Friday, July 10, 2015

ဒီတခါသာ ခန္ဓာဘက်ကို ဥာဏ်မလှည့် ဘူးဆိုရင်..............


@@@@@@@@@@@@@@@@@

မိုးကုတ်ဆရာတော်ဘုရားကြီးက
တရားသိဖို့ နံပါတ်-၁ ၊စားဝတ်နေရေး ရှာဖို့ နံပါတ်-၂။-မဟောဘူးလား။တရားသိဖို့. အရေးကြီးတာဟေ့။
စားဝတ်နေရေး နဲ့ အချိန်ကုန်ပြီးတော့ ငရဲမှာ ကြာခဲ့တာ မထင်ရှားလား။
ဒီတခါသာ ခန္ဓာဘက်ကို ဥာဏ်မလှည့် ဘူးဆိုရင် ပြန်ဦးတော့ ဟေ့။ အပါယ်ကိုလေ။ငရဲကိုလေ။
ကြောက်စရာမကောင်းလား ကွဲ့။စဉ်းစားနော်။ အဲဒါ ယုံကြည်ကြည်နဲ့ လေ့လာဖို့မကောင်းလား။

ဒါမို့ ပရိယတ်အနေနဲ့လည်း စက်ဝိုင်းအနေနဲ့ အကွက်- ထောက်ပြီးတော့ပြခဲ့တယ်နော်။ခန္ဓာဘက်လည်း ကပ်ပြီးတော့မဟောရပေဘူးလား။
လေ့လာကွဲ့-ထိထိမိမိ စဉ်းစား။
လူတိုင်းလူတိုင်း သိနိုင်တဲ့တရားကွဲ့။သမ္မုတိသစ္စာအနေနဲ့ ပြောလည်းလူတိုင်း နားလည်နိုင်တယ်။

အခုတရားနာပရိတ်သတ်တွေ လူတွေလို့ မထင်ဘူးလား။
ရှိတယ်လို့မယူဘူးလား။
ယူတယ်နော်။အဲဒါလူစွဲပေါ့။
အဲဒီအစွဲရှိသမျှတော့ကာ သက္ကာယဒိဋ္ဌိ ပြုတ်ပါမလား။
ကဲ ဝိညာဏ်မြင်သမ္မုတိသစ္စာအနေနဲ့နော်။

မိမိကနေပြီးတော့ အဲဒါ စဉ်းစားကြည့်တဲ့အခါ---အဲဒါ လူလား ဦးခေါင်းလား။ဦးခေါင်းနော်။ကဲ အဲဒီဟာပြန်ကြည့်တော့ လူလား မျက်နှာ လား။မျက်နှာ နော်။ခန္ဓာကိုယ်ရှိသမျှအကုန်လုံး ဆံဖျားက ခြေဖျား-ခြေဖျားက ဆံဖျား၊အနုလုံ ပဋိလုံ သေချာ လေ့လာစစ်ကြည့်တဲ့အခါ ---

လူတွေ့မလား-၃၂ကောဋ္ဌာသတွေ့မလား။ခြေလက်အင်္ဂါ ၃၂-ကောဋ္ဌာသတွေ့တယ်။လက်ကသာလူဆိုရင် လက်တွေဟူသရွေ့ လူလို့ခေါ်ရမှာပေါ့။ ဦးခေါင်းသာ လူ ဆိုရင် ဦးခေါင်းဟူသရွေ့ လူလို့ခေါ်ရမှာပေါ့။ ဒီလိုကား ဖြစ်ပါမလား။ စဉ်းစား။တွေ့တဲ့တရားက လူလား-၃၂ကောဋ္ဌာသ။ ခြေလက်အင်္ဂါ ၃၂-ကောဋ္ဌာသ။ ကဲ-၃၂ကောဋ္ဌာသဘဲတွေ့တယ်။ လူလား-၃၂ကောဋ္ဌာသ။ ဟော-တရားနာပရိသတ်တွေ ဘုန်းကြီးမေးမယ်နော်။ အဲဒါလူကိုမြင်တာလား-လက်ကိုမြင်တာလား။သူများကို မေးရမှာ-လား ကိုယ်တွေ့လား။ ကိုယ်တွေ့ကွဲ့။ မင်းတို့ ထင်တဲ့လူဟာ ရှာချင်သလိုရှာ ဘယ်နေရာမှ မရှိဘူး။ တွေ့တဲ့တရား ၃၂-ကောဋ္ဌာသဘဲ။ သူများကို မေးရမှာ-လား ကိုယ်တွေ့လား ။ကိုယ်တွေ့နော်။

