ရှေးထက်ကျော် ကာရီက အကြင်လင်မယား နှစ်ယောက် ..
တစ်ယောက်က မြောက်ကျွန်းဘက်က၊ တစ်ယောက်က တောင်ကျွန်းဘက်က ဆိုကြစို့။ ဟိုဘက်အစွန်း ဒီဘက်အစွန်း။ ခရီးသွားတဲ့အခါ မြို့ရွာ တစ်နေရာမှာ သွားပြီးတော့မှ တစ်ခါမှ မမြင်ဘူးဘဲနဲ့ တွေ့ဆုံတဲ့ အချိန်မှာ မြင်မြင်ချင်း ကြိုက်ကျလို့ လင်မယား ဖြစ်သွားကြတယ်။ လင်မယား ဖြစ်သွားတယ်။ လင်မယားဖြစ်တော့ ချစ်တုန်းခင်တုန်း တပြုံးပြုံး။
ခုနှစ်ရက်က ကျော်လွန်တဲ့အခါ ကျတော့ လင်ဖြစ်တဲ့သူက ကျွဲရိုက် နွားရိုက် ရိုက်တော့တာ ကျွဲရိုက် နွားရိုက် ဆိုတော့ လူထက်ပိုတာပေါ့။ အဲဒီလောက် ရိုက်တာ ထွက်ပြေးမယ်လို့ စိတ်ကူးမထည့်။ ကွာမယ်လို့ စိတ်ကူးမထည့်။ ငရဲကိုအပ ဝဋ်ကိုအမြဲတဲ့ နော်။ ဝဋ်လင် ဝဋ်မယားတွေဟေ့။ ကြောက်စရာ မကောင်းဘူးလား။ ဘယ်လောက်ပဲ ရိုက်ရိုက် ကွာဖို့ စိတ်ကူးမထည့်။ ပြေးမယ်လို့ စိတ်ကူး မထည့်ဘူး။ တုံးပေ ကပ်ပေ ခံနေတာပေါ့။ အဲဒါ စဉ်းစားဖို့ မကောင်းလား။
အဲတော့ တစ်နေ့သ၌ ကျတော့ မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီးက နက်ဖြန်ခါ ဘယ်သူ့ ချွတ်ရမှာလဲ လို့ အဲဒီလင်မယားကို မြင်တယ် ကြားလား။ ဆွမ်းခံကြွမှ တော်တော့မယ်။ ဆွမ်းခံကြွသွားတယ်။ လင်ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်က တောင်သူယောက်ျား တောင်သူ တောင်သူအလုပ် အလွန် အလုပ်ကောင်းတဲ့ ပုဂ္ဂိုလ်။ အိမ့်ရှင်မကလည်း အိမ်တာဝန် ကျေတယ်။ ဘယ်လောက်ပဲ ကျေကျေ အရိုက်ခံရတယ်။ အဲ ဆွမ်းခံ ကြွသွားတော့ခါ ရပ်ပါ ဦးဘုရား ရပ်ပါ ဦးဘုရား အိမ့်ရှင်မက။ အဲဒါနဲ့ အရပ်ခိုင်းလို့။ စားလောက်အောင် လှူလိုက် လောင်းလိုက်တာပေါ့။
တပည့်တော် လျှောက်စရာလေး ရှိတယ်ဘုရာ့ အေးဟဲ့။ လျှောက်ပေါ့။ တပည့်တော်ယောက်ျားလည်း တောင်သူယောက်ျား အလုပ်ကောင်းတယ်။ တပည့်တော်လည်း အိမ် တာဝန်ကျေတယ်။ အဲဒါ နေ့စဉ်နဲ့တကွ အရိုက်ခံရတယ် ဘုရား။ ရှေ့ကို အရိုက်ခံစရာ ဘယ်လောက်ကျန်သေးသလဲလို့ မလျှောက်ရဘူးလား။ အကြိမ်တစ်ရာ ကျန်သေးတယ်တဲ့။ အကြိမ်တစ်ရာ။ အကြိမ်တစ်ရာ။ တစ်ချက်တည်းနဲ့ သေသွားဦး ကိုးဆယ်နဲ့ကိုးကြိမ် ကျန်သေးတယ်။ သေတာနဲ့ မကျေသေးဘူး။ ကိုးဆယ်နဲ့ကိုးကြိမ်ဆပ်ရဦးမယ်။ ငရဲကိုအပ ဝဋ်ကိုအမြဲတဲ့။ ကြောက်လှပါတကား ဘုရား။ ဘယ်လို အကြောင်းတရားတွေလဲဘုရား။ ဘယ်လို အကျိုးတရားတွေလဲဘုရား။
