျှ အရာဝတ္ထု အသီးသီးတွေဟာ လူလို့ ခေါ်ရတော့မှာနော်။ ဒီလိုကား ဖြစ်ပါ့မလား ။ မဖြစ်ဘူး။

ဒါကြောင့် “မြင်တာကို သညာဖုံးတယ်။ သညာကို သင်္ကာရှင်းမှ သင်္ကာကင်းမယ်။” မြင်တာက အဆင်းဓာတ်ကို မြင်တာ။ သညာက ပုဂ္ဂိုလ် သတ္တဝါ။ သညာက ယောက်ျား မိန်းမ။ စဉ်းစားဖို့ မကောင်းလား။

ဒါကြောင့် ရှေးအထက်ကျော်က လယ်တီဆရာတော်ဘုရားကြီးက “ပရမတ်ကို နေ့စဉ်မြင်လျက် မတွေ့ကြ”တဲ့ ကြားလား။ အဆင်းက ပရမတ် မဟုတ်ဘူးလား။ အဆင်း ပရမတ်။ အသံ ပရမတ်။ အနံ့ ပရမတ်။ ချို ချဉ် စပ် ငန် ဖန် ခါး ရသာ ခြောက်ပါးက ပရမတ်။ ပထဝီဖောဋ္ဌဗ္ဗ၊ တေဇောဖောဋ္ဌဗ္ဗ၊ ဝါယောဖောဋ္ဌဗ္ဗက ပရမတ်ဗျ။ ဘယ်လိုပဲ သမုတ် သမုတ်။ သမုတ်ချင်တိုင်း သမုတ် လူလို့ပဲ သမုတ် သမုတ် နတ်လို့ပဲ သမုတ် သမုတ် ။ သမုတ်တိုင်း လူဖြစ်ကဲ့လား ။ နတ်ဖြစ်ကဲ့လား ။  မပြောင်းလဲဘူးနော်။

အဲဒါ အဆင်းက အဆင်းပေါ့။ ဒါမို့ နေ့စဉ်မြင်လျက် မတွေ့ကြ။ နေ့စဉ်တွေ့လျက် မသိကြတဲ့ ကြားလား။ ဒါကြောင့် ပရမတ်ကို ပညတ်ဖုံးနေတာ။ အဲဒီပညတ်ကို ဖုံးတဲ့ အဖုံးကို လှန်မှ အထဲမှာ ဘာတွေရှိတယ်လို့ သိမှာပေါ့။
ကဲ လှန်ကြည့်ကြစို့။

ဝိဇ္ဇာဆိုတဲ့ မျက်မှန်ကို တပ်ကြည့်တော့အခါ လူကိုမြင်တာလား အဆင်းကိုမြင်တာလား။ မိန်းမ ယောက်ျားကို မြင်တာလား အဆင်းကိုမြင်တာလား ။ ကဲ အဆင်းကိုမြင်ပြီနော်။ အဆင်းက ပရမတ် လူက ပညတ်။ အဆင်းက ပရမတ် နတ်က ပညတ်။ အဆင်းက ပရမတ် ဗြဟ္မာက ပညတ်။ အဆင်းက ပရမတ် ၊ ပုဂ္ဂိုလ် သတ္တဝါက ပညတ် ကြားလား။ ကဲ ပိုင်းခြားဖို့မလိုဘူးလား ။

ကဲ လူထင်လို့  ဘုရားပေးတဲ့ ဉာဏ်လက်နဲ့ ပုတ်ကြည့် တီးကြည့် ။ လူတွေ့တာလား အသံလား ။ ဒါ နားနဲ့ ဆိုင်တယ်နော်။ ကဲ အသံက ပရမတ်ပေါ့။ မင်းသမီးက ပညတ် အသံက ပရမတ်။ မင်းသားက ပညတ် အသံက ပရမတ်။ စဉ်းစားဖို့ မကောင်းလား ။ ကဲ အဲလို စိစစ်ဖို့မကောင်းလား ။ လေ့လာ။

ကဲ သမီးလေးထင်လို့ နမ်းကြည့်။ သားလေးထင်လို့ နမ်းကြည့်။ သမီးတွေ့မလား အနံ့တွေ့မလား သားတွေ့မလား အနံ့တွေ့မလား။ အနံ့ပဲတွေ့တယ်နော်။ အဲလို စိစစ်ဖို့မကောင်းလား ။အနံ့က ပရမတ် သမီးက ပညတ်။ အနံ့က ပရမတ် သားက ပညတ်။ အနံ့က ပရမတ် လူက ပညတ်။ ပညတ်ဆိုတာ သမုတ်တာ ခေါ်တာ ရှိတာ မဟုတ်ဘူးကြားလား။ သမုတ်ရုံ ခေါ်ရုံ။ စိစစ်ဖို့ မကောင်းလား ။

ကဲ တစ်ခါ ပြန်ပြီးတော့မှ လူထင်လို့ လျှာလေးနဲ့ လျက်ကြည့်။ လူတွေ့မလား ငန်ပျပျ တွေ့မလား ။ ရသာဓာတ် ငန်ပျပျ တွေ့တာပေါ့။ လူလား ရသာဓာတ်လား ။ ကဲ  ငန်ပျပျ ရသာဓာတ်က ပရမတ် ။ လူက ပညတ်။ နတ် က ပညတ်။ စဉ်းစားဖို့ မကောင်းလား ။

ခြေအစ ခေါင်းဆုံး တကိုယ်လုံး။ ဆံဖျားက ခြေဖျား ခြေဖျားက ဆံဖျား အနုလုံ ပဋိလုံ လူထင်လို့ ကိုင်စမ်းကြည့်။ ပူနွေးနွေးမတွေ့လား ။ လူလား တေဇောဓာတ်လား ။ တနည်းအားဖြင့် အေးတာ မတွေ့လား ။ လူလား တေဇောဓာတ်လား ။ အေးတာ သီတတေဇော။ ပူတာ ဥဏှတေဇောပေါ့။ အဲဒါ သိဖို့ လိုတယ်နော်။ စဉ်းစား။ လူတွေ စိတ်ထဲမှာ မိမိက သံသယတွေ ဘယ်လို ဖြစ်သလဲ။ စဉ်းစားကြ။

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ ။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ လောကချမ်းသာဘုရားကြီး၌
၁၃၆၇ ခုကဆုန်လပြည့်ကျော် ၈ရက် တနင်္လာနေ့ (၃၀.၅.၂၀၀၅) ည(၇)နာရီ အချိန်တွင် ကျင်းပပြုလုပ်အပ်သော ဝိပဿနာ (၅) ရက်တရားစခန်း၏ စခန်းသိမ်းပွဲ၌ ဟောကြားဆုံးမတော်မူအပ်သော ခန္ဓာဉာဏ် ရောက် ဒိဋ္ဌိဖြုတ် တရားတော်မှ စာစီပူဇော်ပါသည်။
မုံလယ်ဇ

No comments:

Post a Comment