ကဲ တခါ ပညာမြင်ပရမတ္ထသစ္စာဘက်က ပြန်စိစစ်ဖို့မကောင်းလား။

+ဦးခေါင်းထင်လို့ကိုင်စမ်းကြည့်။ဦးခေါင်းတွေ့မလား-မာတာတွေ့မလား။စဉ်းစားနော်။
-+ပါးထင်လို့ကိုင်စမ်းကြည့် -ပါးတွေ့မလား ပျော့တာတွေ့မလား။
+နားထင်လို့ကိုင်စမ်းကြည့် နားတွေ့မလား ပျော့တာတွေ့မလား ။
+နှာခေါင်းထင်လို့ ကိုင်စမ်းကြည့် နှာခေါင်းတွေ့မလား ပျော့တာတွေ့မလား။
+သွားထင်လို့ကိုင်စမ်းကြည့် -သွားတွေ့မလား မာတာတွေ့မလား။
+လက်ထင်လို့ကိုင်စမ်းကြည့် -လက်တွေ့မလား မာတာတွေ့မလား။
+ခြေထင်လို့ကိုင်စမ်းကြည့် -ခြေတွေ့မလား မာတာတွေ့မလား။
+ကိုယ်ကောင်ကြီးထင်လို့ကိုင်စမ်းကြည့် -ကိုယ်ကောင်ကြီးတွေ့မလား မာတာ ပျော့တာတွေ့မလား။
အဲလို ဘုရားပေးတဲ့ဓါတ်လေးပါး-ဓါတ်၈-ပါးနဲ့ သေချာဃနနေရာကျအောင် ဥာဏ်လက်နဲ့ ထောက်စမ်းကြည့်တဲ့အခါကျတော့ မာတာပျော့တာ ပေါ့။ဥာဏ်လက်နဲ့ ထောက်စမ်းကြည့်တဲ့အခါ မာတာဘဲတွေ့တယ်နော်။ ပျော့တာဘဲတွေ့တယ်နော်။

ကဲ ၃၂-ကောဋ္ဌာသလား ပထဝီဓါတ်။ ဟော-ဝိညာဏ်မြင်နဲ့တော့ ခြေလက်အင်္ဂါ ၃၂-ကောဋ္ဌာသပေါ့။ ပညာမြင်ပရမတ္ထသစ္စာ ကကြည့်တော့ ပထဝီဓါတ်ဘဲတွေ့တယ်။ မြတ်စွာဘုရားသားတော်ရာဟုလာ ပထဝီဓါတ်တလုံးနဲ့ အာသဝေါကုန်-ရဟန္တာဖြစ်တယ်ဆိုတာ ကြားဖူးတယ် မလား။ ကဲ ပထဝီဓါတ်တွေ့နေပြီကွဲ့။ ပထဝီဓါတ်သာတွေ့ရင် ခြေလက်အင်္ဂါ ၃၂-ကောဋ္ဌာသတွေ့သေးရဲ့လား။ ခြေလက်အင်္ဂါ၃၂-ကောဌာသမတွေ့ လူကားတွေ့သေးရဲ့လား။
ဘာဖြစ်လို့ မတွေ့တာလဲ။
ခြေလက်အင်္ဂါ ၃၂-ကောဌာသလည်းမတွေ့ -လူနတ်ဗြဟ္မာလည်းမတွေ့၊ တွေ့တာပထဝီပေါ့။

ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ

(ပဲခူးဆယ်မိုင်ကုန်း- မုံလယ်တောရ ဓမ္မရိပ်သာ အမှတ်-၁ တိုက်ခွဲ ၊
၁၃၆၃-ခု ၊သီတင်းကျွတ်လဆန်း ၁၄-ရက်
(၃၁-၁၀-၂၀၀၁)ဗုဒ္ဓဟူးနေ့ နေ့၂-နာရီအချိန် ဟောကြားတော်မူသော တရားတော်မှ စာစီပူဇော်ပါသည်။)
အရှင်တေဇနိယ-မုံလယ်ဇ

No comments:

Post a Comment