အေး ငါးဘဝခြားတုန်းက ဒကာမကြီးက တောင်သူယောက်ျား ဟုတ်တယ်။ ဒကာမကြီးရဲ့ လင်က ကျွဲကြီး ဟုတ်တယ်တဲ့။ ဟိုးတုန်းက ကျွဲကြီး ကျွဲကြီး။ အဲဒီ ကျွဲကို ခိုင်းတာ။ မနိုင့်တနိုင် ခိုင်း မရုန်းနိုင် ဖိဖိရိုက် ကြားရဲ့လား။ အဲဒီလိုနဲ့ ကြိမ်ဖန်များစွာခိုင်းတော့ တစ်နေ့သ၌ တုန်းကြီးဆွဲ။ မရုန်းနိုင်တော့ ဖိဖိရိုက် ကမ်းပါးက ချော်ပြီးတော့ ကျလို့ သေတော့တာ။ ကျွဲကြီးက အဲဒီ ကျွဲကြီးက သေတော့ ငါးဘဝလောက်ထိ လူဝင်စားတော့တာ။ ကျွဲကြီးက လူယောက်ျား ယောက်ျားကြီး ဖြစ်တာ။ သူ့ကို ရိုက်တဲ့ ယောက်ျား ဟာက လူတော့ ဖြစ်တယ် မိန်းမ သွားဖြစ်တာ။ မိန်းမ မိန်းမ ယောက်ျားက မိန်းမ သွားဖြစ်တာ။ အဲဒါအရွယ် ရောက်တဲ့အခါ တစ်ခါမှ မမြင်ဘူးဘဲနဲ့ မြင်မြင်ချင်း ကြိုက်တော့တာဟ။ ဝဋ်ကိုအမြဲတဲ့ ကြားလား။ ကြွေးဆပ်ရမှာကိုး။
လိမ်မယ်လို့ စိတ်ကူး မထည့်နဲ့။ လိမ်လို့သာ လွတ်ရင်တော့ ငရဲ ပျောက်ပြီးပြီ။ အပါယ်လေးဘုံ ပျောက်ပြီးပြီ။ တိရစ္ဆာန်တွေ ရှိတော့ မှာမဟုတ်ဘူး။ လိမ်လို့ မလွတ်လို့ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ အပါယ်လေးဘုံ လို့ မဟောဘူးလား။ မလွတ်ဘူးဗျ။ ငရဲအပ ဝဋ်ကိုအမြဲတဲ့ ခံရမယ်။ အဲလို ယုံကြည်ဖို့မကောင်းလား။ အေး အဲဒါ နဲ့ အကျိုးအပြစ်တွေ မေးတာပေါ့။ အဲတော့ကာ ငါးဘဝ ခြားတော့ ဒကာမကြီးရဲ့ယောက်ျားက အင်း ဟိုတုန်းက ကျွဲကြီးဟုတ်တယ်တဲ့။ ဒကာမကြီးက ဒီတုန်းက တောင်သူယောက်ျားကြီး ဟုတ်တယ်တဲ့။ အဲဒီ ကျွဲကြီးကို မနိုင့်တနိုင် ခိုင်းတော့ ရိုက်လွန်းတော့ ကမ်းပါးက ချော်ပြီးတော့ သေသွားတာတဲ့။
အခုဘဝကျတော့ ဒကာမကြီးက လူတော့ဟုတ်တယ် ဟိုတုန်းက ယောက်ျား ခုတော့ မိန်းမ ဖြစ်နေတာ။ ဒကာမကြီးရဲ့ ခိုင်းတဲ့ ကျွဲကြီးက ယောက်ျား၊ ဒကာမကြီးရဲ့ ယောက်ျား လင် ဖြစ်ရတာတဲ့။ ကဲ စဉ်းစားဖို့ မကောင်းလား။ ငရဲကိုအပ ဝဋ်ကိုအမြဲတဲ့။ အဲတာ ကယ်တော်မူပါဘုရား။ ကြောက်လှပါပြီဘုရာ့။ ကယ်တော်မူပါဘုရာ့။ အဲဒါ အရိုက်ခံဖို့ရာ အကြိမ် တစ်ရာ ကျန်သေးတယ် တဲ့နော်။ အဲတော့ အကြိမ်တစ်ရာ ကျန်သေးတယ်ဆိုတော့ ဒကာမကြီးမှာ အိမ်တုပ်တဲ့ နှီးများ မရှိဘူးလား။ အိမ်တုပ်တဲ့ နှီးရှိတယ်။ အချောင်းတစ်ရာ စည်းထား အချောင်း တစ်ရာ။ အကြိမ်တစ်ရာကိုး။ အချောင်းတစ်ရာ စည်းထား။ စည်းလို့ အနားမှာ လွယ်လွယ်ထား။ အနားမှာ တုတ်တွေ၊ ဓားတွေကို အဝေးကိုပို့ထား။ နှီးက လွယ်လွယ်ထား။ အဲဒါ လွယ်လွယ်ထားတော့ ဗိုင်းငင်ပြီးတော့မှ နေတာ။
မင်းသား ညနေ တော ပြန်လာခဲ့တော့ အိမ်ကို ရောက် ခြေဆေး။ ခြေဆေးပြီးတော့ အိမ်ပေါ်တက် တက်ပြီး လွယ်အိတ်ကို ချပြီးတော့မှ နှီးစည်းကိုင် အတင်း ဝင်ရိုက်တော့တာဗျာ့။ ခဏတော့ နားပါဦးတော့ကွာ။ သည်သူကလည်း တယ် အလျင်လိုလိုက်တဲ့သူ။ အလျင်လိုလိုက်တဲ့သူဟ။ ကြားရဲ့လား။ ခဏပါ့ နားဦးတော့။ အတင်း ဝင်ရိုက်တာ။ မယားကလည်း ဘုရားဟောတာ ယုံကြည်တော့တာကိုး။ သေအောင်ရိုက် သေအောင်ရိုက်။ ခေါင်းလျှိုးခံတော့တာ။ တစ်ခါမှ ပြန်မပြောရဲတာ ဒီနေ့တော့ ပြောတော့တာ။ ကြားလား။ အဲတော့ ဟိုက ရိုက်တဲ့သူက ရိုက်ပြီးရင် မှားပါပြီတဲ့ သည်းခံပါတဲ့။ ကျေသွားတော့တာကိုးကွဲ့။ ကြွေးက။ ကြွေးက ကျေတော့တာ ရိုက်ချင်တဲ့စိတ်တွေ မရှိတော့ဘူး ကြားလား။ မှားပါပြီတဲ့ဗျ။
အဲဒီနေ့က စပြီးတော့ လင်မယား ပြုံးပြုံး ပြုံးပြုံး နဲ့နေတော့တာဟေ့။ ဟိုကြွေးရှိတုန်းကတော့ တရိုက်ထဲ အရိုက်ခံနေရတာနော်။ ဒါကြောင့် ငရဲကိုအပ ဝဋ်ကိုအမြဲတဲ့။ ကြောက်စရာ မကောင်းဘူးလား။ အေး အင်မတန် ကြောက်စရာကောင်းတယ် ကွဲ့။ လေ့လာကြ ဝဋ်က အင်မတန် ကြောက်စရာကောင်းတယ်။ အဲတော့ကာ ယုံကြည်ဖို့ မကောင်းလားဟေ့။ ယုံကြည်ဖို့ ကောင်းတယ် စဉ်းစားကြ။ ဘယ်လိုမှ ပြုလို့ ပြေးလို့ မလွတ်ဘူး။ ငရဲကိုအပ ဝဋ်ကိုအမြဲတဲ့။ ကံကို ယုံကြည်ရမယ်။ ဉာဏ်အားကိုးရမယ်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မုံလယ်တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသံဝရ
အမေရိကန်နိုင်ငံတွင် ၁၃၆၇-ခု၊ကဆုန်လဆန်း ၁၃-ရက်၊သောကြာနေ့
၂ဝ.၅.၂ဝဝ၅၊နံနက် (၈) နာရီ အချိန်တွင် ဟောကြားတော်မူသော
ခန္ဓာဉာဏ်ရောက် ဒိဋ္ဌိဖြုတ် တရားတော် မှစာစီပူဇော်ပါသည်။
မုံလယ်ဇ
Wednesday, July 8, 2015
ဝဋ်လင် ဝဋ်မယား။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment